Wednesday, August 8, 2012

အင်္ဂလန်အခြေစိုက် ဇိမ်ခံသင်္ဘော ကုမ္ပဏီက မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံမည်



By Pyi Myanmar
အင်္ဂလန်နိုင်ငံအခြေစိုက် ပုဂ္ဂလိကလုပ်ငန်းစုများထဲမှ TLG ဇိမ်ခံသင်္ဘော ကုမ္ပဏီသည် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံတော့မည် ဖြစ်ကြောင်း ၂၄-၇-၂၀၁၂ ရက်က နိုင်ငံခြား သတင်းဌာနများတွင် ဖော်ပြထားသည်။

အဆိုပါ အင်္ဂလန်နိုင်ငံ အခြေစိုက် TLG ကုမ္ပဏီသည် မြန်မာနိုင်ငံရှိ ဧရာဝတီမြစ် အထက်ပိုင်း တစ်လျှောက်တွင် ဇိမ်ခံသင်္ဘောများကို ၂၀၁၃ ခုနှစ်မှစ၍ ပြေးဆွဲနိုင်ရန် မျှော်လင့်ထားကြောင်း ယင်းကုမ္ပဏီ၏ အကြီးအကဲ ဇိန်းလက်တစ်က ပြောသည်။

“မြန်မာနိုင်ငံအနေနဲ့ လက်ရှိဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှု များကြောင့် နိုင်ငံတကာရဲ့ စိတ်ဝင်တစား စောင့်ကြည့်မှုကို ခံနေရပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ လက်ရှိထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်ဖို့ ကဏ္ဍအချို့မှာ အခြေခံ အဆောက်အအုံတွေ အများကြီးလိုအပ်နေပါတယ်။

အထူးသဖြင့် ခရီးသွားလုပ်ငန်းလို ကဏ္ဍမျိုးမှာပေါ့။ TLG အနေနဲ့ မြန်မာ့ခရီးသွားလုပ်ငန်းရဲ့ တစ်စိတ်တစ်ဒေသဖြစ်ဖြစ် ဖွံ့ဖြိုးလာဖို့ နောက်နှစ်ကစပြီး ဧရာဝတီမြစ် အထက်ပိုင်းမှာ ဇိမ်ခံ သင်္ဘောလုပ်ငန်း လာရောက်လုပ်ကိုင်နိုင်ဖို့ မျှော်လင့်ထားပါတယ်” ဟုယင်းက ပြောသည်။

အမေရိကန် အခြေစိုက် ဇိမ်ခံသင်္ဘောလိုင်း တစ်ခုဖြစ်သည့် Grand Circle Cruises Line ကလည်း ၂၀၁၃ ခုနှစ် ခရီးသွားရာသီမှ စ၍ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ပြေးဆွဲရန် စီစဉ်နေကြောင်း ၂၀-၇-၂၀၁၂ ရက် ကြေညာခဲ့ပြီး နောက်ရက် အနည်းငယ်အတွင်း အင်္ဂလန်အခြေစိုက် သင်္ဘောလိုင်းကလည်း ယင်းကဲ့သို့ ကြေညာခဲ့ခြင်း” ဖြစ်သည်။

“ဇိမ်ခံသင်္ဘောတွေ ဧရာဝတီမှာ လာဆွဲမယ်ဆိုတော့ မြန်မာ့ခရီးသွားလုပ်ငန်း ပိုမိုတိုးတက်လာနိုင်ပါတယ်။ အရင်က မြန်မာနိုင်ငံမှာ အဲဒီလို ပြည်ပ ခရီးစဉ်တွေ ဆွဲတဲ့ နိုင်ငံခြားအပျော်စီး သင်္ဘောတွေ ရှိမှမရှိခဲ့တာ” ဟု ယင်းဇိမ်ခံသင်္ဘောများ လာရောက်မည့်အပေါ် ပြည်တွင်းရှိ နိုင်ငံတကာ ခရီးစဉ်များ စီစဉ်ပေးနေသော ခရီးသွား အေဂျင်စီတစ်ခုက ပြောသည်။

အမေရိကန်က မြန်မာနိုင်ငံတွင် စီးပွားရေး ရင်းနှီးမြှုပ်နှံရန် ၁၁-၇-၂၀၁၂ ရက်မှ စ၍ ခွင့်ပြုပေးခဲ့ပြီးနောက် အမေရိကန်မှ GE ကုမ္ပဏီက မြန်မာဆေးရုံနှစ်ရုံသို့ ဆေးရုံသုံးပစ္စည်းများ ရောင်းချခဲ့ပြီး အင်္ဂလန်နိုင်ငံကလည်း မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အဓိက လိုအပ်သော စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပြီး စီးပွားရေးကဏ္ဍ၊ လူမှုဆက်ဆံရေး ကဏ္ဍတို့တွင် ပိုမိုကောင်းမွန်စေရန် ဗြိတိန်ကုန်သွယ်ရေးရုံးကို ရန်ကုန်မြို့တွင် ၁၁-၇-၂၀၁၂ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

YTTA
· · · Yesterday at 3:16am ·

0 ကွန်မန့်ရေးရန်:

Post a Comment