Tuesday, June 19, 2012

စစ်တွေ ဒုက္ခသည်အချို့ အသည်းရောင် အသားဝါရောဂါပါ ဖြစ်ပွား



အနောက်စံပြရွာမှနေအိမ်မီးရှို့ခံရသည့် ရခိုင်တိုင်းရင်းသား မိသားစုဝင်များကို ဇွန်လ (၁၁) ရက်နေ့ က ကယ်ဆယ်ရေးစခန်းတစ်ခုတွင် တွေ့ရစဉ်။
ရန်ကုန်၊ ဇွန် ၁၈

ဘင်္ဂါလီများ၏ ဆူပူ အကြမ်းဖက်မှု၊ နေအိမ် မီးရှို့မှုတို့ကြောင့် မိမိတို့၏ အသက်အန္တရာယ် ထိခိုက်မည်ကို စိုးရိမ်၍ နေရပ်စွန့်ကာ ထွက်ပြေးခိုလှုံ နေရသည့် ရခိုင် တိုင်းရင်းသား ဒုက္ခသည်စခန်း အချို့တွင် သောက်သုံးရေ မသန့်ရှင်းမှု၊ ယင်လုံအိမ်သာ မလုံလောက်မှု၊ အစားအစာ မသန့်ရှင်းမှု စသည် တို့ကြောင့် အဆိုပါ ဒုက္ခသည်စခန်းများမှ ကလေးငယ် အချို့မှာ ဝမ်းရောဂါများ ဖြစ်ပွားနေသည့် အပြင် အသည်းရောင် အသားဝါ ရောဂါပါ ထပ်မံဖြစ်ပွား နေကြောင်း ဝံလက် လူမှု စောင့်ရှောက်ရေး အဖွဲ့မှ ဆေးကုသပေးနေသူ ဆရာဝန်များက ပြောကြားသည်။

“ဒီအတိုင်းဆိုရင် မလွယ်ဘူး။ အခု ဖြစ်နေတဲ့ ပုံစံက အရမ်း စိုးရိမ်စရာ ဖြစ်နေပြီ။ နည်းသွားတယ် ဆိုတာ မရှိဘူး။ တစ်ရက်ထက် တစ်ရက် ပိုပိုများလာတာပဲ ရှိတယ်” ဟု ဝံလက် လူမှုကူညီ စောင့်ရှောက်ရေး အဖွဲ့မှ ဦးသိန်းထွန်းအေးက ဆိုသည်။

ဒုက္ခသည် စခန်းများတွင် ယင်းသို့ ရောဂါဖြစ်ပွားမှုနှုန်း တိုးမြင့်လာခြင်းမှာ ဒုက္ခသည်များကို ကူညီရန် အထောက်အပံ့ ပစ္စည်းများနှင့် ဆေးဝါး အလုံအလောက် မရှိခြင်း၊ ကုသပေးမည့် ဆရာဝန်များ နည်းပါးခြင်း စသည့် အခက်အခဲများကြောင့် ဖြစ်သည်ဟု ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောက ရှင်းပြသည်။

“စခန်း (၆၇) ခုစလုံးကို ညီတူညီမျှ ပေးဖို့ ထောက်ပံ့ရေး ပစ္စည်းက ဘယ်လိုမှ မလောက်ဘူးလေ။ အဲဒီထဲမှာ အစိုးရဆီက အထောက်အပံ့ မရတဲ့ စခန်းတွေက အများကြီး ရှိတယ်” ဟု ၎င်းက ဆိုသည်။

ယင်းသို့ ရောဂါဖြစ်ပွားမှု ပြင်းထန် နေသော်လည်း လက်ရှိ စစ်တွေမြို့၏ အခြေအနေ အရ ညမထွက်ရ အမိန့် ပုဒ်မ (၁၄၄) ကို ထုတ်ပြန်ထားသဖြင့် ဆေးကုသမှုများကို ညဘက်တွင် မကုသရဘဲ နေ့ဘက်တွင်သာ လုပ်ကိုင်နေရကြောင်း၊ ယင်းသို့ ဆေးကုသမှုများကို အချိန် အကန့်သတ်ဖြင့် လုပ်ဆောင်နေရ သောကြောင့် ရောဂါများမှာ ပုံမှန် သက်သာရမည့် အချိန်တွင် မသက်သာဘဲ ရက်ရှည် ဖြစ်ပွားလျက် ရှိကြောင်း ဆေးကုသနေသူ ဆရာဝန်များက ရှင်းပြသည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ The Voice Weekly က ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်း ပြန်ကြားရေး ဌာနမှ အတွင်းရေးမှူး ဦးဦးဝင်းကြိုင်ကို ဆက်သွယ် မေးမြန်း ခဲ့ရာ “အဲလောက်ထိ အပြင်းအထန် မဟုတ်ပါဘူး။ မိုးရာသီ ဖြစ်တဲ့အတွက် အစားမှားပြီး ဖြစ်တဲ့ ကလေး တစ်ယောက် နှစ်ယောက် ရှိတယ်။ ဒါကို ကျွန်တော်တို့ဘက် ကလည်း ထောက်ပံ့ပစ္စည်းတွေ ပေးနေတာပဲ“ ဟု ပြန်လည် ဖြေကြားသည်။

The Voice Weekly

0 ကွန်မန့်ရေးရန်:

Post a Comment