Thursday, April 19, 2012

မြန်မာပြည်မှာ စစ်သားနဲ့ ဘုန်းကြီး အရေအတွက် လျှော့ဖို့လိုအပ်ပြီလား



ဟုတ်ကဲ့ ဒီပို့စ်ကို မရေးခင် ဦးစွာပြောထားချင်တာကတော့ ကျွန်တော်ဟာ စစ်တပ်အသိုင်းအ၀ိုင်းကလူတစ်ယော
က်လဲ မဟုတ်သလို သံဃာအသိုင်းအ၀ိုင်းမှ လူတစ်ယောက်လဲ မဟုတ်ပါဘူး ဒီပို့စ်လေးကို ရေးရတဲ့ အကြောင်းကတော့ ကိုဘုန်းကျော်ရဲ့ ပြည်သူ့လွှတ်တော်မှာ ဘုန်းကြီးအရေအတွက်နဲ့ စစ်သားအရေအတွက် လျှော့ချဖို့ လုပ်သင့်ပြီ ဆိုတဲ့ပို့စ်မှာ သူကြီးကိုယ်တိုင်က အဲဒီလိုဖြစ်အောင် ဆိုင်သူတွကို ပြောပေးပါဦးဆိုတဲ့ စကားကြောင့်ပါ ကျွန်တော်အခုရေးမှာကတော့ ကျွန်တော့်ရဲ့အမြင် ၊ ကျွန်တော်ရဲ့ ယုံကြည်ချက် ၊ ကျွန်တော့်ရဲ့ အတွေးအခေါ်မျှသာဖြစ်တဲ့အတွက် မှားကောင်းမှားနိုင်ပါတယ် ဒီတစ်ကြိမ်နဲ့ဆို သူကြီးနဲ့ ကျွန်တော် စိတ်သဘောထား ၊ ယုံကြည်ချက်ချင်း မတူညီတာ နှစ်ခါရှိပြီထင်ပါတယ် ပထမတစ်ခါက ဆန်ရှင်တွေ မြန်မြန်ပြန်ဖွင့်ပေးအောင် ကြိုးစားကြစေလိုပါတယ် ဆိုတဲ့ပို့စ်မှာပါ အဲဒီပို့စ်မှာတုန်းကလဲ ဘာ့ကြောင့်ကြိုးစားကြစေလိုကြောင်းကို ကျွန်တော့်ရဲ့ သီးသန့်အမြင်နဲ့ အကြောင်းအချက်တွေ မြောက်မြားစွာဖြင့် ရေးသားခဲ့ပါတယ် အဲဒီလို ရေးသားခဲ့ရာမှာ သူကြီးရဲ့ အင်္ဂလိပ်စာလုံးတွေ အများကြီးနဲ့ သီဖွဲ့ထားတဲ့ ကန့်ကွက်ချက် တစ်ခုကို ရရှိခဲ့ပါတယ် ကိုကြောင်ကြီးရဲ့ ကြံ့ဖွံ့ရုံးရှေ့ကို ဆီပုလင်းလေး ခါးကြားချိတ်ပြီး သွားပြောကွာ လို့ ရေးသားမှုကိုလဲ ခံခဲ့ရပါသေးတယ် ဒါပေမယ့် အားလုံးဟာ တိုင်းပြည်နဲ့ လူမျိုးကို အမှန်တကယ် ချစ်မြတ်နိုးသူတွေဖြစ်ကြတဲ့အတွက် အများနဲ့မတူတဲ့ အမြင်တစ်ခုမှာ ဂရုဏာဒေါသောနဲ့ ပြောခဲ့တယ်လို့ပဲ ခံယူထားပါတယ်
ပထမဆုံးအနေနဲ့ စစ်သားအကြောင်း အရင်ဆုံးပြောပါမယ် အခုဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ တပ်သားအဖြစ်နဲ့ စစ်ထဲဝင်သူတွေ အတော်ကို ရှားသွားပါပြီ ကျွန်တော့်ရဲ့ ပတ်ဝန်းကျင်မှာရော ၊ ကျွန်တော့်ရဲ့ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်း ဆွေမျိုးအသိုင်းအ၀ိုင်းများရဲ့ ပတ်ဝန်းကျင်မှာပါ မရှိတော့သလောက် ရှားသွားပါပြီ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးမရရှိနိုင်မှုတွေကြောင့် မြန်မာ့တပ်မတော်အနေနဲ့ နှစ် ၂၀ ကြာ စစ်ပွဲတွေကို ဆင်နွှဲနေရတဲ့အတွက် တပ်မတော်ရဲ့ အင်အားဟာ အထွက်များပြီး အ၀င်နည်းနေလိမ့်မယ်လို့ ထင်ပါတယ် အဲဒါကြောင့် ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်က စပြီး တပ်မတော်အင်အား ဖြည့်တင်းနိုင်စေဖို့အတွက် ၁၀ တန်းအောင် လူငယ်လေးများကို စစ်ဗိုလ်လောင်း ၊ စစ်အင်ဂျင်နီယာလောင်း ၊ စစ်ဆရာဝန်လောင်း စတဲ့ မက်လုံးမျိုးတွေ ပေးပြီး တပ်မတော်ထဲ ဆွဲသွင်းနေရပါတယ် တစ်နှစ် ၊ တစ်နှစ်ကို တစ်ထောင်ကျော်ကနေ သုံးထောင်ကျော် အတွင်းခန့် အင်အားဖြည့်တင်းနိုင်ခဲ့တယ်လို့ ထင်ပါတယ် နိုင်ငံတစ်ခု ကမ္ဘာ့အလယ်မှာ မျက်နှာငယ်ရခြင်း မရှိပဲ ထိုက်သင့်တဲ့ ဂုဏ်သိက္ခာတစ်ခုနဲ့ ရပ်တည်နိုင်စေဖို့ ခေတ်မှီပြီး အင်အားတောင့်တင်းတဲ့ မျိုးချစ်တပ်မတော်တစ်ခု ပိုင်ဆိုင်ထားဖို့ လိုအပ်ပါတယ် လက်ရှိ လတ်တလောမှာတင်ပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ရေပိုင်နက် နယ်နိမိတ် အငြင်းပွားမှုပြဿနာ ၊ ထိုင်းနိုင်ငံနဲ့ နယ်စပ်ပြဿနာတွေမှာ မြန်မာနိုင်ငံအနေနဲ့ အရှုံးတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်
ဒါဟာ ဘာကို ပြနေသလဲဆိုရင် တောင့်တင်းခိုင်မာတဲ့ တပ်မတော်တစ်ခုကို ပိုင်ဆိုင်ထားနိုင်ခြင်း မရှိတဲ့ သင်္ကေတကို ပြနေပါတယ် လက်ရှိ မြန်မာ့တပ်မတော်မှာ အင်အားဘယ်လောက်ရှိသလဲဆိုတာ တရားဝင်စာရင်းဇယားတွေ မရှိလို့ မသိနိုင်ပေမယ့် အရေးကြုံလာရင် နိုင်ငံကို လုံလောက်စွာ ကာကွယ်နိုင်မယ့် အင်အားတစ်ခုအနေနဲ့တော့ ရှိမနေဘူးလို့ ထင်ပါတယ် အင်အားတောင့်တင်းတဲ့ တပ်မတော် မဟုတ်သေးဘူးဆိုရင် ခေတ်မီတပ်မတော်ကော ဖြစ်ပြီလားဆိုတာ ဆက်တွေးကြည့်ရအောင် ကျွန်တော့်အမြင်တော့ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာနဲ့တောင် မယှဉ်သေးနဲ့ဦး အရှေ့တောင်အာရှမှာတောင် ထိပ်တန်း စစ်လက်နက်တွေ ပိုင်ဆိုင်ထားမှုမှာ အဆင့် ၃ အတွင်းလောက်တောင် ၀င်ပါ့မလားဆိုတာ မသေချာပါဘူး ဒါဟာ ကျွန်တော့်ရဲ့ အမြင်ပါ စစ်တပ်နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းထဲက မဟုတ်တဲ့အတွက် သေသေချာချာတော့ မသိနိုင်ပါဘူး တကယ်တမ်းပြောရမယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့ တောင်ကိုရီးယားနိုင်ငံလို အရွယ်ရောက်သူတိုင်း နှစ်နှစ်စစ်မှုထမ်းစေတဲ့ အလေ့အထ တစ်ခုကိုတောင် ထားရှိစေလိုပါတယ် အဲဒါမှ ပြည်သူနဲ့ တပ်မတော် မပြတ်တမ်းထိတွေ့မှုရှိနေပြီး ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်လိမ့်မယ်လို့ ထင်ပါတယ် ဒါဟာလဲ ကျွန်တော့်ရဲ့ ဆန္ဒမျှသာ ဖြစ်ပါတယ် ဒီအချက်ကို ကန့်ကွက်လိုသူတွေလဲ များစွာရှိကြပါလိမ့်မယ် လက်ရှိအချိန်မှာ တပ်မတော်မှ တပ်သားများဟာ အန္တရာယ်ရှိနိုင်သော နေရာဒေသများရှိ လမ်းဖောက်ခြင်းလုပ်ငန်းတွေ တံတားဆောက်ခြင်းလုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုင်ပေးနေကြရတာကို တွေ့နေရပါတယ် နောက်ပြီး လစာနှင့် ၇ိက္ခာ မလောက်ငှမှုကို ကာမိစေရန်အတွက် တပ်မတော်ဝန်းအတွင်း စုပေါင်းစိုက်ခင်းလေးများ စိုက်ပျိုးခြင်းလုပ်ငန်းတွေမှာ သင်ရောက်ဆောင်ရွက်နေကြရတဲ့ အတွက် တပ်မတော်သားများကြောင့် မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု ကျဆင်းတယ်ဆိုတာကို ကန့်ကွက်လိုပါတယ် နိုင်ငံတိုင်းမှာလဲ စစ်တပ်ဆိုတာ ရှိပါတယ် သူတို့တွေဟာ အရေးကြုံလာရင် နိုင်ငံအတွက် အသက်ပေးကြရမယ့်သူတွေ ဖြစ်ကြပါတယ် ဒါ့ကြောင့် တိုင်းပြည်နဲ့ လူမျိုးအတွက် တောင့်တင်းခိုင်မာတဲ့ တပ်မတော်တစ်ခု ရှိကို ရှိရပါမယ်လို့ ယူဆမိကြောင်းပါ
ဟုတ်ကဲ့ နောက်တစ်ချက်ဖြစ်တဲ့ ဘုန်းကြီးအရေအတွက်အကြောင်း ပြောကြည့်ကြရအောင် သံဃာများ စာပေကျမ်းဂန် သင်ကြားမှုအတွက် အနယ်နယ်အရပ်ရပ်မှ သံဃာတွေဟာ မန်းလေးမြို့နဲ့ ရန်ကုန်မြို့ကို သွားရောက်ကြရပါတယ် အထူးသဖြင့်တော့ မန်းလေးမြို့ပေါ့ အဲဒါကြောင့် မန်းလေးမြို့နဲ့ ရန်ကုန်မြို့မှာ သံဃာတွေ များနေရခြင်းဖြစ်ပါတယ် ဒေသအသီးသီးကနေလာကြတဲ့အတွက် သူတို့တွေဟာလဲ ပုထုဇဉ်များသာ ဖြစ်ကြသေးတဲ့တာကြောင့် စရိုက်စုံလင်လှတဲ့ သံဃာတော်တွေကို ထိုမြို့များမှာ တွေ့မြင်နေကြရခြင်း ဖြစ်ပါတယ် သက်တော် ၁၈ နှစ်နဲ့ ၂၃ ကြားခန့်ရှိကြသေးတဲ့ သ့ဃာတော်များဟာ ကိုယ့်ရဲ့ရပ်ရွာတွေကနေ ပရိယတ္တိစာပေများ သင်ကြားနိုင်စေဖို့ ရန်ကုန် ၊ မန်းလေး စတဲ့ မြို့များကို ရောက်ရှိလာကြခြင်းဟာ လူလိုဆိုရင်တော့ တက္ကသိုလ်တက်ကြတဲ့ ကျောင်းသားလေးတွေလိုပါပဲ တက္ကသိုလ်ကျောင်းသားအများစု ကျောင်းသားဘ၀ ပျော်ကြ ၊ ပါးကြသလိုမျိုး သူတို့တွေမှာလဲ အထိုက်အလျောက်တော့ စာသင်သားဘ၀မှာ ပျော်ပျော်နေတတ်သူတွေ ရှိကောင်းရှိကြပါတယ် အဲဒါက လူငယ်တို့ သဘာဝပါ နောက်တစ်ခုက ရန်ကုန်မြို့တော့ ကျွန်တော်မသိပေမယ့် မန်းလေးမှာ ရှိကြတဲ့ စာသင်သား သံဃာတော်များမှာတော့ အစားအသောက် ချို့တဲ့ကြပါတယ် ဖြစ်သလို စားသောက်ပြီး ချို့ချို့ငဲ့ငဲ့နဲ့ ပညာကို ကြိုးစားနေကြရတဲ့ သံဃာတော်တွေ အများကြီးပါ သူတို့တွေမှာ နေ့ကောင်းရက်မြတ်များမှာပဲ ကောင်းကောင်းမွန်မွန် ဘုဉ်းပေး သုံးဆောင်ကြရပေမယ့် အခြားနေ့များဆိုရင်တော့ အတော့်ကို ဆိုးဆိုးဝါးဝါးနေ့ရက်တွေကို ဖြတ်သန်းကြရတာတွေ ရှိပါတယ် သူတို့တွေရဲ့ ပညာသင်စရိတ် ကျမ်းဂန်စာအုပ်ဖိုးလေးတွေကို သူတို့ရဲ့ မယ်တော်တို့ ခမည်းတော်တို့ အခြားအခြားသော ဆွေမျိုး ဒါယကာ ဒါယိကာမများထံမှ အလှူခံကြရပါတယ် ခက်ခဲ ပင်ပန်းဆင်းရဲသလို ကျဉ်းကျပ်လှတဲ့ ၀ိနည်းတော်တွေကိုလဲ လုံအောင်ထိန်းသိမ်းကြရပါသေးတယ် ၀ိနည်းတွေ မလုံခဲ့လို့ ချိုးဖောက်ဖြစ်ခဲ့ရင်လဲ သူတို့တွေအနေနဲ့ အပြစ်ပိုကြီးကြရပါသေးတယ် အာပတ်ဖြေခြင်းဆိုတာ ရှိပေမယ့် တစ်ချို့အပြစ်တွေကတော့ အာပတ်ဖြေလို့ မရပါဘူး အတော့်ကို ကိုယ်ချင်းစာဖို့ကောင်းတဲ့ အနေအထားပါ
ကိုဘုန်းကျော်ရဲ့ပို့စ်မှာ ကိုမောင်မောင် မန့်ထားတာလေးကို ပြန်ဆွဲထုတ်ပြချင်ပါတယ်
စာသင်တိုက်တွေထောင်ပြီး စာသင်၊ စာကျက်၊ စာကျက်၊ စာသင်နေတာတွေနဲ့ အချိန်တွေ ကုန်နေဖို့ မဟုတ်ပါ။
ငုတ်တုတ်ထိုင် ကမ္မဋ္ဌာန်းရိပ်သာတွေဖွင့်ပြီး ဘာအလုပ်မှ မလုပ်ချင်တော့တဲ့ သူတွေကို မွေးထုတ်ပေးဖို့လည်းမဟုတ်ပါ။
စာသင်ကျောင်းတွေဖွင့်၊ ဆေးရုံတွေဖွင့်ကာ လူအလုပ်တွေလုပ်ပြီး လူလိုနေရမှာမျိုးလည်းမဟုတ်ပါ။
ဟုတ်ကဲ့ ကျွန်တော် ပြောပါမယ် ပရိယတ္တိ သာသနာ ၊ ပရိပတ္တိ သာသနာ ၊ ပရိဝေဒ သာသနာဆိုပြီး သာသနာသုံးရပ်ရှိပါတယ် ။ စာပေ ကျမ်းဂန်တွေကို သင်ကြား ခြင်း ၊ သင်ယူခြင်းကို ပရိယတ္တိ သာသနာပြုတယ်လို့ ခေါ်ပါတယ်။ မိမိကိုယ်တိုင် သံသရာရဲ့ အဆုံး တစ်ဖက်ကမ်းကို ရောက်ရှိအောင် ကျင့်ကြံကျိုးကုတ် အားထုတ်ခြင်းကို ပရိပတ္တိ သာသနာလို့ ခေါ်ပါတယ် ။ ဒါယကာ ဒါယိကာမများကို သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်စေလိုတဲ့ တရားများကို ဟောပြောပို့ချပေးခြင်းကို ပရိဝေဒ သာသနာလို့ ခေါ်ပါတယ်။ သံဃာရယ်လို့ ဖြစ်လာပြီဆိုရင် သာသနာသုံးရပ်ထဲက တစ်ပါးပါးကိုတော့ အနည်းဆုံး ထမ်းဆောင်ရပါလိမ့်မယ် ပြောင်းပြန်အနေနဲ့ ပြန်ပြောရရင် သာသနာ သုံးရပ်ထဲက တစ်ခုခုကို ထမ်းဆောင်နေရင်ပဲ သံဃာရဲ့ တာဝန်ကျေပွန်ပါတယ် အဲဒါကြောင့် စာသင်တိုက်တွေထောင်ပြီး စာသင် စာကျက်နေတာဟာ သာသနာပြုနေတာပါပဲဗျာ ဘာစာမှ မသင်ကြရင် ဘာမှမသိတော့တဲ့အတွက် ဘယ်လိုလုပ်ပြီး တရားတွေ ဟောလို့ ပြောလို့ ရတော့မလဲဗျ တဖြည်းဖြည်း သာသနာကွယ်သွားတော့မှာပေါ့ ဟုတ်ကဲ့ နောက်တစ်ချက် ကမ္မဌါန်းရိပ်သာတွေ ဖွင့်ပြီး ဒါယကာ ဒါယကာမများကို သံသရာ တစ်ဖက်ကမ်း လွတ်မြောက်စေနိုင်တဲ့ တရားဘာဝနာတွေ ရှုမှတ်ပွားများခိုင်းတာဟာလဲ သာသနာပြုတာပါပဲဗျာ လက်ရှိဘ၀မှာ ချက်ချင်း လွတ်မြောက်ကြောင်းတရားကို မရနိုင်ကြသေးရင်တောင် သူတို့တွေအတွက် ပါရမီ အခံကို ရရှိစေပါတယ် နောက်တစ်ချက် စာသင်ကျောင်းတွေ ဆေးရုံတွေ ဖွင့်ပြီး လူမှုရေးအလုပ်တွေ လုပ်တာမျိုးကျတော့ သံဃာအလုပ်လုပ်တာ မဟုတ်ဘူးဆိုတာ မှန်ပေမယ့် အဲဒီလုပ်ငန်းတွေကရော မလုပ်သင့်ကြဘူးလားဗျာ သံဃာတော်တွေ အဲဒီအလုပ်တွေ လုပ်လို့ဆိုပြီး ရှုံ့ချသင့်ကြရဲ့လား လူထု ကောင်းကျိုး အများရဲ့ ကောင်းကျိုး လုပ်နေတာပဲ မဟုတ်ဘူးလား နောက်ပြီး ဟိုတယ်တွေ ၊ တည်းခိုခန်းခတွေ မတတ်နိုင်ကြတဲ့ မရှိဆင်းရဲသူတွေအနေနဲ့ ခရီးသွားလာရာမှာ ဘုန်းကြီးကျောင်းတွေကသာ မှီခိုအားထားရာ နေရာတွေမဟုတ်ဘူးလားဗျာ တည်းခိုရုံတင်မက အမှန်တကယ် စရိတ်ပြတ်ရင် စားသောက်မှုအတွက်ပါ ထောက်ပံ့ပေးနိုင်ကြပါသေးတယ် နောက်တစ်ချက်က ကျွန်တော်သိတဲ့ ဦးဇင်းတစ်ပါးဆိုရင် သူ့ရဲ့ကျောင်းသင်္ခမ်းဟာ အဆောင်အယောင် ဘာမှမရှိပေမယ့် နှစ်စဉ် သူ့ရဲ့ ရွာက ကျောင်းသား ၊ ကျောင်းသူတွေ မြို့တက်ပြီး ပညာသင်ကြားခွင့်ရရှိနိုင်စေေ၇းမှာ သေချာတာကတော့ နေစရာ ရှိသွားပြီဗျာ ဆွမ်း ကွမ်းလေးတွေ ပိုတဲ့ နေ့တွေဆို စားစရာပါ မကုန်တော့ဘူးဗျာ ဒီကြားထဲ အလှူအတန်းလေးတွေ တရားပွဲလေးတွေနဲ့ ကြုံလို့ ၀တ္ထုငွေလေးရှိခဲ့ ရခဲ့ရင် ကိုယ်ကျိုးအတွက် မသုံးပဲ ကျောင်းစရိတ်သော်လည်းကောင်း ၊ မုန့်ဖိုးသော်လည်းကောင်း ပြန်စွန့်ပေးပါသေးတယ် အဲဒီနည်းနဲ့ နှစ်စဉ် နှစ်တိုင်း ကိုယ့်ရပ် ကိုယ့်ရွာ ကောင်းကျိုးအတွက် သယ်ပိုးဆောင်ရွက်နေပါတယ် အဲဒီလို ဘုန်းကြီးတွေလဲ မြန်မာပြည်အနှံ့ အများကြီး ရှိပါတယ်
အဲဒါဟာ ကျွန်တော်တို့ နိုင်ငံရဲ့ လူ့စွမ်းအား အရင်းအမြစ်တွေထဲမှာ သံဃာတော်များရဲ့ ပူးပေါင်းပါဝင်နေမှုပါပဲ လက်ရှိအချိန်မှာ သံဃာတော်တွေကို အင်တာနက်ဆိုင်တွေမှာတွေ့နေကြရပါတယ် သူတို့တွေ ချက်တင်းတွေ ထိုင်ကြပါတယ် ဟုတ်ပါတယ် ကျွန်တော်တို့လဲ ထိုနည်းလည်းကောင်းပါပဲ ငယ်ရွယ်စဉ်အချိန် ကွန်ပျူတာလေးတစ်လုံးတောင် မရှိသေးချိန် အင်တာနက်ကို ဘယ်လိုစသုံးရမှန်း မသိသေးချိန်မှာ ချက်တင်းလေးတွေနဲ့ပဲ စခဲ့ရတာပါ အပျော်တမ်း အခြေအနေကနေ တဖြည်းဖြည်းချင်း မြှင့်ယူခဲ့ကြရတာပါ သံဃာတော်တွေကို အင်တာနက်ဆိုင်ပေးမ၀င်စေနဲ့ဆိုတဲ့ ဥပဒေမျိုးသာ ထုတ်ဖြစ်ခဲ့၇င် သူတို့တွေ အင်တာနက် သုံးတတ်ကြတော့မှာမဟုတ်ပါဘူး နောက်ပိုင်းမှာ ခေတ်မှီစွာ သာသနာ ပြုနိုင်ဖို့ ၊ အင်တာနက်ကနေ တရား ဓမ္မပိုင်းဆိုင်ရာ မေးခွန်းတွေ ၊ အယူအဆတွေ ပြောဆိုဆွေးနွေးသွားကြဖို့ဆိုတာ ဖြစ်လာနိုင်တော့မှာ မဟုတ်ပါဘူး တလောက ပို့စ်တစ်ခုမှာ ဖတ်လိုက်ရပါတယ် ကျွန်တော်တို့ ဘာသာကို ကမ္ဘာက သိအောင် စွမ်းဆောင်နေတာဟာ ယိုးဒယား ဘုန်းတော်ကြီးများနဲ့ တိဘက်ဘုန်းကြီး ဒလိုင်းလားမားကြောင့်လို့ ရေးထားတာကို တွေ့ခဲ့ရပါတယ် စာရေးသူရေးသွားတာက မြန်မာ ဘုန်းကြီးတွေအနေနဲ့ နိုင်ငံတွင်းမှာပဲ အချင်းချင်း မညီညွတ်မှုတွေ ၊ အမြင်မတူမှုတွေကြားမှာပဲ အချိန်ကုန်နေကြရပြီး ကမ္ဘာအလယ်မှာတော့ ကျွန်တော်တို့သာသနာ အကြောင်းကို ဘာမှ ထုတ်မပြနိုင်ကြဘူးလို့ ရေးထားပါတယ် ကျွန်တ်ေတို့ မြန်မာနိုင်ငံက လယ်တီဆရာတော် ဘုရားကြီးအကြောင်းကိုလဲ ကမ္ဘာက သိခဲ့ကြပါတယ်လို့ ပြောလိုက်ပါရစေ ကျွန်တော်တို့ မြန်မာဘုန်းကြီးတွေ ကမ္ဘာနဲ့ ယှဉ်ရင် ရင်ဘောင်မတန်းနီုင်ကြတာက Language ပိုင်း အားနည်းကြလို့ပါ Language ပိုင်းကောင်းကောင်းနိုင်တဲ့ သံဃာတော်တွေ ပေါ်ထွန်းလာတဲ့အခါ မြန်မာဘုန်းကြီးတွေလဲ ကမ္ဘာနဲ့ ယှဉ်ပြီး ရင်ဘောင်တန်းနိုင်လာကြပါလိမ့်မယ်လို့ ထင်မြင်မိပါကြောင်း
ထို ထိုသော အချက်တွေကြောင့် မြန်မာနိုင်ငံမှာ စစ်သားနဲ့ ဘုန်းကြီးအရေအတွက် လျှော့ချသင့်ပြီဆိုတဲ့ အချက်ကို ကန့်ကွက်ပါကြောင်း

မန္တလေးဂေဇက်မှ ကူးယူသည်။
--
          

 မာဃလုလင်

0 ကွန်မန့်ရေးရန်:

Post a Comment