Sunday, August 12, 2012

ဧဒင်မသန်စွမ်းရိပ်မြုံမှ ရေကုထုံးနည်းပညာများ ဖြန့်ဝေလိုက်ကြရအောင် သူငယ်ချင်းတို့ရေ



ဧဒင် မသန်စွမ်းသက်ငယ်များပြုစုရာ ရိပ်မြုံမှ ရေကုထုံးနည်းပညာ များအား ဖြန့်ဝေသွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း ၎င်းရိပ်မြုံမှ အုပ်ချုပ်မှုဒါရိုက်တာ ဆလိုင်းထာအုပ်က ပြောသည်။
အဆိုပါ ရေကုထုံးကို ၂၀၀၅ ခုနှစ်မှ စတင်ခဲ့သော်လည်း စနစ်တကျ မသုံးစွဲ နိုင်ခဲ့၍ ယခုနှစ် မတ်လတွင် အစ္စရေးသံရုံး၏ပံ့ပိုးမှုဖြင့် အစ္စရေး နိုင်ငံတွင် ရေကုထုံးနည်းပညာကို လေ့လာနိုင်ခဲ့ပြီး ပြည်တွင်းရှိ စိတ်ဝင် စားသော အဖွဲ့အစည်းများအား ၎င်းပညာကို ဆက်လက်ဖြန့်ဝေ သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
"ကလေးတွေအတွက် ရေကုထုံးကို အသုံးပြုနိုင်ဖို့ အချိန်အတော် ကြာကြာ ကြိုးစားခဲ့ရတယ်။ နီးစပ်ရာ အကြော ပြင် ပညာရှင်တွေ၊ အင်တာနက်က လည်းတစ်ဆင့်
ရှာပြီး အနီးစပ်ဆုံးဖြစ်အောင် လုပ်ခဲ့ရတယ်။ မသန်စွမ်းတဲ့ ကလေးတစ်ယောက်ကို ရေကုထုံးနဲ့ကုဖို့ အရင်ဆုံး ကလေးကို ရေနဲ့ရင်းနှီးအောင် လုပ်ပေးရမယ်။ ရေထဲမှာ ဘယ်လို အသက်ရှူရသလဲ၊ ဟန်ချက်ကို ဘယ်လိုထိန်းမလဲ စတာတွေကို ကလေး သိသွားမှ၊ ရေကိုမကြောက်တော့မှ၊ ရေထဲမှာ လေ့ကျင့်ခန်းတွေဆက်လုပ်လို့ရမယ်"ဟု ဆလိုင်းထာအုပ်က ပြောသည်။
ရေကုထုံး၏အဓိကအချက်မှာ အသုံးပြုသောရေသည် သတ်မှတ်ထားသော အပူချိန်၊ PH အတိုင်းအတာ၊ ရေ၏ သိပ်သည်းဆနှုန်းများ ရှိနေရမည့်အပြင် ကလိုရင်းခတ်ထားရပြီး ပိုးလည်းသတ်ထားရမည်။ ရေကိုအသုံးပြုပြီးတိုင်းလည်း ရေသန့်စင်တဲ့စနစ် တပ်ထားရ မည်ဖြစ်သည်။
"လက်ရှိတော့ ရေကန်အတွက် အပူပေးစက်နဲ့ အပူချိန်တိုင်းစက်ကို မတပ်နိုင်သေးဘူး။ မီးဖိုကွိုင်တွေကို ကန်ပတ်လည်မှာ တပ်ထား ရတယ်။ ကလိုရင်း ခတ်တယ်၊ ရေသုံးပြီးတိုင်း ရေလဲပေးတယ်။ အစ္စရေးမှာ ရေရှားလို့ ကန်ထဲက ရေကိုပဲ တစ်နှစ်လုံး ရေသန့်စင် စနစ်နဲ့ သုံးတယ်။ ဒီမှာရေပေါပြီး စက်ကိရိယာ ရှားနေတယ်" ဟု ၎င်းက ပြောသည်။
ရေသည် မသန်စွမ်းကလေးများ အတွက် အခြားကလေးများနည်းတူ အသက်ရှင်သန်မှု၊ ခန္ဓာကိုယ်ကြံ့ခိုင် သန်စွမ်းမှုနှင့် ပျော်ရွှင်မှု တို့ကို ပေးစွမ်းနိုင်သည့်အပြင် လွတ်လပ်စွာ လှုပ်ရှားမှု ပြုနိုင်သော ပတ်ဝန်းကျင်အခြေအနေ တစ်ခုလည်းဖြစ်ကြောင်း၊ မသန်စွမ်း ကလေးများအတွက် မိမိကိုယ်မိမိ ယုံကြည်မှုနှင့် လေးစားတန်ဖိုးထားတတ်မှု တို့ကိုဖြစ်ပေါ်စေနိုင်သည်ဟု ဆိုသည်။
အစ္စရေးသံရုံးမှ သံအမတ်ကြီး မစ္စတာ ယာရွန်မေယာက ၎င်းနိုင်ငံတွင် ရေကု ထုံးနည်းကို ဆေးရုံများ၊ ပုဂ္ဂလိက ဆေးခန်းများ၊ ကျန်းမာရေးစင်တာများတွင် ဆေးကုသမှုကုထုံးအဖြစ်သာမက စိတ်အပန်းဖြေမှုတစ်ခုအဖြစ်လည်း တွင်ကျယ်စွာ အသုံးပြုလျက် ရှိသည်။
"မြန်မာနိုင်ငံက ဧဒင်က ဒီကုထုံးကို စိတ်ဝင်စားတာသိရတော့ ၀မ်းသာတယ်။ ဒီထက်ပိုတာက ဒီပညာကို အစ္စရေးနိုင်ငံက သင်တန်း ပေးခြင်းဖြင့် မြန်မာ နိုင်ငံက ပညာရှင်တွေကို ဖြန့်ဝေပေး နိုင်ခဲ့တာပါပဲ။ ကျွန်တော်က ပညာရှင် မဟုတ်လို့ သိပ်မသိပေမယ့် ရေကုထုံး ကို အသုံးပြုပြီး မသန်စွမ်းကလေးတွေသာမက သာမန်လူတွေရဲ့ နေ့စဉ် ကျန်းမာရေးအတွက်လည်း အထောက်အကူပြုလို့ အစ္စရေးမှာ လူကြိုက်များတယ်"ဟု ၎င်းက ပြောသည်။
လှုပ်ရှားသွားလာမှုတွင် အခက်အခဲ ရှိသော မသန်စွမ်းကလေးများသည် ခန္ဓာကိုယ်သွင်ပြင်၊ အရာဝတ္ထုတစ်ခု၏ တည်နေရာနှင့် အကွာအဝေးကို သိရှိနိုင်မှုတို့တွင် အခက်အခဲရှိတတ်ပြီး ရေ ထဲတွင်မူ မသန်စွမ်းသောကလေးများ အနေဖြင့် လှုပ်ရှားမှုများကို လွယ်ကူစွာ ပြုလုပ်နိုင်သောကြောင့် ၎င်းမှတစ်ဆင့် ကလေး၏ သိရှိမှုနှင့် သဘောပေါက် နားလည်မှုတို့ကို တိုးတက်စေသည်။
ဟန်ချက်ထိန်းနိုင်ခြင်းနှင့် တည်ငြိမ်မှု တို့တွင် အခက်အခဲရှိသော မသန်စွမ်း ကလေးများတွင် စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုများ ရောထွေးဖြစ်ပေါ်နေ တတ်သည့်အပြင် လဲကျမည်ကိုစိုးရိမ် ခြင်း၊ ဆက်သွယ်မှုနှင့် နားလည်သဘော ပေါက်မှုတွင် အားနည်းခြင်း၊ မူမမှန်သော လှုပ်ရှားမှုများကို ထိန်းချုပ်ရန် ခက်ခဲခြင်းစသည်တို့ ရှိနေတတ်ရာ ယင်းတို့ကို ရေကုထုံးဖြင့်ကုသလေ့ကျင့် ပေးခြင်းဖြင့် တိုးတက်လာစေနိုင်သည်။
HYDROTHERAPY ၏ မူရင်းစာလုံးသည် ဂရိဘာသာဖြစ်ပြီး HYDRO မှာ ရေဟုအဓိပ္ပယ်ရကာ THERAPY မှာ ကုသခြင်းဟု အဓိပ္ပယ်ရသည်။ ရေ ကုထုံးသည် ပြန်လည်ထူထောင်ရေး ကဏ္ဍတွင် အကြောအဆစ်ကျွမ်းကျင်သူများ အသုံးပြုသော ထိရောက်သည့် ကုထုံးနည်း တစ်နည်းဖြစ်သည်။
www.edinooyin.com
ဧဒင်ဥယျာဉ်
ဥယျာဉ်မှူး ၃

0 ကွန်မန့်ရေးရန်:

Post a Comment