Thursday, June 21, 2012

စာဖတ်တတ်ပါစေ

မည်သူမဆို
ယနေ့ ညအိပ်ယာဝင်ချိန်သည်
ယနေ့မနက် အိပ်ယာထချိန်ထက်
နည်းနည်းဖြစ်စေ
အသိဥာဏ်ပညာ ပိုရှိနေရမည်။
သို့မဟုတ်ပါက
လူသားတစ်ဦးအနေနှင့်
အကြီးမားဆုံးပြစ်မှုကို ကျူးလွန်ရာရောက်သည် ဟု
လီယိုဗတ်စကာဂလီယာ က ပြောခဲ့ဖူးသည်။
မှန်သည်။
လူသည် မနက်ထက် ညမှာ ပညာပိုရှိရမည်။
မနေ့ကထက် သည်ကနေ့ ပညာပိုရှိရမည်။
အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက်အလေးချိန် ပိုစီးလာရမည်။
ဒီအတွက် မည်သို့လုပ်မည်နည်း ................. ?????
တစ်နည်းသာရှိသည်
" စာဖတ်ပါ " ။
စာဖတ်ပါ။ နေ့စဉ်ဖတ်ပါ။ စာကောင်း ပေကောင်းများကို
ရွေးဖတ်ပါ။ ကိုယ့်အလုပ်အတွက်၊ ကိုယ့်ဘ၀အတွက် အသုံးဝင်မည့် အရာကို ဦးစားပေး ရွေးဖတ်ပါ။ ည အိပ်ယာဝင်ခါနီးတိုင်း သည်နေ့ ငါ့မှာ ဘာအသိဥာဏ်ပညာတွေ တိုးလာလဲ ကိုယ့်ကိုယ်ကို စစ်ဆေးမေးမြန်းပါ။
စာဖတ်ပါ။ ဘယ်လို စာပေမျိုးကိုမဆို ဖတ်ပါ။ ဖြစ်နိုင်ပါက အသိဥာဏ်ကြွယ်ဝစေမည့် နာမည်ကျော် ပုဂ္ဂိုလ်တွေရဲ့ အတွေးအခေါ်တွေ၊ မှတ်သားလောက်စရာ စကားတွေ၊ ဒဿနတွေ၊ ပုဂ္ဂိုလ် ကျော် ကြီးတွေရဲ့ အတ္ထုပ္ပတိတွေ၊ သမိုင်းတွေကို ရွေးဖတ်ပါ။ ပေါ့ပေါ့ပါးပါး စာပေများကိုလည်း မဖတ်ရဘူးမဟုတ်။ ဖတ်ပါ ။ ဘာစာမှသာ မဖတ်ဘဲတော့ မနေပါနဲ့။ ပေါ့ပေါ့ပါးပါး စာပေများဖတ်ခြင်းသည် လုံးဝ စာမဖတ်သည်နှင့်စာလျှင် အများကြီးပိုကောင်းပါသည်။
၁။ စာဖတ်ခြင်းသည် နှစ်သက်မှုကို ပေး၏၊ ဂုဏ်သရေ တင့်စေ၏၊ စွမ်းရည်လည်း ထက်မြက်စေ၏။
နှစ်သက်မှုကို စာ၌တစ်ကိုတည်း ငြိမ်းအေး မွေ့လျှော်ခြင်းဖြင့် ရနိုင်၏။ စကားလိမ္မာ ပြောဆိုရာ၌ စာသည် ဂုဏ်သရေတင့်သော အဆင်တန်ဆာ ဖြစ်လာ၏။ စာကပေးသော စွမ်းရည်ကား လုပ်ငန်း ဆောင်တာတို့ ဆုံးဖြတ်သည့်အခါ အရေးပါလာ၏။ အကြောင်းမူ တစ်ခုခြင်းသော အကြောင်းအရပ်တို့ကို ဆောင်ရွက်ရာ၌ ဆိုင်ရာဆိုင်ရာ ကျွမ်းကျင်သူတို့ သိနားလည်တတ်၊ ခန့်ခွဲတတ်ကြသည် မှန်သော်လည်း အထွေထွေ နှီးနှောတိုင်ပင်မှု၊ အရေးကြီး ကိစ္စကြီးငယ်တို့အတွက် စီမံကြံဆမှု ပြုရမည့်အခါတို့တွင် စာပေနှံ့စပ်သူတို့ ထံမှသာ အကောင်းဆုံး အကြံဥာဏ်များ ထွက်လာ တတ်သောကြောင့်တည်း။
၂။ သို့သော် စာဖတ်ခြင်း၌ အချိန်များစွာ သုံးစွဲခြင်းသည် ပျင်းရိမှုသာဖြစ်သည်။ စာကို အဆင် တန်ဆာအဖြစ် သုံးစွဲလွန်းခြင်း သည်လည်း ၀င့်ဝါမှုတစ်ခုဖြစ်၍ အရာရာကို စာပါ အဆိုအမိန့်တို့နှင့် တိုင်းတာ ဆုံးဖြတ်ခြင်းမှာ စာသမားတို့၏ ရယ်ရွှင်ဖွယ် အချက်တစ်ရပ်ဟု ဆိုရပေမည်။
စာအုပ်စာပေသည် လူ၏ မူလ အသိဥာဏ်ကို ပြည့်ဝအောင် ဖြည့်တင်းပေးသည်။ သို့သော် စာပါ အဆိုအမိန့်ဟူသည် အတွေ့အကြုံအားဖြင့်သာ အနှစ်သာရ ပြည့်ဝလာရသည်။ အကြောင်းမူ လူ၌ ပင်ကိုသဘာဝ စွမ်းရည်များသည် အလေ့ကျပေါက်ပင်များနှင့် တူပေရာ ၎င်းကို စာတွေ့အသိဖြင့် တိညှိပေးရန် လိုအပ်တတ်သည်။ အလားတူ စာအုပ် စာပေများ သည်လည်း လမ်းညွန်ချက်တွေ အလွန်အကျွံ ပေးလှသည်ဖြစ်ရာ အတွေ့အကြုံဖြင့် ညှိနှိုင်း ထိန်းကွပ်မှု ပြုရန်လိုအပ်ပြန်၏။
လူတတ်လူနပ်တို့က ပညာရှာမှု လေ့လာဆည်းပူးမှု ဟူသည်ကို မထေမဲ့မြင်ပြုကြ၏ အသိအမြင် ရိုးသူတို့ကမူ စာပေပညာကို လေ့လာအံ့ချီးကြ၏ ပညာရှိသူတို့ကသာ ယင်းအား အသုံးချတတ်ပေသည်။ အကြောင်းမူ စာအုပ်စာပေတို့ အနေနှင့် ယင်းတို့အား မည်သို့ အသုံးချနိုင်ကြောင်း သင်ပြခြင်း မရှိသောကြောင့် ဖြစ်၏။ ထိုအသိဥာဏ်ကား ယင်းတို့၏ အပြင်ဘက် ယင်းတို့အထက်မှာရှိပြီး ရှုမှတ်ဆင်ခြင်မှုဖြင့်သာ ရရှိနိုင်သည့် အရာဖြစ်ပေသည်။
၃။ စာဖတ်သည် ဆိုရာ၌ ငြင်းခုံဝေဖန်ရန်၊ တစ်ဖက်လူ မှားကြောင်း သက်သေသက္ကာယ ပြရန် သက်သက် အတွက် မဖတ်နှင့်။ ပြောသမျှယုံကြည်ရန်၊ သူဆိုတိုင်း လက်ခံရန်ဖတ်ခြင်းမျိုးလည်း မဖြစ်စေနှင့်။ အလားတူ ပြောစရာဆိုစရာ ရရုံအတွက်မျှလည်း မဖတ်နှင့်။ အကျိုးအကြောင်း စဉ်းစားဆင်ခြင်ရန် ညှိနှိုင်းချင့်ချိန်ရန် အတွက်သာ ဖတ်ခြင်းဖြစ်ပါစေ။
အချို့စာအုပ်များသည် မြည်းစမ်းရန် အတွက်သာဖြစ်သည်။ အချို့သည် မြိုချရန်ဖြစ်ပြီး၊ အနည်းငယ် မျှသည်သာ ညက်ညက်ဝါးကာ အစာကြေအောင် ချေရန်ဖြစ်သည်။ ဆိုလိုသည်ကား အချို့စာအုပ်များသည် တစ်စိတ်တစ်ပိုင်း မျှသာဖတ်ရန်ဖြစ်သည်။ အချို့ကိုမူ ဖတ်တော့ဖတ်မည်၊ သို့သော် အသေးစိတ် လိုက်ရန်မဟုတ်၊ အချို့စာအုပ် အနည်းငယ်မျှကိုသာ အလုံးစုံ ကုန်စင်အောင် အာရုံစူးစိုက်မှု အပြည့်ဖြင့် ကြိုးစား အားထုတ် ဖတ်ရှုရမည်ဖြစ်သည်။
တစ်ဖန် အချို့စာအုပ်များကို တစ်ဆင့်ခံအားဖြင့်ဖတ်နိုင်၏။ သူတစ်ပါး ကောက်နုတ်ချက် ထုတ်ထားသည်များကို ဖတ်ခြင်းမျိုးဖြစ်၏။ သို့သော် ဤသည်က အရေးမကြီးလှသော အကြောင်းအရပ်မျိုး၊ အထူးဂရုပြုဖွယ် မလိုသည့် စာအုပ် စာတမ်းမျိုး အတွက်သာသင့်၏။ အကြောင်းမူ အနှစ်ချုပ် ထုတ်ထားသော စာအုပ်ဟူသည် ပေါင်းခံရေများကဲ့သို့ ပေါ့ရွှတ်ရွှတ် ဖြစ်နေတတ်သောကြောင့်တည်း။
စာဖတ်ခြင်းသည် လူအားပြည့်ဝစေ၏၊ ဆွေးနွေး ပြောဆိုခြင်းသည် အသင့်ပြင်ဆင်ပြီးဖြစ်စေ၏၊ ရေးမှတ်ခြင်းက တိကျစေပေသည်။ ထို့ကြောင့် အကြင်သူသည် ရေးကူးမှတ်သားမှု နည်းသူဖြစ်အံ့ ထိုသူ၌ အလွန်ကြီးသော မှတ်ဥာဏ်လိုအပ်မည်။ ဆွေးနွေးဖြေဆိုမှုနည်းသူကား ဇ၀နဥာဏ်ရွှင်နေမှ တော်ပေမည်။ ထိုနည်းတူ စာဖတ်နည်းသူသည်လည်း တကယ်မသိပဲ သိချင်ယောင်ထင်ရရန်အတွက် အလွန်ပါးစသူ လျှင်သူတစ်ဦးဖြစ်ရန် လိုအပ်သည်။
၎။ စာအမျိုးမျိုးတို့အနက် သမိုင်းကျမ်းတို့သည် ဖတ်သူအား အမြင်ကျယ်စေသည်။ ကဗျာစာဆိုတို့ကမူ ကွန့်မြူးသော ဥာဏ်ဖြင့် ထူးကဲရှုမြင်တတ်စေသည်။ သင်္ချာကား လျင်မြန်သောဥာဏ်ကို ပေးသည်။ သဘာဝသိပ္ပံသည် ဗဟုသုတကို နက်ရှိုင်းကြွယ်ဝစေပြီး ဒဿနက တည်ကြည် လေးနက်စေသည်။ ယုတ္တိဗေဒနှင့် ၀စနာလင်္ကာရ(အာဝဇ္ဇန်း) ပညာများကမူ သူတပါးနှင့် ရင်ဆိုင်ယှဉ်ပြိုင် ပြောဆိုနိုင်ပေသည်။
ဖတ်သောစာတို့သည် ဖတ်သူ၏ စရိုက် လက္ခဏာများ အဖြစ်သို့ ကူးပြောင်းကြမြဲဖြစ်၏။
ဤမျှမကသေး အသိပညာကိစ္စနှင့် ပတ်သက်လျှင် သင့်တင့်လျှောက်ပတ်သော လေ့လာ ဆည်းပူးမှုများအားဖြင့် ရှင်းလင်းဖယ်ရှား၍ မရသော အနှေင့်အယှက် အဟန့်အတားဟူသည်လည်း မရှိပေ။ ခန္ဓာကိုယ်၌ဖြစ်သော ရောဂါတို့ကို သင့်တင့်လျှောက်ပတ်သော လေ့ကျင့်ခန်းများအားဖြင့် ကုစားနိုင်သကဲ့သို့တည်း။ ပမာဆိုသော် တစ်သားလုံးလှိမ့် ကစားနည်းသည် ကျောက်ကပ်နှင့် ကျောက်တည်ခြင်းတို့အတွက် ကောင်း၏။ လေးပစ်ခြင်းသည် အဆုတ်နှင့် ရင်ဘက်တို့အတွက် ကောင်း၏။ လမ်းဖြည်းဖြည်း လျှောက်ခြင်းသည် အစာအိမ်အတွက် ကောင်း၏ စသဖြင့်။
ထိုနည်းတူစွာ၊ အကယ်၍ တစ်စုံတစ်ယောက်သည် အကြောင်းအရာ တစ်ခုတွင် စူးစိုက်မရ အာရုံပျံ့လွင့်တက်သည် ဖြစ်ငြားအံ့၊ သူ့အား သင်္ချာကို လေ့လာစေခြင်းဖြင့် ကုစားနိုင်ပါ၏ အကြောင်းမူ စိတ်အနည်းငယ် ပျံ့လွင့်သွားသည်နှင့်တစ်ပြိုင်နက် အစမှ ပြန်ကောက်ရမည် ဖြစ်သောကြောင့်တည်း။ အကယ်၍ သူသည် ဤအရာနှင့် ထိုအရာ မခွဲခြားတတ် ၊ ကွဲပြားပုံကို မမြင်တတ်သည် ဖြစ်ငြားအံ့။ သူ့အား အလည်ခေတ် ဥရောပဒဿန ဆရာတို့၏ ကျမ်းများကို လေ့လာဖတ်ရှုစေရာ၏။ အဆိုပါဆရာများသည် "စမုန်နက်စေ့ကို ထက်ခြမ်းခွဲသူများ" ဟူ၍ပင် အခေါ်ခံရလောက်သည့် ခွဲခြမ်းစိတ်ဖြာသမားများဖြစ်သည်။ အလားတူပင် အကယ်၍ ၎င်းသူသည် အကြောင်းကိစ္စတွေ ခေါင်းထဲမှာ မနိုင်မနင်း ပြောချင်သည့်အရာကတစ်ခု ဥဒါဟရုဏ် ဆောင်သည်ကတစ်ခြား ဆိုသည်မျိုး ဖြစ်စေသော် သူ့အား ရှေ့နေကျော်တို့၏ လျှောက်လဲချက်များကို လေ့လာစေရာ၏။
ဤသို့လျှင် ဦးနောက်အသိဥာဏ်ဆိုင်ရာ ချို့တဲ့ အားနည်းချက် မှန်သမျှအတွက် သီးသန့်ကုထုံးကိုယ်စီ ရရှိနိုင်ပေသည်။
အသိပညာရှိဖို့ ဦးနောက်ကို ကျွေးရမယ့်အစာဟာ " စာဖတ်ခြင်း " ပါပဲ။
အတွေးအခေါ် ရင့်ကျက်တည်ငြိမ်အောင် စာအုပ်ကောင်းတွေ များများဖတ်ရမယ်။
စာများများ ဖတ်ရမယ်။ ဖတ်ပြီးသမျှ ပြန်စဉ်းစားပြီး တွေးရမယ်။ စဉ်းစားရသမျှ IDEA တွေကို လက်တွေ့ အကောင်အထည် ဖော်ဖို့ ကြိုးစားရမယ်။
စာအုပ်များသည် စိတ်၏ အဟာရဖြစ်သည်။
စာဖတ်ဖို့ အချိန်မရှိဘူးလို့ ညည်းညူပြောဆိုတက်သူဟာ တိုးတက်ရှင်သန်ခြင်းတံခါးကို အမြဲပိတ်ထားချင်တဲ့သူနဲ့ တူတယ်။

0 ကွန်မန့်ရေးရန်:

Post a Comment