ဘာသာရေးနဲ့ပက်သက်လို့ အမေးအဖြေလေး တစ်ခု ဖတ်မိလို့ ပြန်လည်ဖော်ပြလိုက်ပါတယ်။ ကျွန်တော်လည်းသေချာမသိခဲ့ပါဘူး။ ဖြေကြားပေးတဲ့ ဆရာတော်က အရှင်ခေမာနန္ဒ ဖြစ်ပါတယ်။
မေး။ တပည့်တော် ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ။ ရဟန်း၊သံဃာတွေ ဆွမ်းခံစားတဲ့ အကြောင်းအရင်းကို လာမေးတဲ့အခါ အကိုးအကားနဲ့ ပြန်မပြောနိုင်ဘူးဘုရား။ ဘုရားရှင်ရဲ့ ပညတ်ချက်တစ်ခုဆိုတာပဲ သိပါတယ်ဘုရား။ အဲဒါကို ရှင်းပြပေးစေလိုပါတယ် ဘုရား။
ဖြေ။ လူတွေရဲ့ ပထမ ဦးစားပေး ကိစ္စက၀မ်းရေးပဲမို့ ဒကာ။ လူတွေဟာ ၀မ်းရေးအတွက်ကြောင့် မတရားတာတွေရော၊ တရားတာတွေရော ပြုပ်လုပ်မိကြပါတယ်။ အများအားဖြင့်ပေါ့။လူတစ်ရာမှာ ရှစ်ဆယ်လောက်ကတော့ ၀မ်းရေးကိုအကြောင်းပြုပြီး မကောင်းမှုတွေ ပြုလုပ်မိကြတယ်။ မနက်ဖြန်အတွက်ဆန်အိုးထဲမှာ ဆန်ရှိသေးရဲ့လားလို့ ကြောင့်ကြမှုဖြစ်ကြရတယ်။ စိတ်ဆင်းရဲရတယ်။ ဆန်စပါးတွေကို စိုက်ပျိုးပြိး သိုးမှီးသိမ်းဆည်းမှုတွေ ပြုလုပ်ကြရတယ်။ သိမ်းဆည်း ထားတာရှိတဲ့သူတိုင်း ကြောင့်ကြမှုဖြစ်ရတယ်။ သိုးမှီးသိမ်းဆည်းထးတာ ဘာမှမရှိတဲ့သူက ကြောင့်ကြမှု မရှိတော့ဘူး။ သူခိုးလည်းကြောက်စရာမလိုတော့ဘူး။ ဓားပြလည်းကြောက်စရာမလိုတော့ဘူး။ ဒါကြောင့်မို့ ရဟန်းတော်တွေကို ဘုရားက ကိုယ်တိုင်ချက်ပြုတ်မစားဘူးလို့ ပညတ်ခဲ့တာဖြစ်တယ်။ ချက်ပြုတ်မစားတဲ့အတွက် ၀မ်းရေးအတွက် ထူးပြီး ပူပန်နေစရာမရှိဘူး။ သိမ်းဆည်း နေစရာမလိုတော့ဘူး။ မနက်ဖြန်အတွက် အိုးထဲမှာ ဆန်ရှိနေသေးရဲ့လား ဆိုတဲ့ ပူပန်မှုများလဲ မရှိတော့ပါဘူး။ ထင်းရှာရခြင်း စတဲ့ ဒုက္ခများမှလဲ လွတ်ကင်းသွားပါတယ်။ ဆွမ်းခံစားတဲ့အတွက် မာန်လဲကျသွားစေပါတယ်။ ငါဘာကောင်ဆိုပြီးတော့ မာန်တက်လို့မရတော့ပါဘူး။ ( ဥစ္စာ စပါး၊ သိမ်းမထား၊ ရှေ့ဖျား သမဏ မြတ်သုခ ) ဆိုတဲ့ရဟန်းတွေရဲ့ ချမ်းသာခြင်းရှစ်ပါးထဲမှာ ဆွမ်းခံစားရတာက တစ်းပါးအပါအ၀င် ဖြစ်ပါတယ်။ ဒီလောက်ဆိုရင် တော့ သဘောပေါက်မယ်လို့ ထင်ပါတယ်။ ဒါပေ့မယ့် နည်းနည်းလေးထပ်ပြီး ရှင်းပြချင်သေးတယ်။
သာဝတ္တိပြည် ဖေတ်ဝန်ကျောင်းတော်မှာ ဘုရားရှင် သီတင်းသုံးစဉ်က ကောသလတိုင်းတ၀န်းလုံးမှ အသက်အရွယ်ကြီးရင့်ကြတဲ့ ပုဏ္ဏား သူဌေးကြီးတွေဟာ အခုခေတ်ပုဏ္ဏားတွေရဲ့ အကျင့်သီလဟာ ရှေးခေတ် က ပုဏ္ဏားတွေရဲ့ ကျင့်စဉ်အတိုင်း ကျင့်နေကြတာ ဟုတ်ပါရဲ့လား လို့ လာရောက်မေးမြန်းကြပါတယ်။ ဘုရားရှင်က မဟုတ်တော့ဘူးလို့ ပြန်လည်ဖြေကြားလိုက်ပါတယ်။ ဒီအခါမှာ ပုဏ္ဏားတွေက တောင်းပန်လျှောက်ထားလို့ ရှေးခေတ်ပုဏ္ဏားတွေရဲ့ အကျင့်ကောင်းတွေကို ထုတ်ဖော်ဟောကြားပေးခဲ့ပါတယ်။ ရှေးခေတ်ပုဏ္ဏားတွေက သိမ်းပိုက်မှု ဘာတစ်ခုမှ မရှိကြောင်း ၊ကိုယ်နှုတ်နှလုံးကို စောင့်ဆည်းကြကြောင်း၊ ထို့ကြောင့်လူတိုင်သည် ပုဏ္ဏားတို့အတွက် လောင်းလှူရန်အိမ်ရှေ့များမှာ ဆွမ်းဦးအမြဲချထားကြောင်း ၊ စသည်ဖြင့် ဟောကြားပေးပါတယ်။
ဒါကိုထောက်ရှု့ကြည့်ရင် အမျိုးဇတ်အားဖြင့် မြင့်မြတ်လှပါတယ်ဆိုပြီး မာန်မာန ခက်ထန်ကြတဲ့ ပုဏ္ဏားတွေတောင် ဆွမ်းခံကြတယ်ဆိုတာကို သိရပါတယ်။ ရသေ့တို့၊ ပစ္စေကာဗုဒ္ဓါတို့ ဆွမ်းခံစားတာကတော့ အများသိပြီးသားမို့ ထူးပြီး မပြောတော့ပါဘူး။ သူတော်ကောင်း ၊သူမြတ်လောင်း မှန်ရင် ဆွမ်းခံစားကြတာသေချာပါတယ်။ ။ ဆွမ်းခံစားတာဟာ သူတော်ကောင်းများရဲ့ ထုံးတမ်းစဉ်လာ ဓမ္မတာပါ။
သူရာ သောက်ထုတ်၊ သေတင်းကုတ် ၊ပဏ္ဍုတ် ဘက္ခုမ ၊ ပျိုကြီးဂေဟာ ပြည့်တန်ဆာ လင်ကွာမုဆိုးမ ၊ ဤခြောက်အိမ်တွင် အကျွမ်းတစ်ဝင် ဆွမ်းလျှင်မခံရ .........တဲ့။ ရဟန်းတော်တွေဟာ ဆွမ်းခံရာမှာလဲ ကျင့်ဝတ်နဲ့အညီ ဆွမ်းခံရတယ်။ ဖောပြခဲ့တဲ့ လင်္ကာလေးရဲ့ ဆိုလိုရင်းက ရဟန်းတော်တွေဟာ....အရက်ဆိုင် ၊အခြောက်ရဲ့အိမ် ၊ ဘိက္ခုနီမကျောင်း ၊ အပျိုကြီးရဲ့အိမ်၊ ပြည့်တန်ဆာမအိမ် ၊ မုဆိုးမရဲ့ အိမ် .......စတဲ့ အိမ်ခြောက်အိမ် ကို ဆွမ်းခံမ၀င်ရဘူးလို့ ပညတ်ခဲ့ပါတယ်။ လမ်းကိုထွက်လောင်းရင်တော့ ခံယူလို့ရပါတယ်။ ထိုင်အိမ်ဖြစ်တာ အ၀င်ကောင်းတာပါ။
နောက်ပြီး ရဟန်းတော်တွေဟာ ကိုယ်ဆွမ်းခံနေတဲ့အိမ်က လူတွေကို ဗေဒင်ဟောခြင်း ၊ဆေးကုခြင်း စတဲ့ အနေသန ၂၁ ပါးကိုလဲ ပြုလုပ်မပေးရပါဘူး။ ဒါတွေကို ပြုလုပ်ပေးတဲ့ရဟန်းတွေကို ...အမျိုးဖျတ်ရဟန်းတွေ ......လို့ ဘုရားရှင်က ဟောကြားခဲပါတယ်။ ဒီလိုရှောင်ကြဉ်စရာတွေ ရှောင်ပြီး တရားသဖြင့် ရလာတဲ့ ဆွမ်းကိုမှ ဓမ္မိယလာဘ် လို့ ခေါ်ပါတယ်။ ဓမ္မိယလာဘ် ကိုတောင်မှ ပစ္စဝေက္ခမဆင်ခြင်ဘဲ သုံးဆောင်ခွင့်မပြုခဲ့ပါဘူး။ ပစ္စဝေက္ခ ဏမဆင်ခြင်ပဲ သုံးဆောင်ရင် အပြစ်ရှိပါတယ်။ (အခုခေတ် ဆွမ်းခံအိမ်ကိုနှစ်လုံးသုံးလုံး ပေးနေသူများ ဆင်ခြင်နိုင်ကြပါစေ )
ဒါကြောင့် ( အပြစ် ကင်းကွာ၊ ဆွမ်းကိုရှာ ၊ ဤမှာ သာမဏ မြတ်သုခ ) လို့ကျေးဇူးတော် ရှင် တပိ ဋိ ကဓရဓမဘ္မ ဏ္ဍာဂါရကိ မင်းကွန်းဆရာတော်ကြီးက လကာင်္စပ်ဆိုခဲ့တာပါ။ နောက်ပြီးတော့ လောကမှာ တောင်းခြင်းနှစ်မျိုး ရှိတယ်။ ယာစကာ (သူတောင်းစား ) တို့၏ တောင်းခြင်းနှင့် အရိယာ တို့၏ တောင်းခြင်းပါ။ ယာစကာတို့ ၏တောင်းခြင်း ကတော့ ပေးပါကမ်းပါ သနားပါနဲ့ လိုချင်တာကို အော်ဟစ်ပြောဆိုကာ တောင်းခံကြပါတယ်။ အရိယာတို့တောင်းခြင်းဆိုတာက အရိယာအရှင်မြတ်တွေဟာ အိမ်ပေါက်စေ့ ရပ်တော်မူကြပါတယ်။ ဘာလိုချင်တယ်လို့နှုတ်ကဖွင့်မပြောပါဘူး။ အိမ်ရှင်ထွက်ပြီး အရှင်ဘုရား ဘာအလိုရှိပါသလဲလို့ လျှောက်ထားမှ အလိုရှိတာကို ပြန်လည် မိန့်ကြား တာပါ။ အဲလိုမလျှောက်ပဲ တစ်ခုခုလောင်းရင်လဲ လောင်းတာယူပြီး ထွက်ခွာသွားတာပါ။ ချိုတယ် ၊ချဉ်တယ် ၊ပူတယ်၊ စပ်တယ် ၊ မကောင်းဘူး ၊ကောင်းတယ်လို့ ဘာတစ်ခုမှ မပြောဆိုပါဘူး။ လှူတာကိုယူပြီး ပြန်သွားတာပါ။
ယာစကာတို့နှင့် အရိယာတို့ ရဲ့တောင်းဆို တဲ့နေရာမှာ ကွာခြားချက်က တော့ အဲဒါပါပဲ။ နောက်တစ်ခုက ရဟန်းတော်တွေဟာ ဆွေးမျိုးမတော်ရင် ၊ အလိုရှိတာကို လာရောက် အလှူခံပါလို့ လျှောက်မထားရင် ဘယ်လောက်ပဲ ရင်းနှီးနေပါစေ ဘာလိုတယ် လှူပါလို့ အလှူမခံကောင်းပါဘူး။
လက်ကြောမတင်းလို့ ၊ လုပ်မစားချင်လို့ ဆွမ်း ခံစားကြတာ မဟုတ်ပါဘူး။ ဆွမ်းခံစားတဲ့အတွက် ဆင်းရဲဒုက္ခတွေအတော်များများ ကင်းကွာသွားလို့ မာန်မာနကို ကျသွားစေလို့ ဆွမ်းခံစားကြရတာပါ။
အရှင်ခေမနန္ဒ
0 ကွန်မန့်ရေးရန်:
Post a Comment