Tuesday, August 28, 2012

ဒုလ္လဘဝတ်ပြီးမှ လူဖြစ်လာတယ်လို့ ကိုယ့် ကိုယ်ကိုယ် ခံစားရတယ် မိုးအောင်ရင်


လတ်တလော ဇာတ်ကား ရိုက်ကူး မှုက..
ကျွန်တော် ဒုလ္လဘ ဝတ်ထားတော့ ဘုန်းကြီးလူထွက် ဇာတ်လမ်းတစ်ပုဒ် ရိုက်တယ်။
အဲဒီဇာတ်လမ်းရိုက်ဖို့ ဒုလ္လဘဝတ်တာလား..
မဟုတ်ဘူးဗျ။ ဒုလ္လဘဝတ်ပြီးမှ ဒီဇာတ်ကားရိုက်ကူးဖို့ ဖြစ်လာတာ။
Lucky 7 နဲ့ ဆက်ပြီး အလုပ်လုပ်ဖြစ်တဲ့ ပုံစံကရော...
တစ်လမှာ တစ်ကားရိုက်မယ်။ ပြီးတော့ အပြင်တိုက်တွေနဲ့ ရိုက်ကူးခွင့်ပြုလိုက်ပြီ။
တစ်လမှာ တစ်ကားဆိုတော့ ပရိသတ်နဲ့ ဝေးလွန်းမသွားဘူးလား..
ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း ကားတွေက တစ်လမှာ ငါးကားထွက်ပြီး ငါးကားစလုံး မကောင်းရင် အလကားပဲလေ။ ကျွန်တော့်အနေနဲ့ကတော့ အဆိုးထဲက အကောင်းပဲ ရွေးရမှာပဲ။ တစ်လမှာ တစ်ကားပဲရိုက်ပြီး အဲဒီတစ်ကားကို ကောင်းအောင်ရိုက်ရင် အဆင်ပြေမယ် ထင်ပါတယ်။
အပြင်တိုက်နဲ့ ရိုက်ကူးမှု အခြေအနေတွေကရော..
လောလောဆယ်ကတော့ အပြင်တိုက်တွေက ကမ်းလှမ်းမှု မရှိသေးပါဘူး။

ဇာတ်လမ်းရွေးချယ်မှု အပိုင်းမှာရော ကိုယ့်စိတ်တိုင်းကျ ရွေးချယ်ခွင့်ရှိပြီလား..
အရင်တုန်းက အဲဒီလောက်ထိ အခွင့်အရေး မပေးခဲ့ဘူး။ ခု နောက်ပိုင်းတော့ ဇာတ်ကား မရိုက်ခင်ကတည်းက ကျွန်တော့်ကို ဇာတ်တွေ ပေးဖတ်လာတယ်။ အဆင်ပြေလာပါတယ်။
ကိုယ့်ကိုလာပေးတဲ့ ဇာတ်အပေါ်မှာ ငြင်းပိုင်ခွင့်ရှိလာတဲ့အပေါ် ဘယ်လိုခံစားရလဲ..
တစ်ခုရှိတာက အဲဒီလိုဖြစ်လာတော့ တစ်ခါတလေကျတော့လည်း ကောင်းတယ်။ တစ်ခါတလေကျတော့လည်း မကောင်းဘူး။ ဥပမာ တချို့ဇာတ်လမ်းကျ ထုတ်လုပ်သူက ရိုက်စေချင်တယ်။ ကိုယ်က မကြိုက်ဘူး။ အဲဒီအခါကျရင် ဘာဖြစ်လဲဆိုတော့ ဒီကောင်က လူပါးဝတာလား၊ မင်းသားမို့လို့လားဆိုပြီး မြင်လာတတ်တယ်။
ကျွန်တော်က တခြားတိုက်မရှိသေးလို့ သူ့စိတ်ထဲမှာ သူကောင်းတယ်ထင်တဲ့ ဇာတ်တစ်ခုကို ကျွန်တော်က မကောင်းဘူးဆိုပြီး ငြင်းတဲ့အခါ တခြားတိုက်ရှိနေလို့ မရိုက်ချင်ဘူးဆိုတဲ့ ပုံစံမျိုး ဖြစ်လာနိုင်တယ်။ ဘယ်အရာမဆို မကောင်းတာနဲ့ ကောင်းတာကတော့တွဲပြီး လာတာပါပဲ။
ပြိုင်ဆိုင်မှုတွေများတဲ့ ဒီကာလမှာ နေရာတစ်ခုမှာ ရောက်ရှိနေတဲ့ မိုးအောင်ရင်ရဲ့ ဆက်လက်ကြိုးစားမှုက...
ကျွန်တော်ကတော့ ခုဒီအတိုင်းလေး ဆက်သွားနေရင်တော့ ကျွန်တော် လိုအပ်နေသေးတယ်လို့ ထင်တယ်။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း အားမရတာလေးတွေ ရှိတယ်။ အဲဒါတွေကို အခွင့်အရေး ကြုံရင် ကြုံသလို အားထုတ်ပြီး ကြိုးစားသွားမယ်။ အဲဒါကိုမှ မအောင်မြင်ခဲ့ဘူး အဆင်မပြေခဲ့ဘူးဆိုရင် နောက်ဆုံး လုံးဝမဖြစ်ခဲ့ဘူးဆိုရင် ကျွန်တော်တတ်နိုင်သလောက် တွေးပြီးလုပ်သွားမယ်။ မရတဲ့အဆုံးမှာ ဘာဖြစ်မလဲတော့ ကိုယ့်ကိုယ်ကိုယ်လည်း သိချင်တယ်။
ခုဆို နိုင်ငံရပ်ခြားကို ထွက်သွားတဲ့ အနုပညာရှင်တွေ ဒီကိုပြန်လာပြီး အောင်မြင်တဲ့ ဖျော်ဖြေပွဲကြီးတွေ လုပ်ကြတဲ့အခါ အဖေဖြစ်သူ ဦးအောင်ရင်ကိုရော ပြန်မလာစေချင်ဘူးလား..
လာစေချင်တာပေါ့။ အဖေကိုယ်တိုင်လည်း လာချင်ပါတယ်။ အဖေ့ရဲ့ ကျန်းမာရေးက ပြန်ကောင်းနေပါပြီ။ အဖေက ပြန်လာမယ်ဆိုရင် ကျွန်တော့်ဆီလာရမလား၊ ညီမလေးဆီသွားရမလား ဖြစ်နေတယ်။ ကျွန်တော့်အနေနဲ့ ကျတော့လည်း ညီမလေးဆီပဲ သွားစေချင်တယ်။ သူ့ ပရိသတ်တွေ တွေ့ရင်လည်း ပြန်မလာဘူးလားလို့ ခဏ ခဏ မေးကြတယ်။
အဖေက ကျွန်တော်လည်း လေးစားရတဲ့ အနုပညာရှင်လည်း ဖြစ်တယ်။ သူတကယ်အောင်မြင်ပြီး အသံကောင်းခဲ့တဲ့ အနုပညာရှင်တစ်ယောက်၊ ပရိသတ်တွေ ခုချိန်ထိ သူ့ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို တောင့်တနေတဲ့သူတွေ ရှိတယ်ဆိုတာ သိတယ်။ ပြန်လာစေချင်ပေမယ့် အဖေပြောတာက နောက်ထပ်လေးငါးနှစ်ပဲ စောင့်ပါဆိုတော့ လွမ်းလက်စနဲ့ ဆက်လွမ်းရမယ့်သဘော ဖြစ်နေတာပေါ့။
လူငယ်တစ်ယောက်အနေနဲ့ မိဘနဲ့ ခွဲခွာပြီးနေရတဲ့ ခံစားမှုက..
ကျွန်တော်တို့ လူငယ်စကားနဲ့ ပြောရင်တော့ ပလပ်ကျွတ်တာပေါ့။ လုပ်ချင်ရာတွေ လျှောက်လုပ်ချင်တဲ့ အချိန်တွေ ရှိတယ်။ အထိန်းအကွပ် မရှိတဲ့အခါကျတော့ ဥပမာ ရေပုံးလို သဘောထားလိုက်မယ်ဗျ။ ရေပုံးက လျှံကျသွားလည်း သူ့ကို ဘေးက ထိန်းထားတဲ့ အထိန်းရှိတဲ့အတွက် အဲဒါကိုကျော်ပြီး မကျတော့ဘူး။ ကျွန်တော်လည်း သေချာအတိကျကြီးတော့ မပြောတတ်ဘူးဗျ။
ကျွန်တော့်မှာ အထိန်းမရှိတဲ့အခါကျတော့ လွတ်သွားတဲ့အချိန်မျိုးတွေ ရှိခဲ့ပါတယ်။ လူတွေကြား ဆက်ဆံရေး အဆင်မပြေတာမျိုးတွေ ကြုံဖူးတယ်။ ကျွန်တော့်စိတ်ထဲမှာ ရည်ရွယ်တာတော့ မဟုတ်ဘူး။ ကျွန်တော်မသိဘဲ မှားခဲ့တာတွေအတွက် အားလုံးကို တောင်းပန်ပါတယ်။
အဲဒီအတွက် နောက်ထပ်ရတဲ့ ကောင်းကျိုးက..
သေချာတာတစ်ခုက ကိုယ့်အမှားကိုယ် မြင်လာတယ်။ နောက်တစ်ခုက ကိုယ့်ကိုယ်ကိုယ် ပဲ့ကိုင်ထိန်းကွပ်ရတဲ့ အတွက်ကြောင့် တစ်ခါတလေကျတော့ အပျင်းမထူတော့ဘူးပေါ့။ သဘောက အလုပ်ရှိတယ် ဘယ်အချိန်ထရမယ်ဆို အရင်က အဖေအမေကနှိုးလည်း ဂျီကျပြီး မထဘူး။ ခုကျတော့ ကိုယ့်ကိုယ်ကိုယ် ပြန်နှိုးရတာဆိုတော့ ဂျီကျလို့မရဘူး။ ကိုယ်မှမလုပ်ရင် ဒီအလုပ်က မဖြစ်ဘူးဆိုတော့ တစ်ခါတလေကျတော့ စိတ်ဖိစီးမှု များတာပေါ့။ ဒါပေမဲ့လည်း ဒါက ဘဝရဲ့ နိယာမဆိုတာ ဒီလိုပဲဆိုတာ မြင်လာတယ်။
ပရိသတ်ကို ပြောချင်တာ..
ကျွန်တော် တတ်နိုင်သလောက် ဆက်လက်ပြီး ကြိုးစားပါ့မယ်။ မှားတာရှိရင် ခွင့်လွှတ်သည်းခံ နားလည်ပေးကြပါ။ တစ်ယောက်တည်းဆိုတဲ့ အခါကျတော့ အမှားတွေ အများကြီး ရှိပါတယ်။ ဆက်လည်း မှားချင်မှားမယ်။ ဒါပေမဲ့ မှားတဲ့အမှားတွေသည် ကျွန်တော်ရည်ရွယ်ပြီး တမင်တကာ လုပ်ချင်ရာလုပ်တယ် ဂရုမစိုက်ဘူးဆိုတဲ့ အမှားမျိုး မဟုတ်ပါဘူး။ ကျေးဇူးတင်ပါတယ်။
တစ်ယောက်တည်း နေနေရတဲ့ ဘဝမှာ ကိုယ့်အတွက် အရင်းနှီးဆုံး တိုင်ပင်ရမယ့်သူ မရှိဘူးလား..
သူငယ်ချင်းတွေတော့ ရှိတယ်။ ရည်းစားဆိုရင်တော့ မရှိပါဘူး။ ခုချိန်မှာ ကျွန်တော့်ကို စိတ်သောက ဖြေဖျောက်နည်း သွန်သင်ညွှန်ပြပေးတာက ကျွန်တော့်ရဲ့ တစ်ခြံကျော်မှာရှိတဲ့ ဘုန်းကြီးကျောင်းက ဆရာတော်ပါပဲ။ ကျွန်တော် ဒုလ္လဘဝတ်ပြီးသွားတဲ့ အချိန်မှာ တရားတွေ အများကြီး ရလာတယ်။ ပြီးတော့ ကျွန်တော်ခုမှ လူဖြစ်လာတယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြောရမှာပဲ။
8 Days

0 ကွန်မန့်ရေးရန်:

Post a Comment