Thursday, April 19, 2012

အိုး​ဝေမဂ္ဂဇင်း​ကို ဆက်မထုတ်ရန် စာ​ပေစိစစ်​ရေး​က သတိ​ပေး

အိုးဝေမဂ္ဂဇင်းကို ဆက်မထုတ်ရန် စာပေစိစစ်ရေးက သတိပေး

ကျောင်းသားသမဂ္ဂ ပြန်လည်ပေါ်ပေါက်ရေးနဲ့ ကျောင်းသားအခွင့်အရေး လှုပ်ရှားသူတွေက ထုတ်ဝေနေတဲ့ အိုးဝေမဂ္ဂဇင်းကို ဥပဒေနဲ့မညီတဲ့အကြောင်း စာပေစိစစ်ရေးက ခေါ်ယူသတိပေးခဲ့တယ်လို့ မဂ္ဂဇင်းတာဝန်ခံတွေက ပြောပါတယ်။

အိုးဝေမဂ္ဂဇင်း အတွဲ ၁ အမှတ် ၉ ကို မကြာခင်က ထုတ်ဝေလိုက်ပြီးနောက် စာပေစိစစ်ရေး ဒု – ညွန်ချုပ် ဦးတင့်ဆွေက မဂ္ဂဇင်းတာဝန်ခံတွေဖြစ်တဲ့ ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ကိုကျော်ကိုကိုနဲ့ အိုးဝေမဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ ကိုရှိန်းရာဇာထွန်းတို့ကို ဒီနေ့မနက်မှာ ခေါ်ယူတွေ့ဆုံ သတိပေးခဲ့တာပါ။

“၁၉၆၂ ခုနှစ် ပုံနှိပ်အက်ဥပဒေက ခုချိန်မှာ မဖျက်သိမ်းရသေးဘူး၊ နောက်တခါ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လျော်ညီတဲ့ ဥပဒေအသစ်ကလည်း မီဒီယာဥပဒေ၊ ပုံနှိပ်ဥပဒေကလည်း ပြဋ္ဌာန်းဖို့အတွက် ပြင်ဆင်တုန်းပဲ ရှိသေးတယ်။ ဒီလိုအကူးအပြောင်းကာလမှာ ဥပဒေဟောင်းက အကျုံးဝင်သေးတဲ့ အတွက်ကြောင့် အခုလို ခွင့်ပြုချက်မယူဘဲ အိုးဝေမဂ္ဂဇင်းကို ထုတ်လိုက်တဲ့အခါမှာ ဥပဒေနဲ့ ငြိစွန်းနေပါတယ်။ ဒါကိုသိစေချင်လို့ ပြောပြတာပါ။ ခေါ်ယူခြိမ်းခြောက်ခြင်းတော့ မဟုတ်ပါဘူး။ ဆွေးနွေးတာပါတဲ့၊ ဒု – ညွန်ချုပ် ဦးတင့်ဆွေပေါ့။”

နောက်ဆုံးထုတ်ထားတဲ့ အိုးဝေမဂ္ဂဇင်းအတွဲ (၁) အမှတ် ၉ ကို အွန်လိုင်းကနေ အဓိက ဖြန့်ဝေတာဖြစ်ပြီး မကြာခင်က ပြန်လည်ဖွဲ့စည်းထားတဲ့ ပြည်နယ်နှင့်တိုင်း ဗကသအဖွဲ့ခွဲတွေနဲ့ အဖွဲ့ဝင်တွေကြားမှာ ပြန်လည်ကူးယူ လက်ဆင့်ကမ်း ဖြန့်ဝေတာလို့ ကိုကျော်ကိုကိုက ရှင်းပြပါတယ်။

လောလောဆယ် အတွဲ ၁ အမှတ် ၁၀ အတွက် စာမူတွေ စုဆောင်းနေဆဲ အချိန်မှာ စာပေစိစစ်ရေးက ခေါ်ယူသတိပေးလိုက်တာ ဖြစ်ပါတယ်။

“အခုလို ခေါ်ပြောတဲ့ကိစ္စက အနုနည်းနဲ့ ပျော့ပြောင်းညင်သာတဲ့နည်းနဲ့ သတိပေးတာလို့ ကျနော်မြင်တယ်။ အသိပေးတယ်လို့တော့ သူတို့ သုံးစွဲပြောဆိုတယ်။ နောင်အခါမှာ ဒီလိုစာအုပ်မျိုး ထုတ်မယ်ဆိုရင် စိစစ်ရေးကို တရားဝင် လေ်ွာက်လွှာ တင်ပြီးတော့ စိစစ်ရေးကတ်ရအောင် ကြိုးစားခိုင်းပါတယ်။ ကျနော်တို့ ပြန်မေးထားတယ်။ လျှောက်လွှာတင်ပေမယ့် ပြန်ချမပေးတဲ့ ဖြစ်ရပ်တွေရှိတယ်။ ဒီတော့ ဒါက သိပ်သေချာတာတော့ မဟုတ်ဘူး။ ကျနော်တို့က မြန်မာပြည်မှာ ဆင်ဆာအဖွဲ့ကို လုံးဝဖျက်သိမ်းပစ်လိုက်ဖို့ မျော်လင့်တယ်။ တဘက်က ပြန်ကြားရေးဝန်ကြီးကလည်း ဒါကိုပဲပြောနေကြတယ်။ အဲဒီတော့ ဒီလိုအခြေအနေမျိုးကို ရောက်သွားပြီဆိုရင် အခုလို နိုင်ငံရေးတွေ၊ ဘာသာရေးတွေကို လိုက်ကန့်သတ်ပြီးတော့ စိစစ်နေတဲ့ အနေအထားမျိုး မရှိတော့ဘူးဆိုရင် လွတ်လပ်စွာ ထုတ်ဝေခွင့်အတိုင်း ဆက်သွားမှာဖြစ်တယ်။ အဲဒါမျိုး စဉ်းစားထားတယ်။ လတ်တလောအနေအထားမှာ ပြန်ပြီးတော့ စဉ်းစားရဦးမယ်။ အားလုံးကို ပြန်ချပြတဲ့အခါမှာ ဘယ်လို ဆက်ပြီး ဆုံးဖြတ်မယ်ဆိုတာတော့ အခုတော့ မပြောနိုင်သေးဘူး။ ဒါပေမယ့် သေချာတာက ကျနော်တို့က ဆင်ဆာကိုပြပြီးတော့ ထုတ်ဝေမှာတော့ မဟုတ်ဘူး။”

မြန်မာပြည် လွတ်လပ်ရေးကြိုးပမ်းတဲ့ ကာလတုန်းက ကျောင်းသားထုအကြားမှာ ဩဇာကြီးခဲ့တဲ့ အိုးဝေမဂ္ဂဇင်းရဲ့ သမိုင်းအမွေကို ဆက်ခံဖို့ ထုတ်ဝေတာလို့ နောက်ဆုံးထုတ် အယ်ဒီတာအာဘော်မှာ ဖော်ပြထားပါတယ်။

အိုးဝေ အတွဲ ၁၊ အမှတ် ၉ မှာ ဗကသ ဥက္ကဋ္ဌဟောင်း ကိုမင်းကိုနိုင်ရဲ့ ကဗျာတပုဒ်၊ ဗကသရဲ့သမိုင်း၊ လက်ရှိ ဗကသကို ပြန်လည်ဖွဲ့စည်းထားတဲ့ အခြေအနေ၊ ဗကသရဲ့ မူဝါဒတွေကို အဓိက ဖော်ပြထားပါတယ်။
(ရဲဇော်ကို)

0 ကွန်မန့်ရေးရန်:

Post a Comment