Saturday, November 17, 2012

မြန်မာနဲ့ စစ်ရေးဆက်ဆံမှု ပြန်စဖို့ အမေရိကန်စဉ်းစား

ဗွီအိုအေ (မြန်မာပိုင်း)

16.11.2012
အမေရိကန်နဲ့ မြန်မာနိုင်ငံအကြား စစ်ရေးဆက်ဆံမှုတွေ ပြန် စဖို့ ရှိတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန် ပန်နက်တ က ပြောလိုက်ပါတယ်။ မြန်မာနဲ့ စစ်ရေးဆက်ဆံမှုတွေကို တဆင့်ချင်း တည်ဆောက်သွားမှာ ဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး ပြုပြင် ပြောင်းလဲရေး လုပ်ငန်းတွေ ဆက်ပြီး လုပ်သွားရလိမ့်မယ်လို့ တိုက်တွန်း လိုက်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေက ကာကွယ်ရေး ၀န်ကြီးတွေနဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ တွေ့ဆုံတဲ့အခါ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး အပါအ၀င် ပစိဖိတ်ဒေသကို ပြောင်းလဲ အာရုံစိုက်လာတဲ့ အမေရိကန်ရဲ့ မဟာဗျူဟာတွေနဲ့ ပတ်သက်လို့ မစ္စတာ ပန်နက်တ ဆွေးနွေးလိမ့်မယ်လို့ အမေရိကန် အရာရှိတွေက ပြောပါတယ်။

အမေရိကန် နိုင်ငံအနေနဲ့ ဆေးဝါး၊ ပညာရေး နဲ့ သဘာဝ ဘေးအန္တရာယ် အကူအညီပေးရေး ဆိုင်ရာလို ကိစ္စရပ်တွေမျိုး၊ စစ်လက်နက် ပစ္စည်းတွေ မပါဝင်တဲ့ အစီအစဉ်တွေမှာ မြန်မာစစ်တပ်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ စဉ်းစားနေတဲ့အကြောင်း နဲ့၊ မြန်မာနိုင်ငံက ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှု အခြေအနေတွေကို စောင့်ကြည့်ပြီး ဒီလုပ်ငန်းတွေကို တဆင့်ချင်း ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း လည်း မစ္စတာ ပန်နက်တရဲ့ အာရှခရီးစဉ်မှာ လိုက်ပါသွားတဲ့ အမေရိကန် အကြီးတန်း အရာရှိတဦးက ပြောပါတယ်။ အမေရိကန် အနေနဲ့ တခြား နိုင်ငံတွေနဲ့ ဆက်ဆံတဲ့အခါ အဲဒီနိုင်ငံတွေရဲ့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်နိုင်ဖို့ စစ်ရေးအင်အား တည်ဆောက်တဲ့ နေရာမှာ ကူညီ ပံ့ပိုးတာတွေ ရှိသလို အခု မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း အလားတူ ဆက်ဆံမှုမျိုး လုပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကတော့ အမေရိကန်က မြန်မာအစိုးရကို ခုလို မြန်မြန်ဆန်ဆန် အသိအမှတ်ပြု ချီးမြှောက်မှုတွေ လုပ်နေတာဟာ သိပ်ကို စောနေသေးတယ်လို့ ဝေဖန်နေကြပါတယ်။

U.S. Defense Secretary Leon Panetta ကမ္ဘောဒီးယားနိုင်ငံ ကို ဆိုက်ရောက်စဉ်။ (နိုဝင်ဘာ ၁၆၊ ၁၂။)

0 ကွန်မန့်ရေးရန်:

Post a Comment