Tuesday, May 1, 2012

မေတ္တာပွားများခြင်း (မေတ္တာဘာဝနာ)

မေတ္တာပွားများခြင်း (မေတ္တာဘာဝနာ)
စာရေးသူ*** ရွှေဘိုသီလာ

မိမိကို စံနမူနာပြု၍ သူတစ်ပါးတို့အား ကိုယ်ချင်းစာတရားနှင့် ထောက်ထားစာနာမှုထားရှိနိုင်ရေးအတွက် မိမိကိုစ၍ အောက်ပါ အတိုင်း မေတ္တာပွားများရသည်။
(၁) အဟံ အဝေရော ဟောမိ
(၂) အဗျာပဇ္ဇော ဟောမိ
(၃) အနီဃော ဟောမိ
(၄) သုခိအတ္တာနံ ပရိဟရောမိ
အနက်မြန်မာပြန်အနေနဲ့ ဤသို့ရှိ၏-
(၁) ငါသည် ဘေးရန်ကင်းပါစေ
(၂) စိတ်ဆင်းရဲကင်းပါစေ
(၃) ကိုယ်ဆင်းရဲကင်းပါစေ
(၄) ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဖြင့် မိမိ၏ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ ။
ဤအပိုင်း၌ကား ကိုယ်ချင်းစာတရားအားကောင်းလာရေး၊ စိတ်ထားပျော့ပျောင်းလာရေးတို့အတွက် ရည်ရွယ်ကာ မိမိကိုယ်ကို အာရုံပြု၍ မေတ္တာဘာဝနာကို ပွားများခြင်း ဖြစ်၏။ မေတ္တာဈာန်ကိုကား မရနိုင်ပါ။ ထို့နောက် ဘာဝနာရှုသူသည် မိမိနှင့် လိင်တူသော ဆရာ သို့မဟုတ် ဥပဇ္ဈာယ်ဆရာ သို့မဟုတ် ချစ်ခင်မြတ်နိုးသောသူကို မေတ္တာပွားပို့ရမည်။ ထိုပုဂ္ဂိုလ်အပေါ် ချစ်ခင်ကြည်ညိုမှုထက်သန် ဖွံ့ဖြိုးလာ ရေးအတွက် သူ၏ ရက်ရော ဖော်ရွေမှု၊ ချစ်နှစ်သက်ဖွယ်သော စကားများ စသည်ကို ဆင်ခြင် အောက်မေ့ပါ။ ထိုသူအား ရိုသေကြည်ညိုသည့် စိတ်ထားထက်သန်လာရေးအတွက် ထိုသူ၏ သီလ၊ သမာဓိ၊ ပညာ တို့ကိုလည်း အောက်မေ့ဆင်ခြင်ပါ-
အယံသပ္ပုရိသော
(၁) အဝေေ၇ာဟောတု၊
(၂) အဗျာပဇ္ဇောဟောတု၊
(၃) အနိဃော ဟောတု၊
(၄) သုခီ အတ္တာနံ ပရိဟရတု။
အနက်မြန်မာအပြန်အရ-
ဤသူတော်ကောင်းသည်
(၁) ဘေးရန်ကင်းပါစေ၊
(၂) စိတ်ဆင်းရဲကင်းပါစေ၊
(၃) ကိုယ်ဆင်းရဲကင်းပါစေ၊
(၄) ကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိ၏ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ။
ဘာဝနာရှုပွားသူသည် အာနာပါနဿတိရှုပွားသဖြင့် ရှုပါဝစရ စတုတ္ထဈာန်ရပြီးဖြစ်လျှင် အာနာပါနပဋိဘာဂနိမိတ် အာရုံကို စူးစိုက် ရှုပွားခြင်းဖြင့် အာနာပါနစတုတ္ထဈာန်ကို ဦးစွာ ထူထောင်ပါ။
ထိုစတုတ္ထဈန်သမာဓိ အထောက်အကူဖြင့် အလင်းရောင် ပြိုးပြိုးပြက်ပြက် တလက်လက်တောက်ပလာသည့်အခါ မိမိအလွန်ချစ်ခင် မြတ်နိုးအပ်သော ပုဂ္ဂိုလ်ကို လှမ်းအာရုံယူပါ။
ထိုပုဂ္ဂိုလ်ကို တောက်ပသည့် အလင်းရောင်အတွင်း၌ ထင်ထင်ရှားရှား မြင်တွေ့နေရမည် ဖြစ်၏။
ထိုပုဂ္ဂိုလ်သည် မိမိရှေ့ခြောက်ပေအကွာတွင် စိတ်အချမ်းသာဆုံးအနေအထား၌ ရှိသည်ဟု အာရုံယူပါ။
ထိုသူတော်ကောင်းအား အာရုံစူးစိုက်၍ စောစောကနည်းအတိုင်း နည်းလေးမျိုးဖြင့် မေတ္တာပွားပါ။
အာနာပါနစတုတ္ထဈာန်သမာဓိ၏ အားကြီးသော မှီရာ ဥပနိဿယပစ္စယသတ္တိကြောင့် ယောဂီ၏ မေတ္တာဘာဝနာသည် ချောမော လွယ်ကူနေမည်ဖြစ်၏။
မေတ္တာပွားနည်း လေးချက်ကို သုံးလေးခေါက် ပွားကြည့်ပြီးနောက် ယောဂီသည် နှစ်သက်ရာတစ်မျိုးကို ရွေးချယ်နိုင်၏။
ဥပမာ- “ စိတ်ဆင်းရဲကင်းပါစေ ” ဟူသော မေတ္တာပွားနည်းကို ရွေးချယ်သည် ဆိုပါစို့။
ထိုအခါ ထိုပုဂ္ဂိုလ်၏ အပျော်ရွှင်ဆုံးအသွင်ကို အာရုံယူ၍ “ ဤသူတော်ကောင်းသည် စိတ်ဆင်းရဲကင်းပါစေ ” ဟု ထပ်တလဲလဲ မေတ္တာပွားပါ။
ဘာဝနာရှုသူ၏ စိတ်သည် ထိုသူတော်ကောင်း၏ စိတ်ချမ်းသာရွှင်ပျသောပုံသဏ္ဌာန်၌ အလွန်ငြိမ်ဝပ်တည်ကြည်စွာ ကပ်တည်လာပါက ဘာဝနာရှုနေသူ၏ မနောအကြည်တွင် ဈာန်အင်္ဂါများကို ဆင်ခြင်ကြည့်ပါ။
သူ၏ ဉာဏ်မျက်စိတွင် ဈာန်အင်္ဂါငါးပါးစလုံးကို ဆင်ခြင်ကြည့်ပါ။ သူ၏ ဉာဏ်မျက်စိတွင် ဈာန်အင်္ဂါများကို ထင်ရှားစွာ မြင်ရသော် မေတ္တာဘာဝနာ၌ ပထမဈာန်သို့ ရောက်ပြီးဟု ယူဆနိုင်၏။
ဤဈာန်ကို ၀သီဘော်ငါးတန်နိုင်နင်းအောင် လေ့ကျင့်ပြီးသော် အာနာပါနဿတိတွင် ဖော်ပြခဲ့သည့်အတိုင်း မေတ္တာဘာဝနာ၌လည်း ဒုတိယဈာန်၊ တတိယဈာန်တို့ကို ပျိုးထောင်ပါ။
ဝိသုဒ္ဓိမဂ္ဂ နှင့် မဟာဋီကာ တို့၌ ညွှန်ကြားထားသည့် အတိုင်း ပုဂ္ဂိုလ်တစ်ဦးစီကို တတိယဈာန်ရောက်သည်အထိ မေတ္တာပွားပို့ရမည်။
မေတ္တာပွား ပို့နည်းလေးမျိုးစလုံးတွင် တစ်နည်းပြီးတစ်နည်း တတိယဈာန်သို့ ရောက်အောင် ပွားများရမည်။ ဘာဝနာရှာသူသည် ဖော်ပြခဲ့သည့်အတိုင်း မေတ္တာပွားများရာ၌ အောင်မြင်မှု ရခဲ့သော် ချစ်ခင်လေးစားအပ်သည့် အသက်ရှင်ဆဲ လိင်တူပုဂ္ဂိုလ်တို့၌ အလားတူပင်တစ်ယောက်ပြီး တစ်ယောက် မေတ္တာပွားပါ။ အနည်းဆုံး ပုဂ္ဂိုလ် (၁၀) ယောက်ကို အောင်အောင်မြင်မြင် မေတ္တာပွားများပါ။
ထို့နောက် မိဘ, ညီအစ်ကို, မောင်နှမ, ဆွေမျိုးများနှင့် သူငယ်ချင်းများအပါအ၀င် မိမိအလွန်ချစ်မြတ်နိုးသည့် အသက်ရှင်ဆဲ လိင်တူပုဂ္ဂိုလ်တို့၌ တစ်ယောက်ပြီးတစ်ယောက် အာရုံယူ၍ အလားတူပင် မေတ္တာဈာန်များကို တတိယဈာန်ရောက်သည့်တိုင်အေင် ပွားများပါ။
မေတ္တာပွားနည်းလေးမျိုးစလုံးဖြင့် ပွားများပါ။ လေးစားချစ်ခင်အပ်သော ပုဂ္ဂိုလ် (ပိယဂရုဘာဝနီယပုဂ္ဂိုလ်) များနှင့် အလွန်ချစ်မြတ်နိုးအပ်သည့် ပုဂ္ဂိုလ် (အတိပ္ပိယပုဂ္ဂိုလ်) များ နှစ်မျိုးလုံး၌ မေတ္တာချင်းညီမျှအောင် ချစ်မြတ်နိုးသည့် ပုဂ္ဂိုလ် (ပိယပုဂ္ဂိုလ်) အရာ၌ တည်အောင် ပွားများပါ။
ထို့နောက် “ မဇ္ဈတ္တ ” ခေါ် မချစ်မမုန်း အလယ်လတ်ပုဂ္ဂိုလ်တို့၌ အနည်းဆုံး အသက်ရှင်ဆဲလိင်တူပုဂ္ဂိုလ် ၁၀ ယောက်ကို ဖော်ပြခဲ့ပြီးသည့်နည်းအတိုင်း တတိယဈာန်သို့ ရောက်အောင် မေတ္တာပွားပါ။ ထို့နောက်တစ်ဖန် “ ဝေရီ ” ခေါ် ရန်သူပုဂ္ဂိုလ် သို့မဟုတ် မုန်းသည့် ပုဂ္ဂိုလ်တို့၌ မေတ္တာပွားပါ။ ရန်သူကို မေတ္တာမပွားပို့မီ ချစ်ခင်လေးစားအပ်သော ပုဂ္ဂိုလ်များ၊ ချစ်ခင်မြတ်နိုးအပ်သည့် ပုဂ္ဂိုလ်များနှင့် မချစ်မမုန်း အလယ်အလတ် ပုဂ္ဂိုလ်များကို ဦးစွာ မေတ္တာပွားများပါ။
မိမိ၏ ဘာဝနာစိတ် နူးညံ့, သိမ်မွေ, ခံ့ညားလာ၍ ဘာဝနာ အလင်းရောင်သည်လည်း အလွန် စူးရှတောက်ပလာသောအခါ အလင်းရောင်တွင် ရန်သူကို အာရုံယူလျက် မေတ္တာပွားပို့ပါ။
ရန်သူကို မေတ္တာပွားများရာ၌ ထိုရန်သူကို မုန်းတီးမှုကြောင့်ဈာန်သို့ မရောက်ခဲ့သော် ၀ိသုဒ္ဓိမဂ် တွင် ဖော်ပြထားသည့်အတိုင်း မုန်းတီးမှု ပပျောက်အောင် နည်း (၁၀) မျိုးဖြင့် ဆင်ခြင်ရမည်။
ရန်သူများအားလုံးကို တစ်ယောက်ပြီးတစ်ယောက် မေတ္တာပွားနည်း တစ်မျိုးစီတွင် တတိယဈာန်သို့ရောက်အောင် ပွားများရမည်။
အောက်ပါ ပုဂ္ဂိုလ်လေးမျိုးတို့အား မေတ္တာအညီအမျှ ပွားများနိုင်လာသောအခါ
(၁) အတ္တ-မိမိ၊
(၂) ပီယ-ချစ်ခင်လေးစားသူနှင့် အလွန်ချစ်မြတ်နိုးသူ၊
(၃) မဇ္ဈတ္တ- မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်၊
(၄) ဝေရီ-ရန်သူပုဂ္ဂိုလ်
ဤပုဂ္ဂိုလ်လေးမျိုးတို့၌ သီမာသမ္ဘေဒ ခေါ် ပုဂ္ဂိုလ် အပိုင်းအခြားကို ဖြိုခွဲဖျက်ဆီးနိုင်အောင် မေတ္တာဈာန်ကို ကြိမ်ဖန်များစွာ ၀င်စားပါ။
အတ္တကို အာရုံယူကာ မေတ္တာဘာဝနာကို ပွားသော်လည်း မေတ္တာဈာန်ကို မရနိုင်။
သို့သော် ပုဂ္ဂိုလ်အပိုင်းအခြားကို ဖြိုခွဲနိုင်ရေး အတွက်သာ ဤအရာ၌ မေတ္တာဘာဝနာကို ပွားများခြင်း ဖြစ်၏။
ပိယ, မဇ္ဈတ္တ, ဝေရီ ဟူသည့် လိင်တူပုဂ္ဂိုလ်တို့ကို မေတ္တာဘာဝနာ ပွားရာ၌ကား တတိယဈာန်သို့ ဆိုက်သည့်တိုင်အောင် ကြိမ်ဖန်များစွာ ထပ်ကာထပ်ကာ ပွားများပါ။
အတ္တ, ပိယ, မဇ္ဈတ္တ, ဝေရီ ပုဂ္ဂိုလ်တို့၌ မေတ္တာချင်း ညီမျှသွားခဲ့သော “ သီမာသမ္ဘေဒ ” ခေါ် ပုဂ္ဂိုလ် အပိုင်းအခြားကို ဖြိုခွဲဖျက်ဆီးနိုင်ပြီး ဖြစ်၏။ ပုဂ္ဂိုလ်အမျိုးမျိုးကို ခွဲခြားခြင်း မပြုတော့ဘဲ ပုဂ္ဂိုလ်အားလုံးတို့အပေါ်၌ မေတ္တာ ညီမျှစွာ ထားရှိနိုင်ပြီး ဖြစ်၏။
ဝိသုဒ္ဓိမဂ် ၏ အဆိုအမိန့်အရ ပုဂ္ဂိုလ်လေးမျိုးတို့အား မေတ္တာပွားများရာ၌ ဈာန်ရောက်သည်အထိ ရှုပွားနိုင်သော ပုဂ္ဂိုလ်၏ စိတ်သန္တာန်၌သာလျှင် “ သီမာသမ္ဘေဒ ” ကို ရရှိနိုင်၏ ။
တစ်ဖန် ဈာန်ရောက်သည်အထိ မေတ္တာပွားများနိုင်ပြီး သီမာသမ္ဘေဒ ရရှိပြီးသော သူ၏ စိတ်သန္တာန်၌သာလျှင် ၅၂၈ သွယ်သော မေတ္တာတို့ကို အပြည့်အ၀ အောင်မြင်စွာ ပွားများနိုင်မည်ဖြစ်သည်။
ယခုအခါ ဘာဝနာ ရှုပွားသူသည် ပဋိသမ္ဘိဒါမဂ် ၌ ဖော်ပြထားသည့်အတိုင်း ၅၂၈ သွယ်သော မေတ္တာကို အောင်မြင်စွာ ပွားများနိုင်ပြီးလျှင်မည်သည့်အရပ်
မျက်နှာ၌မဆို မေတ္တာဖြန့်ကြက်၍ မေတ္တာဈာန်ချမ်းသာဖြင့် နေနိုင်ပြီးဖြစ်၏ ။
You might like:

0 ကွန်မန့်ရေးရန်:

Post a Comment