Saturday, December 8, 2012

လှည်းတန်းခုံးကျော်တံတား ဧပြီလကုန် အပြီးသတ်မည်



ကျပ် ၁၄ ဘီလီယံကျော်ကုန်ကျမည့် လှည်းတန်းခုံးကျော်တံတား ဧပြီလကုန် အပြီးသတ်မည်ဟုဆို
Photo
မိုးညို
ရန်ကုန်၊ ဒီဇင်ဘာ - ၁
အတွဲ (၁၁)၊ အမှတ်(၃၉)
တည်ဆောက်ဆဲဖြစ်သည့် လှည်းတန်းခုံးကျော်တံတားစီမံကိန်းအတွက် ရွှေတောင်ဖွံ့ဖြိုးမှုကုမ္ပဏီလီမိတက်မှ ကျပ်ငွေသန်းပေါင်း ၁၄ ဒသမ ၄၈၇ ဘီလီယံစိုက်ထုတ် အကုန်အကျခံ၍ တည်ဆောက်နေကြောင်း ယင်းကုမ္ပဏီ၏ အမှုဆောင် အရာရှိ ဦးအောင်ဇော်နိုင်က ပြောသည်။
ယင်းစီမံကိန်းမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဘတ်ဂျက်ဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး လတ်တလောကုမ္ပဏီ၏ စိုက်ထုတ်ငွေဖြင့် စီမံကိန်းအား ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ဆိုသည်။
စီမံကိန်းကုန်ကျငွေအတွက် ကမ္ဘောဇဘဏ်နှင့် မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်တို့မှ ငွေကျပ် သုံးဘီလီယံစီချေးထားပြီး လက်ရှိ ကိုးဘီလီယံသုံးစွဲပြီးဖြစ်ကာ ခုံးကျော်တံတားမှာ ၆၅ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ပြီး ၂၀၁၃ ဧပြီလကုန်ပိုင်းတွင် အပြီးသတ်နိုင်မည် ဖြစ်ကြောင်း ရွှေတောင်ဖွံ့ဖြိုးမှု ကုမ္ပဏီ၏ တရားဝင်ထုတ်ပြန်ချက်များမှ သိရသည်။
“ကုမ္ပဏီအနေနဲ့ အကျိုးအမြတ်ကို မယူပါဘူး။ ဒီလိုလုပ်ကိုင်ခွင့်ရတဲ့အတွေ့အကြုံကိုယူတာပါ” ဟု အမှုဆောင်အရာရှိ ဦးအောင်ဇော်နိုင်က လှည်းတန်းခုံးကျော်တံတားစီမံကိန်းသတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားသည်။ “အစိုးရအဖွဲ့နဲ့ စာချုပ်ချုပ်ဆိုထားတဲ့အတိုင်း စီမံကိန်း အတွက်သုံးစွဲထားတဲ့ ငွေကို ပြန်လည်ရယူသွားမှာပါ။ ဘဏ်နှစ်ဘဏ်က ချေးထားတဲ့အတိုးနှုန်းကို ကုမ္ပဏီကနေပဲ ကျခံရမှာပါ” ဟု ၎င်းကပင်ဆက်လက် ပြောကြားသည်။
ရွှေတောင်ဖွံ့ဖြိုးမှုကုမ္ပဏီမှာ အစိုးရအဖွဲ့၏ ခုံးကျော်တံတားစီမံကိန်းလေးစင်းအနက် လှည်းတန်းခုံးကျော်တံတားစီမံကိန်းနှင့် တာမွေခုံးကျော်တံတားစီမံကိန်းကို ဆောင်ရွက်ခွင့်ရရှိထားသည်။ သို့သော် တာမွေခုံးကျော်တံတားမှာ ယာဉ်ကြောနှင့် မြေပြင်လေ့လာမှုများအရ တည်ဆောက်ရန် မလိုအပ်တော့ပေ။
လှည်းတန်းခုံးကျော်တံတား စီမံကိန်းပြီးစီးပါက လှည်းတန်း လမ်းဆုံ၏ ယာဉ်ကြောပိတ်ဆို့မှု ၆၀ ရာခိုင်နှုန်းကို ဖြေလျှော့ပေးနိုင်မည်ဖြစ်ကာ လက်ရှိတွင် ယင်းလမ်းဆုံ၌ တစ်နာရီလျှင် ယာဉ်အစီးရေပေါင်း ပျမ်းမျှ ၈၀၀ ကျော် ဖြတ်သန်းပြေးဆွဲအသုံးပြုလျက်ရှိ ကြောင်း ရွှေတောင်ဖွံ့ဖြိုးမှု ကုမ္ပဏီ၏ ကောက်ယူသော စစ်တမ်းများမှ သိရသည်။
ခုံးကျော်တံတားမှာ အရှည်ပေ ၂,၅၀၀ ကျော် ရှည်လျားပြီး ယာဉ်သွားလမ်းလေးလမ်းပါရှိမည်ဖြစ်ကာ လူသွားလမ်းတစ်ဖက်လျှင် သုံးပေစီထည့်သွင်း တည်ဆောက်မည်ဖြစ်သည်။ ယာဉ်တစ်စီးချင်းစီ၏ ခံနိုင်ဝန်မှာ တန် ၆၀ ဖြစ်ပြီး တံတားအမြင့် ယာဉ်ကင်းလွတ်မြေမှာ ၁၈ ပေခန့်ရှိကြောင်း ရွှေတောင်ဖွံ့ဖြိုးမှုကုမ္ပဏီမှ စီမံကိန်းဒါရိုက်တာက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြို့တွင်းပိုင်း၌ ခုံးကျော်တံတား လေးစင်းတည်ဆောက်ရန် လျာထားသော်လည်း လတ်တလောတွင် ကောက်ယူသောစစ်တမ်းများအရ သုံးစင်းသာ တည်ဆောက်တော့မည်ဖြစ်သည်။ ယင်းတံတားသုံးစင်းတွင် ဘုရင့်နောင်ခုံးကျော်တံတားအတွက် FMI ကုမ္ပဏီ၊ ရွှေဂုံတိုင်ခုံးကျော်တံတားအတွက် Capital Life ကုမ္ပဏီ၊ လှည်းတန်းခုံးကျော်တံတားအတွက် ရွှေတောင်ဖွံ့ဖြိုးမှုကုမ္ပဏီလီမိတက်တို့က ရရှိထားခြင်းဖြစ် သည်။
ဘုရင့်နောင်ခုံးကျော်တံတား စီမံကိန်းအတွက် ၂၁ ဘီလီယံ ကျော် သုံးစွဲမည်ဖြစ်ကာ၊ ရွှေဂုံတိုင် ခုံးကျော်တံတားစီမံကိန်းအတွက် ၁၃ ဘီလီယံကျော်နှင့် လှည်းတန်းခုံးကျော်တံတားအတွက် ၁၄ ဘီလီယံကျော် သုံးစွဲသွားမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ တရားဝင်ထုတ်ပြန်ချက်များမှ သိရသည်။

0 ကွန်မန့်ရေးရန်:

Post a Comment