Thursday, August 2, 2012

စာနယ်ဇင်းအချို့ အရေးယူခံနေရခြင်းများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်းဖြစ်မြောက်ရေးကော်မတီ၏ သဘောထားကြေညာချက်(၄/၂၀၁၂)



=========================================

၁။ ပြည်တွင်းထုတ် The Voice နှင့် Envoy ဂျာနယ်နှစ်စောင်အား စာပေစိစစ်ရေးနှင့်မှတ်ပုံတင်ဌာနက ချမှတ်ထားသည့် စည်းကမ်းအချို့ကို ဖောက်ဖျက်သည်ဆိုကာ ထုတ်ဝေခွင့် အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ကြောင်း သိရှိရပါသည်။
၂။ မကြာသေးမီကလည်း ပြည်တွင်းထုတ် လျှပ်တစ်ပြက်ဂျာနယ်အား စည်းကမ်းဖောက်ဖျက်မှုဖြင့်ပင် ထုတ်ဝေခွင့်ရပ်ဆိုင်းခဲ့သည်မှာ ယနေ့တိုင် ထုတ်ဝေခွင့်ပြန်လည်မရရှိသေးဘဲဖြစ်နေပါသည်။
၃။ယခုလို အုပ်ချုပ်ရေးနည်းလမ်းဖြင့် အရေးယူနေသလို တစ်ဖက်တွင်လည်း တရားဥပဒေဖြင့်လည်းအရေးယူခြင်းများပြုလုပ်နေရာ The Voice နှင့် လျှပ်တစ်ပြက်ဂျာနယ်နှစ်စောင်မှာ ယနေ့တိုင် တရားရင်ဆိုင်နေရဆဲဖြစ်ပါသည်။
၎။ ယနေ့ကာလသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလဖြစ်သော်ငြား စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် စစ်မှန်သော စတုတ္တမဏ္ဍိုင်ပေါ်ထွန်းရေးအာမခံချက်ပေးသည့် မီဒီယာဥပဒေတစ်ရပ် မပြဌာန်းနိုင်သေးသလို တစ်ဖက်တွင်လည်း ခေတ်စနစ်နှင့်ကိုက်ညီမှုမရှိတော့သော စာနယ်ဇင်းဆိုင်ရာ ဥပဒေစည်းကမ်းများကို မဖျက်သိမ်းရသေးဘဲရှိနေပါသည်။

၅။ ဤကဲ့သို့သော ကာလတွင် တစ်ဖက်နှင့်တစ်ဖက်နားလည်စွာဖြင့်ညှိုနှိုင်းဖြေရှင်းရင်း ခေတ်သစ်သို့ ညင်သာစွာ ရွေ့လျားကူးပြောင်းကြရမည်ဟု မြန်မာနိုင်ငံသတင်းစာဆရာအသင်း ဖြစ်မြောက်ရေးကော်မတီက ယုံကြည်ပါသည်။
၆။ သို့ရာတွင် ခေတ်မမီတော့သော စည်းမျဉ်းစည်းကမ်းများကို ကိုင်စွဲလျက် ယခုလို ပြင်းထန်စွာအရေးယူမှုများဆက်တိုက်ပြုလုပ် လာခြင်းသည် နိုင်ငံတော်သမ္မတကြီးအကောင်အထည်ဖော်နေသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများအပေါ် ဆိုးကျိုးသာ ရိုက်ခတ်မှုရှိစေနိုင် ပြီး နိုင်ငံတကာနှင့်ပြည်သူများအကြား တည်ဆောက်အောင်မြင်နေသည့် ပြုပြင်ပြောင်းလဲရေးပုံရိပ်ကောင်းများအပေါ်လည်း အမည်းစက် စွန်းထင်စေနိုင်သည့် လုပ်ရပ်များဖြစ်သည်ဟု ကျွန်ုပ်တို့ယူဆပါသည်။



၇။ ထို့ကြောင့်တာဝန်ရှိသူများအနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလနှင့် လိုက်လျောညီထွေဖြစ်စေပြီး နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု ပုံရိပ်များမြှင့်တင်နိုင်ရေးအတွက် သတင်းမီဒီယာနှင့်စာနယ်ဇင်းအချို့အပေါ် လတ်တလော အရေးယူနေမှုများအား ပြန်လည်စဉ်းစားပေးရန် ကျွန်ုပ်တို့က တောင်းဆိုပါသည်။
၈။ စာနယ်ဇင်းနှင့်သတင်းမီဒီယာများနှင့် အခြားအဖွဲ့အစည်း လူပုဂိုလ်များအကြားတွင် ပေါ်ပေါက်လေ့ရှိတတ်သော နားလည်မှုလွဲခြင်းများ၊မပြေလည်မှုများ၊ပဋိပက္ခများကို ကြားဝင်ဖြေရှင်းပေးနိုင်မည့် လွတ်လပ်သော အဖွဲ့အစည်းကြီးတစ်ခုအမြန်ဆုံးပေါ်ပေါက်လာရေး၊ စစ်မှန်သော စတုတ္ထမဏ္ဍိုင်ဖြစ်စေရေးအာမခံချက်ပေးမည့် မီဒီယာဥပဒေတစ်ရပ် အမြန်ဆုံးပြဌာန်းနိုင်ရေးတို့ကို တာဝန်ရှိသူများက ၀ိုင်းဝန်းအကောင်အထည်ဖော်ပေးကြပါရန် ကျွန်ုပ်တို့ကတိုက်တွန်းပါသည်။

မြန်မာနိုင်ငံသတင်းစာဆရာအသင်းဖြစ်မြောက်ရေးကော်မတီ
၂၀၁၂ခုနှစ် သြဂုတ် (၁) ရက်
ရန်ကုန်မြို့။

0 ကွန်မန့်ရေးရန်:

Post a Comment