Tuesday, September 18, 2012

တိရိစ္ဆာန်အဆီများအား ရှမ်းမြောက်ဈေးကွက်သို့ ပဲဆီအနေဖြင့် ရောက်ရှိ


DETAIL NEWS
တိရိစ္ဆာန်အဆီများအား ရှမ်းမြောက်ဈေးကွက်သို့ ပဲဆီအနေဖြင့် ရောက်ရှိ
ငြိမ်းချမ်း(မြစ်မခ)
by Myit Makha Mediagroup on 13 Sep, 2012
စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် တရုတ်ပြည်သူများပင် စားသုံးခြင်းမရှိသည့် စားသုံးဆီများအား ရှမ်းပြည်နယ်မြောက်ပိုင်း စားသုံး ဆီဈေးကွက်အတွင်းသို့ မြေပဲနံ့ထည့်သွင်းကာ မြေပဲဆီပုံစံမျိုးဖြင့် ဈေးနှုန်းလျှော့ချဖြန့်ဖြူးရောင်းချလျှက်ရှိကြောင်း သိရှိရသည်။
တရုတ်ပြည်သူများပင် မသုံးစွဲသောတိရစ္ဆာန်တို့၏စွန့်ပစ်ပစ္စည်းများမှ ထုတ်လုပ်သည့် မသန့်ရှင်းသော စားသုံးဆီများကို ရှမ်းပြည်နယ်မြောက်ပိုင်း စားသုံးဆီဈေးကွက်သို့ ဖြန့်ဖြူးရောင်းချ ခြင်းများရှိနေသည်။
အဆိုပါဆီများအား ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စီးပွားရေးလုပ်ငန်းရှင်များမှ တရုတ်ပြည်မှ မသန့်ရှင်းသောတိရစ္ဆာန် အဆီများကို ပေပါများအတွင်း ထည့်သွင်းကာ မူဆယ်မှတဆင့် ကားများဖြင့် တင်သွင်းပြီး ပလပ်စတစ်ဗူးးများဖြင့် မိမိ၏ကိုယ်ပိုင်တံဆိပ်ကပ်၍ အနံ့ထည့်သွင်းဗူးသွပ်ကာ မြေပဲဆီဈေးကွက်အတွင်းသို့ ထည့်သွင်းရောင်းချနေခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။
“ကျွန်တော်တို့ နောင်ချိုမြို့ဈေးထဲမှာတော့ တရုတ်ပြည်လာတဲ့ဆီကို ဗူးထဲထည့်တံဆိပ်ကပ် ပြီး ရောင်းနေကြတာ၊ ဒီက ဈေးသည်တွေကတော့ ဒီဆီတွေပဲ ရောင်းနေကြတော့ ပြည်သူတွေ က ဒါပဲ စားနေကြတာ”ဟု နောင်ချိုမြို့မဈေးအတွင်းတွင် ဈေးရောင်းချသူတစ်ဦးကပြောသည်။
အဆိုပါ တရုတ်ဆီများမှာ ပြည်တွင်းမှထုတ်လုပ်သည့် ပဲဆီများနှင့်ဈေးနှုန်းချင်းယှဉ်ပါက ဈေးနှုန်းမှာ ထက်ဝက်ကျော် ကွာဟကြောင်းကိုလည်း သိရှိရသည်။
“ကျွန်တော့်ဆိုင်မှာ တင်ထားပေမဲ့ ကျွန်တော်ကအားနာလို့ သိပ်တောင်မရောင်းချင်ဘူး၊ နာမည်ကြီးတံဆိပ်မြေပဲဆီစစ်စစ် ငါးဆယ် သားတစ်ဘူးဆို နှစ်ထောင်ခုနှစ်ရာ ပေးရတယ်၊ တရုတ်ဆီ ငါးဆယ်သားတစ်ဘူးဆိုရင် တစ်ထောင်ငါးရာပဲပေးရတယ် ”ဟု နောင်ချိုမြို့ခံ ကိုညီညီက ပြောသည်။
အဆိုပါ တရုတ်ပြည် မူဆယ်လမ်းမှ တင်သွင်းလာသောစားသုံးဆီများမှာ ဈေးကွက်အတွင်း သို့ရောက်ရှိချိန်တွင် ပုဇွန်ဆီ၊ အေသုံးလုံး၊ မင်းကြီးကြိုက်၊ ဟင်းသီးဟင်းရွက်ပုံနှင့်လာသော တံဆိပ်များဖြင့် ဖြန့်ချီလျှက်ရှိကြောင်း ဒေသခံပြည်သူများထံက သိရှိရသည်။
အဆိုပါစားသုံးဆီများမှာ နောင်ချိုမြို့နယ်အတွင်းသာမက ပြင်ဦးလွင်မြို့နယ်၊ ကျောက်မဲ မြို့နယ်၊ သီပေါမြို့နယ်နှင့် လားရှိုးမြို့နယ်များအထိပါ ပြန့်နှံ့လျှက်ရှိကြောင်း ဒေသခံကုန်သည်များထံက သိရှိရသည်။
“ဒီတရုတ်ဆီဈေးကွက်ကတော့ ကျောက်မဲမှာလည်းရောင်းနေကြသလို လားရှိုးဈေးထဲမှာလည်းရှိတာပဲ”ဟု ကျောက်မဲမြို့ခံတစ်ဦးဖြစ်သည့် ကိုမျိုးက ပြောသည်။
ထိုကဲ့သို့ မသန့်ရှင်းသောဆီများကို ကြော်ချက်စားသုံးပါက ဟင်းလျာများတွင် အနံ့တမျိုး ထွက်လာကြောင်း ကျောက်မဲမြို့ခံအိမ်ရှင်မတစ်ဦးက ဆိုသည်။
တရုတ်ပြည်မှ မသန့်ရှင်းသောစားသုံးဆီများ တင်သွင်းမှုကို သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ပိတ်ပင်တားမြစ်သင့်ကြောင်းကိုလည်း နယ်ခံများက သုံးသပ်ပြောကြားကြသည်။
“မြေပဲဆီဆိုပြီး တံဆိပ်ကပ်ပြီး စားအုန်းဆီတွေ စားမိရင်တော့ အသည်းအဆီဖုံးနိုင်တယ်၊ အဆီဓါတ်ပိတ်မယ်၊ နှလုံးသွေးကြော ကျဉ်းမယ်၊ စတဲ့ ရောဂါတွေဖြစ်မယ် တိရစ္ဆာန် စွန့်ပစ် ပစ္စည်းတွေက ချက်ထားတဲ့အဆီဆိုရင်တော့ ရောဂါဖြစ်တာပိုဆိုးမယ် သွေးတိုးရောဂါရှိတဲ့လူတွေ လုံးဝမစားသင့်ဘူး” ဟု ရန်ကုန်ရှိ ကျန်းမာရေးဋ္ဌာနတစ်ခုမှ ဆရာဝန်တစ်ဦးက ပြောသည်။
ယခင်လများအတွင်းကလည်း နိုင်ငံခြားမှသဘောင်္ဖြင့် တင်သွင်းသော စားသုံးဆီများကို စစ်ဆေးရာ ပင်လယ်ရေများရောနှောထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ပြည်တွင်းထုတ် ဂျာနယ်ပါ ဖော်ပြချက်များအရ သိရှိရသည်။ — at မြန် မာ့ စီး ပွါး ရေး ဆိုင် ရာ သ တင်း များ.

0 ကွန်မန့်ရေးရန်:

Post a Comment