Wednesday, August 8, 2012

သိုင်းသုံးကွက်

   ဦးဇင်းတို့ ငယ်ငယ်က သိုင်းကစားတာကို တော်တော်ရူးသွပ်ခဲ့ပါတယ်။ဗွီဒီယိုဇာတ်ကားကြည့်ရင် သိုင်းကားမှ ကြည့်ချင်တာ။သူငယ်ချင်းတွေစုံလို့ ဆော့ကြတဲ့အခါ သိုင်းချတမ်းပဲ ဆော့တာများပါတယ်။နောက်ပြီးတော့ ခုံပျံကျော်လွှားရတာကိုလည်း သဘောကျတယ်။ဘယ်လောက်ထိသဘောကျလဲဆိုရင် အိမ်ကခြံစည်းရိုးကို ၀ါးလုံးထောက်ပြီး ကျော်လိုက်တာပါပဲ။ ခုချိန်ထိ အဲဒီစိတ်က သိပ်မပျောက်ချင်သေးဘူးလေ။ ဒါပေမဲ့ ခုတော့ အဲဒီကျော်လို့ ဘယ်ဖြစ်တော့မလဲလေ နှော ။ သင်္ကန်းတစ်စုံ လျော့မှာစိုးလို့ပါ။
   အဲဒီလိုသိုင်းရူးထခဲ့ကြတဲ့ ဦးဇင်းတို့ကို ငယ်ငယ်က ဆရာတော်
မိန့်တာလေး ပြန်သတိရမိတယ်။ဆရာတော်က--------------
                        -ကိုရင်တို့ သိုင်းတတ်ချင်ကြလားကွ-တဲ့။
                        -မှန်ပါ တတ်ချင်ပါတယ်ဘုရား။(ရှောင်လင်သိုင်းဇာတ်ကားတွေကြည့်ထားတော့ ဒို့ဘုန်းကြီးလည်း တကယ်သိုင်းတတ်မယ်လို့ ထင်ခဲ့ကြတာပေါ့။)
                         -မင်းတို့တတ်ချင်ရင်ငါသင်ပေးမယ်ကွ။
(ဒို့တော့ ရှောင်လင်သိုင်းသင်ကြရတော့မယ်ဆိုပြီး ပျော်လိုက်ရတာ။)
                         -တကယ်တော့ သိုင်းပညာဆိုတာ သုံးမျိုးပဲရှိတာကွ။(ဒို့ကို ဘုန်းကြီးက သင်နေပြီဆိုပြီး ဘယ်တော့မှ မငြိမ်ဖူးတဲ့ ငြိမ်ခြင်းမျိုးနဲ့ နားစိုက်ထောင်နေကြတာေ
ပါ့။)
                         -အဲဒီသိုင်းသုံးမျိုးက (၁) လေသိုင်း၊ (၂) လက်သိုင်း ၊ (၃) ခြေသိုင်း ဆိုပြီး သုံးမျိုးရှိတယ်ကွ။(ဟာဟုတ်တယ်ဟ......အဲဒီသိုင်းသုံးမျိုးကို ဒို့ ဇာတ်ကားထဲမှာ ကြည့်ဖူးတယ် ဆိုပြီး ဆရာတော်ကိုလွှတ် အထင်ကြီးနေပြီလေ။)
                          -မင်းတို့ သေချာမှတ်နော်။
                          -တင်ပါ့ဘုရား။( တစ်ယောက်မှ မလှုပ်ရဲကြဘူး ။ သိုင်းတွေ မရလိုက်မှာ ကြောက်လို့လေ။)
                          -မင်းတို့ သိုင်းချရင် နံပါတ်(၁) လေသိုင်းကို အရင်တတ်ရမယ်ကွာ။
                           -တင်ပါ့ဘုရား။
                          -ကဲ ဥပမာ- တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်တော့မယ်ဆိုရင် ဘာလုပ်မလဲ။
                           -ကိုရင်တစ်ပါးက ....ကိုယ်က ဦးအောင်ချမယ်ဘုရား တဲ့။
                           -ဘုန်းကြီးက ..အေး လေသိုင်းတတ်ရင် ချစရာတောင်မလိုတော့ဘူးကွ....လို့ ပြောပြီး ခဏငြိမ်နေပါတယ်။ (ကိုရင်တွေကတော့ လေသိုင်းက ချစရာမလိုဘဲ နိုင်တယ်ဆိုတော့ တော်တော် အထင်ကြီးနေပါပြီ။ တစ်ယောက်နဲ့တစ်ယောက် ၀မ်းသာတဲ့ မျက်လုံးတွေနဲ့ ကြည့်လို့ပေါ့။)
                             -ဘုန်းကြီးက အဲဒီသိုင်းကို အသုံးချဖို့အတွက် မင်းတို့ စိတ်အေးအေးထားရမယ်ကွ တဲ့။
                             -တင်ပါ့ဘုရား။
                               -ပြီးတော့ လေသိုင်းကို သုံးတဲ့အခါ ဒေါသမဖြစ်ရဘူးကွ။ စိတ်အေးအေးထား။ အဲလိုစိတ်အေးအေးထားပြီးတော့မှပါးစပ်က ပြေရာပြေကြောင်းပြောရတယ်ကွ။ တောင်းပန်သင့်ရင် တောာင်းပန်ပေါ့ကွာ။
(ကိုရင်လေးများကတော့ နားမလည်စွာနဲ့ပဲ ငြိမ်ပြီးနားထောင်နေပါတယ်။
ဆရာတော်ကို ကြောက်လို့ ပြန်မပြောရဲတာလည်း ဖြစ်မှာပါ။)
                               -လေသိုင်းနဲ့ သုံးလို့မှ ကိုယ်က မနိုင်ဘူးဆိုရင် လက်သိုင်းကို သုံးရတော့မယ်ကွ -လို့ ဆရာတော်က ဆက်ပြောပါတယ်။(ကိုရင်တွေ အားလုံးကတော့ ငြိမ်ပြီးတော့ ဆက်လက် နားထောင်နေကြတာပါ။ ပြီးတော့ ဆရာတော်ဆီက ဘယ်လိုလက်သိုင်းများ
ပြမလဲဆိုပြီး ဆရာတော်ရဲ့လက်ကို မလွတ်တမ်း ကြည့်နေရတာကလဲ အသက်တောင်မှ ရှူဖို့ မေ့နေသလားအောင့်မေ့ရတယ်။)
                                ဆရာတော်က ဆက်ပြောပါတယ်.....
                                -မင်းတို့ လေသိုင်းနဲ့ ချလို့မှ မနိုင်ရင်တော့လက်အုပ်ချီပြီး
တောင်းပန်သင့်ရင်တောင်းပန်လိုက်ပေါ့ကွာ-တဲ့။(ကိုရင်တွေကတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးစိပြုံးစိဖြစ်နေပါပြီ။)
                                 -အဲလို လက်သိုင်းနဲ့ချလို့မှမရတော့ဘူးဆိုရင်တော့မင်းတို့ခြေသိုင်းနဲ့ချရတော့မယ်တဲ့။
                                 -တင်ပါ့ဘုရား။
                                   အေး ...ခြေသိုင်းက ပိုအရေးကြီးတယ်ဟေ့။ မင်းတို့ ခြေသိုင်းနဲ့ချရင်တော့မြန်မှ ရမယ်ကွတဲ့။(ကိုရင်လေးများကလည်း ဒီတစ်ခါတော့ တကယ့်ခြေသိုင်းနေမှာဆိုပြီး ဆရာတော်ရဲ့ခြေထောက်ကိုပဲ ကြည့်နေကြရတာပေါ့။)
                                   -ခြေသိုင်းနဲ့ချတဲ့အခါ အခြေအနေကြည့်ပြီး လွတ်လောက်မယ့်နေရာကိုသာ ထွက်ပြေးတော့ မောင်ရေ့တဲ့။
                                   ဆရာတော်ရဲ့ စကားလည်းဆုံးရော ကိုရင်တွေရယ်လိုက်ကြတာ
ပက်လက်တောင်လန်ပါတယ်။ ဆရာတော်လည်း သူ့တပည့်တွေရယ်တာကြည့်ပြီး တဟားဟားနဲ့ ပေါ့။ဆရာတပည့်တွေ သိုင်းသုံးကွက်နဲ့ ပွဲကျအောင် ရယ်နေခဲ့ကြတာပါ။
                 ကဲ ဦးဇင်းတို့ ကိုရင်ဘ၀က ဆရာတော်ထံက ရခဲ့တဲ့ သိုင်းသုံးကွက်ကတော့
အဲဒီလိုပါပဲ။သိုင်းသုံးကွက်ရမယ်ဆိုပြီး ခုထိတပည့်ခံနေတဲ့ မိတ်ဆွေသူငယ်ချင်းတွေရယ်ရတယ်ဆိုရင် ရယ်လိုက်ပါနော်။ရယ်စေချင်လို့ ရေးလိုက်တာပါ။
                 .........................................................................................................

             ရယ်ပြီးရင်တော့ ဆက်စဉ်းစားကြည့်ကြရအောင်ပါ။
            အဲဒီတုန်းက ဆရာတော်က တပည့်တွေကို ရယ်စရာ ပြောခဲ့တာလို့ မှတ်ချက်ချမိပါတယ်။ ဒါပေမယ့် ခု ဦးဇင်း ခဏခနတွေးကြည့်မိခဲ့တယ်။သိုင်းသုံးကွက် ကို ဓမ္မနဲ့ယှဉ်ပြီး တွေ့ကြည့်မိတာပါ။
                  တကယ်လို့ ငါတို့ ဘ၀တွေဟာ ကုသိုလ်ဆိုတဲ့ မိတ်ဆွေတွေ များများလိုချင်ရင် လေသိုင်းလို့ ဆိုတဲ့ နှုတ်နဲ့လည်း ရအောင်ယူရမယ်။ လက်သိုင်းလို့ ဆိုသင့်တဲ့ လှူဒါန်းမှု ၊ ပူဇော်မှု စတဲ့ အမူအရာတွေနဲ့လည်း ရအောင်ယူရမယ်။ ခြေသိုင်းလို့ ဆိုသင့်တဲ့ ကိုလျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေကို
ကောင်းရာဘက်များများလျှောက်ရင်းနဲ့ ရအောင်ယူရမယ်လို့...။
                ငါတို့ရဲ့ခဏတာ ဘ၀တွေမှာ အကုသိုလ်ဆိုတဲ့ ရန်တွေ ၀ိုင်းဝိုင်းလည်နေပြီဆိုရင်တော့ ...လေသိုင်းလို့ဆိုတဲ့ နှုတ်အားဖြင့် ဂုဏ်တော် ရွတ်ခြင်း ၊ မေတ္တာပွားနေခြင်း၊ ဘုရားဟော ဂါထာများကို ရွတ်ဖတ်နေခြင်း ၊ ပရိတ်ရွတ်ခြင်း၊ ပဌာန်းရွတ်ခြင်း၊ကုသိုလ်ဖြစ်စေနိုင်တဲ့ စကားကောင်းများကို များများပြောခြင်း ဖြင့် တိုက်ထုတ်ရမယ်၊
               ငါတို့ရဲ့ခဏတာ ဘ၀တွေမှာ အကုသိုလ်ဆိုတဲ့ ရန်တွေ ၀ိုင်းဝိုင်းလည်နေပြီဆိုရင်တော့ ...လက်သိုင်းလို့ ဆိုတဲ့ လက်တစ်စုံဖြင့်ဘုရားဝတ်ပြုနေခြင်း၊ အလှူဒါနတစ်ခုခုလုပ်နေခြင်း ၊ လမ်းပေါက် လမ်းပျက်များကို ဖာထေးပေးခြင်း ၊ လမ်းမပေါ်မှာ တွေ့ရတဲ့ ပုလင်းကွဲနှင့် ကျောက်ခဲများ ဆူးများကို သူတစ်ပါး တက်မနင်းမိအောင် ကောက်ယူဖယ်ရှားပေးခြင်း စတဲ့ ကုသိုလ်မှုတွေ ပြုလုပ်ပေးခြင်းဖြင့် တိုက်
ထုတ်ရမယ်။
                ငါတို့ရဲ့ခဏတာ ဘ၀တွေမှာ အကုသိုလ်ဆိုတဲ့ ရန်တွေ ၀ိုင်းဝိုင်းလည်နေပြီဆိုရင်တော့ ...ခြေသိုင်းလို့ ဆိုရမယ့် ခြေနှစ်ချောင်းကိုကောင်းတဲ့ ဘုရား၊ ကျောင်းကန်တွေဘက်၊ တရားရိပ်သာတွေဘက်၊ ပရဟိတလုပ်ငန်းတွေဘက် များများလျှောက်ဖြစ်အောင် လျှောက်ရင်းတိုက်ထုတ်ရမယ်။...အဲဒီလို စဉ်းစားမိပါတယ်။
                 မိတ်ဆွေ သူငယ်ချင်းများ ဒကာဒကာမများအားလုံး သိုင်းသုံးကွက်ကို တတ်မြောက်နိုင်ပါစေ။ သိုင်းသုံးကွက်နဲ့ပတ်သက်၍လွတ်လပ်စွာ တွေးခေါ်နိုင်ကြပါစေလို့....
                 မေတ္တာများစွာဖြင့် အရှင်စန္ဒကုမာရ (ရွှေတြိဂံ မောင်စံ)

0 ကွန်မန့်ရေးရန်:

Post a Comment