Saturday, November 17, 2012

မိုဘိုင်းဖုန်းနံပါတ်အလှ လေလံပွဲမှ ကျပ်ငွေသိန်း ၁၂၀၀ ကျော်အမြတ် ရရှိခဲ့


၂ သိန်းတန် GSM ဖုန်းလိုင်းကို ငွေကျပ် ၄၇ သိန်းပေး၍ ၀ယ်ယူ ၊  မိုဘိုင်းဖုန်းနံပါတ်အလှ လေလံပွဲမှ ကျပ်ငွေသိန်း ၁၂၀၀ ကျော်အမြတ် ရရှိခဲ့ 


မြန်မာ့ဆက်သွယ်ရေးမှ ပထမဦးဆုံးအကြိမ် ကြီးကျင်းမှူးကျင်းပသည့် မိုဘိုင်းဖုန်းနံပါတ်အလှ လေလံပွဲ၌ ငွေကျပ် ၂ သိန်းတန် GSM ဖုန်းလိုင်းကို ငွေကျပ် ၄၇ သိန်း အမြင့်ဆုံးပေး၍ ၀ယ်ယူသွားခဲ့ကြောင်း၊ လေလံပွဲ၌ GSM ဖုန်းလိုင်း ၃၇ လိုင်းနှင့် WCDMA ဖုန်းလိုင်း ၂၃ လိုင်းကို လေလံတင်ရောင်းချခဲ့ပြီး စုစုပေါင်းအသားတင် အမြတ်ငွေမှာ ကျပ်သိန်းပေါင်း ၁၂၀၀ ကျော်ရရှိခဲ့ကြောင်း သိရှိရသည်။ လေလံပွဲကို ယခုလ ၁၅ ရက် နေ့၌ မန္တလေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး လေလံဝင် ရောက်ဆွဲခဲ့သူ ၁၂၉ ဦးရှိခဲ့သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုက်ဖော်ပြောဆိုခဲ့သည်။ ““လေလံလာဆွဲတဲ့လူတွေထဲမှာ မန္တလေးကလူတွေ သိပ်မတွေ့ရဘူး။ နယ်က လာတဲ့လူတွေပိုများမယ်ထင်တယ်””ဟု လေလံပွဲမှတာဝန်ရှိသူ တစ်ဦးကသုံးသပ်သည်။ အပူးနံပါတ်များပါဝင်သည့် GSM မိုဘိုင်းဖုန်းနံပါတ်အလှကို ကြမ်းခင်းဈေး ၇ သိန်းမှ စတင်ရောင်းချခဲ့ပြီး WCDMA ဖုန်းလိုင်း ကိုမှု ကြမ်းခင်းဈေး ၈ သိန်းကျပ် မှ စတင်ရောင်းချခဲ့သည်ဟု သိရသည်။ GSM မိုဘိုင်းဖုန်း ၄၀၄၄၄၄၄၄၄ ကို ငွေကျပ် ၄၇ သိန်း ပေး၍ ၀ယ်ယူခဲ့သည့် ဒေါက်တာ ရုံမိုး (ရန်ကုန်)က ““ ၄ တွေအများ ဆုံးပါတဲ့နံပါတ်ကို ကြိုက်လို့တမင် လာဝယ်တာ။ ဒီမှာ နှစ်လုံးဝယ် ဖြစ်တယ်။ နှစ်လုံးလုံးက ၄ တွေ အများဆုံးပါတဲ့ဟာပဲ။ ဒါကို ကိုယ်တိုင်အသုံးပြုဖြစ်မှာပါ။ ဈေးနှုန်းအများကြီးပေးပြီး လာဝယ်တဲ့လူရှိရင်လည်း စဉ်းစားရတာပေါ့”” ဟု အင်တာနက်ဂျာနယ်သို့ ပြောကြားခဲ့သည်။ အလားတူပင် WCDMA ဖုန်းလိုင်း ၄၄၃၆၆၆၆၆၆ ကို ငွေကျပ် ၂၅ သိန်းအပိုပေး၍ ၀ယ်ယူခဲ့သည့် ဦးသိန်းအောင် (မိုးကုတ်) ကလည်း ““ဒီနံပါတ်ကို ကြိုက်လို့တမင်လာ ၀ယ်တာဗျ။ ကိုယ်တိုင်ကိုင်ဖို့ဝယ်တာပါ။ ကျွန်တော်မှာ လောလောဆယ်ကိုင်ထားတဲ့ ဖုန်းနံပါတ်ကလည်း အခုလိုအပူးနံပါတ်တွေ အများကြီးပါတဲ့ဟာပဲ”” ဟုပြောကြားခဲ့သည်။ မြန်မာ့ဆက်သွယ်ရေးအနေဖြင့် အဆိုပါလေလံပွဲ၌ GSM မိုဘိုင်းဖုန်းလိုင်း ၃၇ လိုင်း၏ မှုတန်ဖိုး ၇၄ သိန်းနှင့် WCDMA မိုဘိုင်းဖုန်းလိုင်း ၂၃ လိုင်း၏ မှုလတန် ဖိုး ၅၇ သိန်း ၅ သောင်းကိုရရှိခဲ့ သည့်အပြင် GSM ဖုန်းလိုင်းများ၏ လေလံစနစ်မှ အမြတ်ငွေ ၈၅၃ သိန်း ၅ သောင်းကျပ်နှင့် WCDMA ဖုန်းလိုင်းများ၏ လေလံစနစ်မှ အမြတ်ငွေ ၄၂၅ သိန်းကို လည်း အသားတင်ရရှိခဲ့လေသည်။ ““အိမ်က သမီးကိုင်ဖို့အတွက် ကျွန်တော်နံပါတ်နဲ့တူတဲ့ ဖုန်းလိုင်းကို လေလံလာဆွဲတာပါ။ ဈေးပေးတဲ့လူတွေက ကြမ်းတယ်။ ကျွန်တော်က ၁၀ သိန်းလောက်ပဲ တက်နိုင်တာ။ သူများတွေပေးတဲ့ဈေးကို လိုက်မမီလို့ ကျွန်တော်မ၀ယ်ဖြစ်လိုက်ဘူး”” ဟုလေလံစနစ်ရှုံးနိမ့်သွား သူတစ်ဦးကဆိုသည်။ လေလံလာရောက်ဆွဲသူများ၌ ရန်ကုန်နှင့် မန္တလေးမြို့မှ မိုဘိုင်းဖုန်းဆိုင်များလည်း ပါဝင်ပြီး အချို့သောဖုန်းဆိုင်များမှာ မိုဘိုင်းဖုန်းအလုံးရေ ၁၅ လုံးခန့်ကိုပင် လေလံစနစ်ဖြင့် ၀ယ်ယူသွားခဲ့သည်ဟု သိရသည်။ ““ဒီလိုပွင့်လင်းမြင်သာစွာ လေလံစနစ်ပြုလုပ်တာကို ကျွန်တော်တို့ကြိုက်တယ်။ အရင်ကဆိုရင် နံပါတ်အလှဆိုတာ လူကြီးပိုင်းနဲ့နီးစပ်သူ တစ်ချို့ဆီကပဲ ထွက်နေကြတာ။ အခုဈေးပေးဝယ်တယ်ဆိုတာကလည်း လူတွေစိတ်ခံစားချက်ပါပဲ။ ပြည်ပနိုင်ငံတွေမှာ ဒီလိုလေလံ မျိုးတွေအတွက် ခံစားခွင့်ပေးတယ် ဆိုတာကတော့ ဟန်းဆက်တွေ ထည့်ပေးတာမျိုး၊ ဘီလ်စနစ်တွေ အခမဲ့ပေးသုံးစေတာမျိုးတွေရှိတယ်။ ဒီမှာမရှိဘူးဆိုတာကလည်း ကိုယ်နိုင်ငံက အခုမှစတင်ကာစပဲရှိသေးတယ်လေ””ဟု မိုဘိုင်းနံပါတ်အလှ လေလံစနစ်ဖြင့် ပတ်သက်၍ ACE ဟန်းဆက်အရောင်းဆိုင်ပိုင်ရှင် ဦးသိန်းထိုက်ကဆိုသည်။ ယခင်ရောင်းချခဲ့သည့် ၁၅ သိန်း ၅ သောင်းတန် GSM ဖုန်းလိုင်းများ၏ အမြင့်ဆုံးသော ပြင်ပ ပေါက်ဈေးမှာ သိန်း ၄၀ ၀န်းကျင်သာရှိခဲ့သော်လည်း ယခု ၂ သိန်း တန် GSM ဖုန်းလိုင်း၏ လေလံ စနစ်ပေါက်ဈေးကို ၄၇ သိန်းပေး၍ ၀ယ်ယူခဲ့ခြင်းသည် မှုရင်းဈေးနှုန်းထက် အဆ ၂၀ ကျော်မြင့်တက်နေသည့်အတွက် ဝေဖန်မှုများစွာ ရှိနေခဲ့သော်လည်း နံပါတ်အလှများအတွက် ပွင့်လင်းမြင်သာစွာရောင်း ချပေးခဲ့သည်ကို ကြိုဆိုခဲ့ကြသူများ လည်းရှိခဲ့ကြသည်။ မြန်မာဆက်သွယ်လုပ်ငန်းသည် အဆိုပါကဲ့သို့သော ဒုတိယမြောက်လေလံပွဲကို ရန်ကုန်မြို့ MICT Park ၌ နိုဝင်ဘာ လ ၂၂ နေ့တွင် ထပ်မံကျင်းပ သွားမည်ဖြစ်သည်။
 

0 ကွန်မန့်ရေးရန်:

Post a Comment