Thursday, April 19, 2012

မြန်မာအစိုးရနှင့် အပစ်ရပ်ရေး ဆွေးနွေးရန် နာဂ NSCN (K) ပြင်ဆင်


နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN (K) နှင့် မြန်မာအစိုးရတို့ အကြား ဧပြီလကုန်ပိုင်းတွင် အပစ်အခတ်ရပ်စဲရေး ဆွေနွေးရန် ပြင်ဆင်မှုများ ရှိနေကြောင်း သိရသည်။ ၃၂ နှစ်ကျော်ကြာ နာဂတိုင်းရင်းသားအရေး လက်နက်ကိုင် လှုပ်ရှားနေသည့် NSCN (K) အနေဖြင့် ပထမဆုံးအကြိမ် မြန်မာအစိုးရနှင့် အပစ်ရပ်ရေး ဆွေးနွေးရန်အတွက် လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်ရန် ဧပြီလ ၂ဝ ရက်နေ့တွင် ၎င်းတို့ ဌာနချုပ်ရှိရာ စစ်ကိုင်းတိုင်းအထက်ပိုင်း နာဂတောင်တန်း တနေရာတွင် ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံကြမည် ဖြစ်သည်။ သို့သော် မည်သည့်အကြောင်းအရာများ ဆွေးနွေးမည်ဆိုသည်ကိုမူ သတင်းထွက်ပေါ်မှု မရှိသေးကြောင်း နာဂအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစောစ က မဇ္စျိမကို ပြောသည်။ “သူတို့ အပစ်အခတ်ရပ်စဲရေးကို လုပ်ဖို့ စိုင်းပြင်းနေကြတာ ကြာလှပြီလေ။ လောလောဆယ် အနေအထားကတော့ အပစ်အခတ် ရပ်စဲတာပဲလုပ်ကြမယ်။ လောလော ဆယ်တော့ ဘယ်အချက်တွေ ဆွေးနွေးမယ်ဆိုတာ မသိရသေးဘူး။ တဖြေးဖြေးနဲ့ နိုင်ငံရေးဆွေးနွေးကြမယ် ဆိုရင်လည်း ကောင်းပါတယ်” ဟု ပြောသည်။ ထိုအစည်းအဝေးသို့ တက်ရောက်ရန် နာဂခေါင်းဆောင်များ မြန်မာပြည်သို့ လမ်းကြောင်းနှစ်ခုခွဲ၍ ထွက်ခွါသွားကြပြီ ဖြစ်ပြီး မဟာဗျူဟာနှင့် အပစ်ရပ်ရေးအတွက် စံချိန်စံညွှန်းများကို ဆွေးနွေးချမှတ်ကြမည်ဖြစ်ကြောင်း နာဂလန်းပို့စ်တွင် ဖော်ပြထားသည်။ S.S.Khaplang ဦးဆောင်သည့် NSCN (K) အဖွဲ့သည် ယခုအခါ အင်အား ၅ဝဝ ခန့်ရှိပြီး မြန်မာပြည် နာဂတောင်တန်း ဒေသ၊ စစ်ကိုင်းတိုင်း လဟယ်မြောက်ခြမ်းဒေသနှင့် နန်းယွန်းမြို့နယ်များတွင် အခြေစိုက်လှုပ်ရှားနေကြောင်း သိရသည်။ မူလ NSCN ကို ၁၉၈ဝ ခုနှစ် ဇန်နဝါရီလ ၃ဝ ရက်နေ့က စတင်ဖွဲ့စည်းပြီး အိန္ဒိယ အရှေ့မြောက် ပြည်နယ်များတွင် အခြေချနေထိုင်သည့် နာဂမျိုးနွယ်စုများနှင့် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းအတွင်းရှိ နာဂမျိုးနွယ်စုများ ပြန်လည် သွေးစည်းညီညွှတ်ရေး၊ နာဂအမျိုးသားများ လွတ်လပ်ရေးအတွက် လက်နက်ကိုင် လှုပ်ရှားခဲ့ကြသည်။ ၁၉၈၈ ခုနှစ်တွင် NSCN အဖွဲ့သည် S.S.Khaplang ဦးဆောင်သည့် NSCN (K) နှင့် Isak Chisi Swu နှင့် Thuingaleng Muivah တို့ ဦးဆောင်သည့် NSCN (IM) ဟူ၍ နှစ်ခြမ်း ကွဲသွားခဲ့သည်။ IM အဖွဲ့မှာ အိန္ဒိယနယ်မြေတွင် အခြေစိုက်ကာ K အဖွဲ့မှာ မြန်မာနယ်မြေတွင် အခြေစိုက်လှုပ်ရှားနေကြခြင်းဖြစ်သည်။ ၂ဝ၁၁ ဧပြီလ ၂၈ ရက်နေ့က NSCN (K) အဖွဲ့သည် အိန္ဒိယအစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးထားပြီး ဧပြီလ မကုန်မီ သက်တမ်းထပ်မံ တိုးမြင့်ရန်ရှိသည်။ မြန်မာနိုင်ငံ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံတွင် နာဂတောင်တန်းဒေသ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်များကို စုစည်းကာ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ဖော်ပြထားပြီးနောက် ၂ဝ၁ဝ ခုနှစ်တွင်းမှစ၍ မြန်မာအစိုးရနှင့် NSCN (K) တို့အကြား တိုက်ခိုက်မှုများ မရှိခဲ့ကြောင်း သိရသည်။ MIZZIMA မှ ကူးယူသည်။

0 ကွန်မန့်ရေးရန်:

Post a Comment