chery J3 ( Internet )
ချယ်ရီ (Chery) ကားအပါအဝင် တရုတ်နိုင်ငံထုတ် ကားများတွင် အဆုတ်ကင်ဆာဖြစ်စေသော asbestos ဖိုင်ဘာဓာတ်ပစ္စည်းများ အသုံးပြုထားသည်ကို တွေ့ရှိရခြင်းကြောင့် ဩစတေးလျ နိုင်ငံတွင် ကားစင်းရေ ၂၃,၀၀၀ ကိုပြန်လည်သိမ်းယူလျက်ရှိကြောင်း The Straits Times သတင်းတွင်ဖော်ပြထားသည်။
အဆိုပါ Asbestos ဖိုင်ဘာဓာတ်ပစ္စည်းများသည် အဆုတ်ကင်ဆာဖြစ်စေသောကြောင့် နိုင်ငံပေါင်း ၅၀ကျော်ကသုံးစွဲခွင့်ပိတ်ပင်ထားသော ပစ္စည်းများဖြစ်သည်။

ဩစတေးလျနှင့်အလားတူ စင်ကာပူနိုင်ငံရှိ Chery ချယ်ရီကားများတွင် အဆိုပါ ဓာတ်ပစ္စည်းပါဝင်မှုရှိမရှိကိုစစ်ဆေးရန် Vertex Automobile ကားတင်သွင်းသည့် ကိုယ်စားလှယ်က စင်ကာပူရှိ Setsco ဓာတ်ခွဲခန်းသို့ နမူနာပစ္စည်းများ ပေးပို့ထားပြီး၊ asbestos ဓာတ်ပစ္စည်းပါဝင်မှုရှိ၊ မရှိ သိရှိရန် အချိန်တစ်ပတ်ခန့်ကြာမည်ဖြစ်ကြောင်း အဆိုပါကားတင်သွင်းသည့် ကိုယ်စားလှယ်ကပြောကြားသည်။
တရုတ်နိုင်ငံထုတ် Chery ချယ်ရီကားများထဲမှ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် အဆုတ်ကင်ဆာဖြစ်ပွားစေသော asbestos ဖိုင်ဘာဓာတ်ပစ္စည်းပါဝင်သည့် ကားအမျိုးအစားများမှာ J3 နှင့် T11 ကားအမျိုးအစားများဖြစ်သည်။
စင်ကာပူတွင် Chery ချယ်ရီကားစင်းရေ ၁,၈၀၀ ရှိသော်လည်း၊ asbesots ဓာတ်ပစ္စည်းများပါသည့် အထက်ပါ မိုဒယ်ကားအမျိုးအစား စင်းရေမှာ ၄၁၄ စင်းသာရှိသည်ဟု စင်ကာပူ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့က ပြောကြားသည်။
အန္တရာယ်ဖြစ်စေသော ဓာတ်ပစ္စည်းများပါဝင်ခြင်းကြောင့် ပြန်သိမ်းယူသည့် တရုတ်နိုင်ငံထုတ်ကားများတွင် Chery ချယ်ရီအမှတ်တံဆိပ် ကားများသာမက Great Wall အမှတ်တဆိပ်ကားများလည်းပါဝင်သည်။
စင်ကာပူနိုင်ငံတွင် အဆုတ်ကင်ဆာနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်စေနိုင်သော asbestos ဓာတ်ပစ္စည်းကို အဆောက်အဦသုံးပစ္စည်းများတွင် အသုံးမပြုရန် ၁၉၈၉ခုနှစ်ကစ၍တားမြစ်ထားခဲ့ပြီး၊ ကားများတွင်အသုံးမပြုရန်ကိုမူ ၂၀၀၄ ခုနှစ်က စ၍ တားမြစ်ထားခဲ့သည်။
The Voice Weekly' Facebook
0 ကွန်မန့်ရေးရန်:
Post a Comment