Tuesday, May 1, 2012

ခွက်ထိုးခွက်လန် ရယ်လိုသူများအတွက်...

ခွက်ထိုးခွက်လန် ရယ်လိုသူများအတွက်...
Posted by တောက်ပကြယ်စင်

................................................
မှတ်မိလို့ပါကွာ
စာသင်တိုက်တစ်တိုက်မှာ မှတ်ဉာဏ်အားနည်းတဲ့ တိုင်းရင်းသား ကိုရင်ကြီးတစ်ပါးက သူနဲ့ အလွန်ခင်မင်ရင်းနှီးပြီး စာပေတတ်ကျွမ်းတဲ့ စာချဘုန်းကြီးတစ်ပါးကို သည်လို…
“မင်းတို့ ဗမာတွေ စာတတ်တယ်၊ တတ်တယ်ဆိုတာ မှတ်မိလို့ပါကွာ”ဟူ၍။ (ကြားဖူး…)
................................................
တောသား၊ တောင်သူတို့အတွေး
ရွာတစ်ရွာမှာ နိုင်ငံရပ်ခြားတိုင်းတစ်ပါးက ပြန်လာတဲ့ ဘုန်းကြီးတစ်ပါးက သူ့ရွာက ဆွေမျိုးတွေ နဲ့ အလ္လာပသလ္လာပပြောရင်း လေယာဉ်စီးရပုံအကြောင်း ရောက်သွားပါတယ်။ အဒေါ် တစ်ယောက်က သူ့တူ ဦးပဇင်းလေးကို…
“ဦးဇင်းလေး လေယာဉ်စီးတဲ့အချိန်မှာ ကုဋီတက်ချင်ရင် (ရွှေအီးပါချင်ရင်) ဘယ်လိုလုပ်ရတာ တုန်းဘုရား”
“ပါပစ်လိုက်တာပေါ့”
“အမလေး အမလေး ပါတော့ မချလိုက်ပါနဲ့ဘုရား၊ အောက်မှာ ထမင်းစားနေရင် ဘယ်လို လုပ်မှာတုန်း၊ ပန်းကန်ထဲ ၀င်ကုန်မှာပေါ့”
တောမှာ တစ်ချို့အိမ်တွေမှာ ၀ရံတာထွက်ပြီး ထမင်းစားနေကြတာကို ရည်ရွယ်ပြီး ပြော လိုက်ခြင်း ဖြစ်တယ်။ (ကြားဖူး…)
.............................................
ကဲ…ရော့
ရုပ်ရှင်မင်းသမီးဖြစ်လောက်အောင် ရုပ်ရည်ချောမောသည့် မိန်းခလေးတစ်ဦး မင်းသမီးလုပ်ချင် လို့ ပါဠိစကားလုံးပါတဲ့ နာမည်ရွေးပေးရန် ဗေဒင်ဆရာတစ်ဦးထံသို့ သွားလိုက်ပါတယ်။
“ဆရာ သမီးလေ မင်းသမီးလုပ်ချင်လို့ နာမည်ရဲ့အစကို ပါဠိစကားလုံးလေးတွေနဲ့ မှည့်ပေးဖို့ ဆရာ့ဆီကို အားကိုးတကြီးနဲ့ လာခဲ့တာပါဆရာ။ ကျေးဇူးပြု၍ ပါဠိစကားလုံးအစပါတဲ့ နာ မည်လေး ရွေးပေးပါဦးရှင်”
“ပါဠိနဲ့စတဲ့စကားလုံးတွေက ကုန်ပြီကွယ့်၊ မရဏ၊ သင်္ခါရ၊ စိဉ္စမာနတို့လောက်ပဲ ကျန်တော့တယ် ကွယ့်” (မှတ်ချက်။ ။မရဏ-သေခြင်း၊ သင်္ခါရ-ပြုပြင်ခြင်း၊ စိဉ္စမာန-မြတ်ဗုဒ္ဓကို စွပ်စွဲပြီး အ၀ီစိ မှာ ဖြစ်ရသူ)
“ဒါဆို အင်္ဂလိပ်စကားလုံးအစပါတဲ့ နာမည်လေးတွေ မှည့်ပေးပါဦးဆရာ”
“ဆရာမှည့်ပေးလိုက်ရင် သမီးကြိုက်နှစ်သက်မယ် မထင်ဘူးကွယ့်”
“ဆရာကလည်း မှည့်သာမှည့်ပေးစမ်းပါ”
“ဒါဆိုလည်း Rခေါင်ကျယ်၊ သို့မဟုတ် Lကိုဟော၊ သို့မဟုတ် Lဇေးရှင်းမှည့်ပါလား”
မင်းသမီးလုပ်ချင်သူ ဒေါသူပုန်ထပြီး…
“ကဲ…ရော့ ဗျန်း…ဗျန်း…” ဆိုပြီး ဗေဒင်ဆရာကို အားပါးတရ ပေးလိုက်ပါတော့တယ်။
(သောင်းပြောင်းထွေလာ ရယ်စရာမဂ္ဂဇင်းစာအုပ်မှ…)
.........................................................
အမှတ်မှားလို့…
အိမ့်ရှင်သူဌေးမတစ်ဦး အပြင်ကနေ အိမ်ပြန်ရောက်လာပြီး လာရောက်ဆီးကြိုတဲ့ အိမ်ဖော်မ အသစ်ကလေးတစ်ယောက်ကို…
“ဒီနေ့ ရေခဲသေတ္တာကို ရှင်းခိုင်းထားတာ ရှင်းပြီးပြီလား”
“ဟုတ် ရှင်းပြီးပါပြီရှင့်၊ အရသာရှိတဲ့ဟာတွေပဲနော်”
(သောင်းပြောင်းထွေလာ ရယ်စရာမဂ္ဂဇင်းစာအုပ်ထဲမှ…)
.................................................................
သူလည်း လောကီလူသားပေကိုး
အင်္ဂလန်မှာ အသက် ၈၀-ခန့်ရှိတဲ့ အဘွားအိုတစ်ယောက် အင်္ဂလန်ထီ ပေါင်တစ်သန်း ပေါက် ပါတယ်။ သားသမီးတွေက ထီပေါက်တဲ့အကြောင်းကို ချက်ချင်းသွားပြောလိုက်ရင် အဘွားကြီး ၀မ်းသာပီတိလုံးတစ်ဆို့ပြီး တစ်စုံတစ်ခု ဖြစ်သွားမှာစိုးလို့ ဒေါက်တာတစ်ယောက်နဲ့ တိုင်ပင် ပြီး ဒေါက်တာက စိတ်ချပါ ဘာမှမဖြစ်စေရပါဘူးဆိုပြီး တာဝန်ယူ အာမခံပေးပါတယ်။ ဒေါက် တာလည်း အဘွားကြီးကို ဖျောင်းဖျပြောဆိုဖို့ဆိုပြီး အဘွားရဲ့အခန်းထဲမှာ ရောက်ရှိလို့လာ ပါတယ်။ ဟိုပြောသည်ပြောရင်းနဲ့ တဖြည်းဖြည်းထီအကြောင်း ရောက်သွားအောင် ဆွဲခေါ် သွားပါတယ်။ ထီအကြောင်းရောက်သွားတော့ ဒေါက်တာက…
“အဘွားက ပေါင်တစ်သန်းဆုထီပေါက်တယ်ဆိုပါစို့၊ ပေါက်လို့ရှိရင် ဘယ်လိုလုပ်မှာလည်း”
“တကယ်ပေါက်ကြည့်ပါလား၊ မင်းကို တစ်ဝက်ပေးပစ်လိုက်မှာပေါ့”
အဲဒါနဲ့ ဒေါက်တာလည်း ၀မ်းသာပီတိဆို့ပြီး မေ့မြောသွားပါတော့တယ်။
(သောင်းပြောင်းထွေလာ ရယ်စရာမဂ္ဂဇင်းစာအုပ်မှ…)
.........................................................................
ကိုယ့်ထမင်းကိုယ်စား၊ ဂရုစိုက်စရာမလို
လူကြီးတစ်ယောက်သည် ဆိုဖာကုလားထိုင်ပေါ်တွင် ထိုင်နေလျက် သတင်းစာကို ဖတ်နေရင်း အပြင်က အင်္ဂလိပ်စာသင်တန်းတက်ပြီး ပြန်လာတဲ့ သူ့သားကို စမ်းသပ်ချင်တာနဲ့…
“သားရေ သားကို အဖေတစ်ခု မေးချင်တယ်”
“မေးပါအဖေ သိတော့ ဖြေရတာပေါ့”
“ကိုယ့်ထမင်းကိုယ်စား ဘယ်သူ့ကိုမှ ဂရုစိုက်စရာမလိုဘူးဆိုတဲ့ မြန်မာဝါကျကို အင်္ဂလိပ်လို ဘယ်လို ပြောရတာတုန်း”
“ဟာ အဖေကလည်း လွယ်လွယ်လေးဥစ္စာကို”
“လွယ်ရင် ပြောလေ”
“I eat my rice, don’t care”ပေါ့။
"သားဆရာက အသင်အပြ ကောင်းသားပဲ"
ရယ်မောရင်း အခိုက်အတန့်မျှ ဘ၀အမော ပြေနိုင်ကြပါစေ...

0 ကွန်မန့်ရေးရန်:

Post a Comment