Tuesday, September 18, 2012

လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားများ သတင်း


၁၇ စက်တင်ဘာ ၂၀၁၂။ မန္တလေး အိုးဘိုထောင်က နိုင်ငံရေးအကျဉ်းသား (၄၆)ဦး လွတ်မြောက်လာ (ဓါတ်ပုံ - ကျော်ဇေ)
 
စက်တင်ဘာလ ၁၇ ရက်နေ့ ည ၁၀ နာရီအချိန်အထိ ရရှိသော သတင်းများအရ လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားများမှာ အင်းစိန်ထောင်မှ ၈ဦး၊ ပဲခူးထောင်မှ ၁ဦး၊ သာယာဝတီထောင်မှ ၃ဦး၊ မြင်းခြံထောင်မှ ၁ ဦး၊ တောင်ငူထောင်မှ ၂၆ဦး တို့ဖြစ်ကြောင်းနှင့် မန္တလေးအိုးဘိုထောင်မှ လွတ်မြောက် လာသူများတွင်လည်း နိုင်ငံရေး အကျဉ်းသားများ ပါဝင်ကြောင်း သိရသည်။

 နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ ပြုစုထားသော စာရင်းများအရ အင်းစိန်ထောင် တစ်ခုတည်းတွင်ပင် နိုင်ငံရေး အကျဉ်းသားပေါင်း ၈၀ ကျော်ရှိသော်လည်း ၈ ဦးသာ လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့သည့်အတွက် ယခု လွတ်မြောက်လာသူများတွင် နိုင်ငံရေးအကျဉ်းသား လွတ်မြောက်သည့် အရေအတွက်မှာ မျှော်လင့်ထားသည်ထက် အလွန် နည်းပါးနေကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှကိုထွန်းကြည်၏ ပြောကြားချက်အရ သိရသည်။

 ဦးထွန်းကြည်က "အခုလို ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်တဲ့အခါ နိုင်ငံရေး အကျဉ်းသားဆိုတာ မရှိသင့်တော့ပါဘူ။ သမ္မတကြီး ကိုယ်တိုင်ကလည်း နိုင်ငံကိုပြုပြင် ပြောင်းလဲမှု ပြုလုပ်ရာမှာ အားလုံးပါဝင်ဖို့လိုကြောင်း ပြောထားတာပါ။ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က အားလုံး ချွင်းချက်မရှိ လွတ်မြောက်ရေး အတွက်ပါ။ အရမ်းအရေးကြီးပါတယ်။ လက်ရှိရရှိတဲ့ သတင်းတွေအရ လွတ်မြောက်လာတာ အရမ်းနည်းနေပါတယ်။ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားများအားလုံး လွှတ်ပေးပါလို့ ကျွန်တော်တို့အနေနဲ့ တောင်းဆိုပါတယ်။"ဟု ပြောပြခဲ့ပါသည်။
Copy from - Eleven Media Group

0 ကွန်မန့်ရေးရန်:

Post a Comment