Tuesday, June 19, 2012

မမုန်းကြေးလို့ ပြောမယ့် ဖြိုးကြီး



ဒီပလက်တီနမ် ဆွဲကြိုးက ဒယ်ဒီ ပေးထားတာ ဆိုတဲ့ သီချင်းစာသားနဲ့ ပရိသတ်ရဲ့ အားပေးမှုကို ရရှိတဲ့ ဖြိုးကြီးက စီးရီးသစ် မထွက်တာ ကြာပါပြီ။
လွန်ခဲ့တဲ့ ၉ နှစ်က အသင်္ချေ ဆိုတဲ့ စီးရီး ထွက်ပြီးနောက်ပိုင်း စုံတွဲ နှစ်ခွေမှာ ဆိုဖြစ်ပေမဲ့ တစ်ကိုယ်တော် စီးရီးသစ် မထွက်ခဲ့ပါဘူး။ စီးရီးသစ် ထွက်မယ်၊ ထွက်မယ်လို့ ပြောပြီး မထွက် ဖြစ်တာက ပရိုဂျူဆာ ၃ ယောက်လောက် ပြောင်းသွား တာကြောင့်လို့ သိရပါတယ်။ ဒုတိယ စီးရီးဖြစ်တဲ့ မမုန်းကြေး Nine Night Record က ထုတ်လုပ်မှာ ဖြစ်ပါတယ်။

ဒုတိယ စီးရီးက လုပ်ထားတာ ကြာပြီဆိုတော့ ပါဝင်တဲ့ သီချင်းအပြောင်းအလဲ ရှိဦးမလား။

အပြောင်းအလဲက ဘယ်လိုမှ မရှိဘူး။ နဂိုကတည်းက သီချင်းရွေးရင် သူများနဲ့ မတူတာ။ သူများ မရွေးတာ အဲဒီလိုမျိုးကို ကြိုပြီး ရွေးတာ။ ကော်ပီရွေးမယ် ဆိုရင် နည်းနည်းနပ်မှ ရမယ်။ ဒီအထဲမှာ ဘယ်သီချင်းကိုတော့ ဘယ်သူက မ တော့မယ် ဆိုပြီး အဲဒါတွေ ရှောင်တယ်။ သူများမရွေးလောက် တဲ့ဟာကို
အရင်လုပ်တယ်။ studio သွားရင်လည်း ကော်ပီလား၊ သူတို့တွေ ဘာတွေ ရွေးထားလဲ နည်းနည်း စပ်စုရတာပေါ့။ နဂိုကတည်းက သီချင်းကို ကွက်ပျောက်ပဲ ရွေးတယ်။ အဲဒါတော့ နည်းနည်း ဉဏ်များတာပေါ့။

စီးရီးထဲမှာ ကော်ပီတွေပဲလား၊ ကိုယ်ပိုင် သံစဉ်ပါလား တေးရေး ဘယ်သူ ပါမလဲ။

ကော်ပီတွေချည်းပဲ။ ကိုယ်ပိုင်သံစဉ် ၂ ပုဒ်ပါမယ်။ ကိုယ်ပိုင်သံစဉ် သီချင်း တစ်ပုဒ်က ကျွန်တော်ရေးတာ။ တစ်ပုဒ်က ဗီနိုထွန်း ရေးတာ။ ကျန်တဲ့ သီချင်းတွေကို အငဲ၊ မောင်မောင်ဇော်လတ်၊ အယ်လ်ဖြူ၊ ဇ၀ါ၊ ရွှေဂျော်ဂျော်၊ နိုင်းနိုင် တို့က ရေးထားတယ်။

စီးရီးခေါင်းစဉ် ပြောင်းထားတယ်နော်။

အရင်က ခိုလှုံရာလို့ ပေးထားတာ။ ခိုလှုံရာက လပ်ကီး မကောင်းလို့ မမုန်းကြေးလို့ ပြောင်းထားတယ်။

ခိုလှုံရာက ဘယ်လို လပ်ကီး မကောင်းတာလဲ။

ခိုကြီးကို မကြိုက်လို့။ ညည်းလည်း ညည်းတယ်။ ကြာလည်းကြာတယ်။ အဲဒီခိုကြောင့်ပဲ ကြာနေတာ။

စီးရီးခေါင်းစဉ် သီချင်းကို ဘယ်သူ ရေးတာလဲ။ ဘယ်လို အကြောင်းအရာမျိုးလဲ။

မမုန်းကြေးကို ကိုဇ၀ါက ရေးထားတာ။ ကောင်မလေး မမုန်းပါနဲ့။ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြမယ် ဆိုတာပေါ့။

မမုန်းကြေးက ကောင်မလေး တစ်ယောက်တည်းကိုပဲ ပြောတာလား။

ပရိသတ်တွေ အားလုံးကို ပြောတာပါ။

ဒါဆို စီးရီး တစ်ခွေလုံး အတွက် ဘယ်သူတွေနဲ့ တီးထားလဲ။

အရင်တုန်းက The Trees တီးထားတယ်။ Lazy Club နဲ့ ထပ်ဖြည့်ထားတယ်။ The Ugly Band က ဇော်မင်းသိန်း ထပ် ဖြည့်ထားတယ်။ ဗီနိုထွန်း တီးထားတာပါတယ်။ PTL မှာ သွင်းတယ်။ ကိုချစ်စမ်းမောင်က Mixdow ဆွဲပေးတယ်။

ဖြိုးကြီး ဆိုထားတဲ့ အသံတွေကိုရော ပြန်ပြင်ပြန်ဆို ထားသေးလား။

‘ပြင်စရာ မလိုပါဘူး။ ဒီစီးရီးမှာ သီချင်း တစ်ပုဒ်ကို အနည်းဆုံး ငါးခေါက် ပြန်ဆိုထားတယ်။ ငါးချိုးမှာ ကောင်းတဲ့ တစ်ချိုးကို ပြန်ယူမယ်။ ကိုချစ်စမ်းမောင်က ထပ်ပြီး Mixdown ဆွဲရင် Perfect ထွက်လာမှာပါ။ ကော်ပီဆိုရင် မူရင်း အဆိုတော်ကို လေးစားတာက တစ်ပိုင်း၊ ကိုယ်ပြန်ဆိုထားတဲ့ သီချင်း မူရင်းကို နားထောင်ဖူးတဲ့ သူက ကိုယ်ပြန်ဆိုထားတာ မကောင်းရင် ဒီကောင် ပြီးပြီးရော လုပ်ထားတယ်လို့ အပြောခံရမှာ ကြောက်တာ တစ်မျိုး၊ ကိုယ့်သီချင်းကို အကောင်းဆုံး ဖြစ်စေချင် တာက တစ်မျိုး၊ နဂိုကတည်းက သီချင်းတွေကို အတ္တကြီး တာကိုး။ ကြာကြာခံတဲ့ သီချင်းမျိုးပဲ ထားချင်တာကိုး”လို့ ဆိုပါတယ်။

ဖြိုးကြီးရဲ့ မမုန်းကြေး စီးရီးက ဇွန်လကုန် ဇူလိုင်လ ဆန်းမှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ စီးရီး ထွက်ချိန်မှာတော့ ဖြိုးကြီးက နိုင်ငံခြား ခရီးစဉ်သွားဖို့ ရှိပြီး ဗီစီဒီကိုလည်း နိုင်ငံခြား  ခရီးမှာ ရိုက်ကူးလာဖို့ စီစဉ် ထားပါတယ်။


ခင်လေးမြင့်
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇွန်လ ၂၀၁၂)

0 ကွန်မန့်ရေးရန်:

Post a Comment