Wednesday, August 8, 2012

၂၀၁၄ မြန်မာအာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်တွင် ဂျပန်နိုင်ငံမှ ကူညီမည်



 လာမည့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံမှအာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်တွင် မြန်မာအစိုးရအား ဂျပန်နိုင်ငံမှ အပြည့်အဝ အကူအညီ ကောင်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း မြန်မာတိုင်းရင်းသားလူမျိုးများဆိုင်ရာ စေတနာရှင် ဂျပန်သံအမတ်ကြီး H.E Mr.Yohei Sasakawa က ပြောကြားကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် မြန်မာပို့စ်ဂျာနယ်တွင် ဖော်ပြပါရှိသည်။

“မြန်မာနိုင်ငံခြားရေးဝန်ကြီး ဂျပန်နိုင်ငံကို လာရောက်စဉ်က ၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌနေရာအတွက် မြန်မာနိုင်ငံကို ကူညီထောက်ပံ့ပေးဖို့နဲ့ ပတ်သက်ပြီး ညှိနှိုင်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာ ညီလာခံတွေမှာ မြန်မာနိုင်ငံကို Capacity Building မြှင့်တင်ပေးနိုင်ဖို့ အဓိက ဆွေးနွေးမှာဖြစ်ပါတယ်။ သင်တန်းတွေ ပို့ချဖို့လည်း စီစဉ်ထားပါတယ်။ မြန်မာနိုင်ငံအတွင်း ဝင်ရောက် လုပ်ကိုင်မယ့် ပြည်ပမီဒီ ယာတွေကိုလည်း အားပေးကူညီမှာဖြစ်ပြီး ရုပ်သံ ထုတ်လွှင့်ခြင်းနဲ့ သင်ဆိုင်တဲ့ ပညာရပ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေကိုလည်း ကူညီမှာပါ။ နေပြည်တော်ရှိ အစိုးရ တာဝန်ရှိသူတွေကလည်း ဆက်သွယ်မှု မြှင့်တင်လိုကြောင်း အခိုင်အမာ ပြောကြားခဲ့တဲ့အတွက် ဂျပန်အစိုးရက Optical fiber ပမာဏအများကြီးကို ရန်ကုန်နဲ့နေပြည်တော်မှ ၂၀၁၄ မတိုင်မီ ပံ့ပိုးပေးမှာဖြစ်ပါတယ်” ပာု စေတနာရှင် ဂျပန်သံအမတ်ကြီး H.E Mr. Yohei Sasakawa က ပြောကြားကြောင်း ပြည်တွင်း အပတ်စဉ်ထုတ် မြန်မာပို့စ် ဂျာနယ်တွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံအတွင်း ၁၉၇၆ ခုနှစ်မှ စတင်၍ အကူအညီကောင်းများပေးလျက်ရှိသည့် ဂျပန်နိုင်ငံ၏ နီပွန်ဖောင်ဒေးရှင်းသည် လက်ရှိအချိန်တွင် ပြည်တွင်းရှိ ပညာရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေးကဏ္ဍသုံးခုတွင် အဓိက ကူညီပံ့ပိုးဆောင်ရွက်လျက်ရှိသည့်အပြင် ရှမ်းပြည်နယ်၌ စာသင်ကျောင်များ ဆောက်လုပ်ခြင်း၊ ကျေးရွာများသို့ တိုင်းရင်းဆေးသေတ္တာများ ဖြန့်ဝေခြင်း၊ ဆေးဖက်ဝင်အပင်များ စိုက်ပျိုးခြင်း၊ ရွေ့လျားဆေးခန်းများ တည်ဆောက် ခြင်း၊ ခြေတုလက်တုနှင့် အရိုးတုများ ကုသတပ်ဆင်ခြင်းဆိုင်ရာ သင်တန်းကျောင်းများ တည်ဆောက်ခြင်း၊ ကရင်ပြည်နယ်တွင် စံပြစိုက်ပျိုးခြင်းနှင့် သင်တန်းပို့ချခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

“အစိုးရ ဝန်ထမ်းတွေထဲက ဝန်ထမ်းအချို့ကို အာဆီယံဥက္ကဋ္ဌနေရာကို လေ့လာနိုင်ဖို့အတွက် အာဆီယံဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ဖူးတဲ့ နိုင်ငံ တွေကို စေလွှတ်သွားမှာ ဖြစ်ပါတယ်”ပာု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် အစိုးရသစ် လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင် ပြောင်းလဲမှုများကို လုပ်ဆောင် ပြသခဲ့သည့်အတွက် ဂျပန်နိုင်ငံ အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ပေးဆောင်ရမည့် ကြွေးကျန်များကို လျော်ပေးခဲ့သည့်အပြင် နည်းပညာ အကူအညီကောင်းများ၊ ငွေကြေး အကူအညီ ကောင်းများကိုလည်း ထပ်မံ ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
 
သတင်းရင်းမြစ် - မြန်မာပို့စ်

0 ကွန်မန့်ရေးရန်:

Post a Comment