Saturday, December 8, 2012

ပြည်ထောင်စု အစိုးရနှင့် ချင်းအမျိုးသား တပ်ဦး သဘောတူညီမှု အချို့ရရှိ


..........................................................................................

ရန်ကုန်၊ ဒီဇင်ဘာ ၈

ပြည်ထောင်စု အစိုးရနှင့် ချင်းအမျိုးသား တပ်ဦးတို့ကြား အဓိက မူကြီးနှစ်ချက် ဖြစ်သော ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို သဘောတူညီမှု ရရှိပြီး ဖြစ်ကြောင်း ချင်းအမျိုးသား တပ်ဦးမှ Pu Thomas Thang Nou က ပြောကြားသည်။

ယင်း ဆွေးနွေးပွဲတွင် ချင်းပြည်နယ်နှင့် ဆိုင်သော ကိစ္စရပ် များကိုသာ ဆွေးနွေး ခဲ့ပြီး ပြည်ထောင်စု နှင့် ပက်သက် သော ကိစ္စရပ် များကို နောက်တစ်ကြိမ် တွေ့ဆုံမှ ဆွေးနွေးရန် ချန်လှပ် ထားခဲ့ကြောင်း Thomas Thang Nou က ပြောသည်။
"အဓိက မူကြီးတွေ သဘော တူညီချက် ရပြီးပါပြီ။ အသေးစိတ် ဆွေးနွေးစရာ တွေတော့ ရှိသေးတယ်။ အဓိက မူကြီး တွေ သဘော တူပြီ ဆိုမှတော့ တစ်ဦးကို တစ်ဦး လှည့်ပတ်ခြင်း၊ အငိုက် ဖမ်းခြင်း မရှိဘဲ ပွင့်ပွင့်လင်းလင်း ဆွေးနွေးရင် ကျန်တာ တွေလည်း သဘော တူညီမှု ရမှာပါ" ဟု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့ဝင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီး ဦးဝင်းထွန်းက ဆိုသည်။

ပြည်ထောင်စု အစိုးရသည် တိုင်းရင်းသားများ ခွဲထွက်မည်ကို စိုးရိမ်ကြောင်း၊ တိုင်းရင်းသား များက ခွဲထွက်မည် မဟုက်ဘဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မည်ဟု အာမခံ ပြောဆို သည်ကို ဝမ်းသာ မိကြောင်း ဦးဝင်းထွန်းက ဆက်လက် ပြောကြားသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး အတွက် ပင်လုံစာချုပ်သည် အုတ်မြစ် အခြေခံ ဖြစ်သဖြင့် အုတ်မြစ်ကို မျက်ကွယ် ပြုကာ အပေါ်ယံ ပြုပြင် ပြောင်းလဲမှု များသာ လုပ်ဆောင် ပါက ငြိမ်းချမ်းရေး ကို ရနိုင်မည် မဟုက်ကြောင်း ချင်းအမျိုးသား တပ်ဦးမှ Pu Zing Cung က ဆိုသည်။

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး အဆင့် သဘော တူညီချက် ရရန် ပြည်ထောင်စု အစိုးရ ဘက်မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ် များနှင့် ချင်းအမျိုးသား တပ်ဦး တို့သည် ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေး စင်တာတွင် ဒီဇင်ဘာလ ၇ရက်မှ ၈ရက်နေ့တိုင် နှစ်ရက်ကြာ ဆွေးနွေး ခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင် များနှင့် နောက် အစိုးရသစ် တစ်ရပ် တက်လာမည့် ၂၀၁၅ခုနှစ် မတိုင်မီ ငြိမ်းချမ်းရေး ရလိုကြောင်း ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့၏ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းက တိုက်တွန်း ခဲ့သည်။

0 ကွန်မန့်ရေးရန်:

Post a Comment