Sunday, July 1, 2012

သတိတစ်ချက်အလွတ်မှာ မိုးရေထဲမျောပါသွားတဲ့ မကွေးမြို့က(၈)နှစ်သားကလေး မောင်တင်ဖြိုးဝေ

ခဏတာမျှသော အချိန်ကလေးမှာသတိတစ်ချက်လွတ်မိတာနဲ့ မိုးရေထဲမျောပါသွားရရှာတဲ့ ကလေးငယ်လေးရဲ့ အကြောင်းကတော့ ကြားရတဲ့သူတိုင်းက စိတ်မကောင်းဖြစ်နေကြရတဲ့ဖြစ်ရပ်တစ်ခုပါ။သိုပေမယ့် သေခြင်းတရားဆိုတာက ဘယ်သူမှရှောင်လွဲလို့မရနိုင်တဲ့ “အနိစ္စ” တရားပါပဲ။ကိုယ်ရဲ့အကြောင်းတရား ဆက်စပ်မှုမှာ အသက်ရှည်စွာနေရဖို့ဆိုတာက ကိုယ်ရဲ့ကံတရားနဲ့ အဓိကပက်သက်နေတာပါ။ ကိုယ်ရဲ့အလှည့်ကဘယ်လိုကြုံကြရမယ်ဆိုတာလည်း ဘယ်သူကမှ သေသေချာချာမပြောနိုင်ပါဘူး။

မိုး စနေ၊ လေ ရာဟု ဆိုတဲ့ စကားအတိုင်း ၁၆.၆.၂၀၁၂ နေ့က စနေမိုးသည်
မကွေးမြို့အဖို့ မိုးရာသီရဲ့ ပွဲဦးထွက် အသည်းဆုံးထန်ဆုံးလို့ဆိုနိုင်ပါတယ်။မိုးကိုတောင့်တနေတဲ့ မကွေးမြို့ကပြည်သူများဟာ မိုးသည်းထန်မှုကို ကြိုဆိုရင်း လူကြီး လူငယ် ကလေးတွေဟာ မိုးရေထဲ ပျော်မဆုံးမော်မဆုံး လှုပ်ရှားသွားလာနေကြပါတယ်။မမျှော်လင့်ဘဲ ကလေးငယ်တစ်ဦးဟာ မိုးရေထဲမျောပါသွားရင် သေဆုံးခဲ့ပါတယ်။

မကွေးမြို့၊အောင်ဇေယျာရပ်ကွက် (၅)လမ်းနေ အဖဦးခင်မောင်ဝင်း အမိဒေါ်ခင်ဝေတို့ဟာ သားသမီး(၈)ယောက်နဲ့အတူ  သုံးပင်အိမ်ကလေး(မြေစိုက်)အဆောက်အဦးနဲ့ပဲ နေရရှာပါတယ်။ညနေ(၅)နာရီခန့်မှာ မိမိတို့ (၅)လမ်းအရှေ့ထိပ် ကုန်းမြင့်ယံမှာပဲသားဖြစ်သူနဲ့ သမီးငယ်တို့ဟာ သူငယ်ချင်းများနဲ့အတူ မိုးရေထဲဆော့ကစားနေကြစဉ် မမျှော်လင့်ဘဲမိုးရေများသည်းထန်စွာရွာသွန်းလာပါတယ်

မိုးများလွန်းလို့ မိခင်ဒေါ်ခင်ဝေဟာသမီးငယ်ကိုခ်ါပြီးသားဖြစ်သူကိုလည်းအိမ်ထဲဝင်ဖို့လှမ်းပြီး အော်ဟစ်ခေါ်ပါတယ်။သားဖြစ်သူက “ အမေ ခဏနေရင်လာမယ်” ပြောဆိုရင်း ရေထဲကစားနေလေရဲ့။
မိခင်မှာလည်း ခင်ပွန်းဖြစ်သူလည်းမရှိလို့ မိမိတစ်ယောက်တည်းရှိတာမို့ မိုးရေပေါက်နေတဲ့ ခေါင်မိုးကို ဖာထေးနေရင်း သားဖြစ်သူ မောင်တင်ဖြိုးဝေကို ဆက်လက်ခေါ်ယူဖို့မေ့လျော့သွားခဲ့ပါတယ်။
မောင်တင်ဖြိုးဝေကလည်း သူငယ်ချင်းနှစ်ယောက်နှင့်အတူ ရေစီးသန်တဲ့ တခြားလမ်းတစ်နေရာကို
ရောက်ရှိသွားပါတယ်။မိုးရေထဲမျောပါလာတဲ့ လူသုံးကုန်ပစ္စည်းများကို သူငယ်ချင်းများနဲ့အတူ ဆယ်ယူနေကြစဉ်မှာပဲ မမျှော်လင့်ဘဲ ရေစီးထဲမျောပါသွားခဲ့ပါတယ်။
သူငယ်ချင်းများကကိုက်(၅၀၀)ခန့် ဝေးကွာတဲ့ တင်ဖြိုးဝေရဲ့အိမ်ကို လာရောက်ပြောဆိုကြရာ
မိခင်နှင့် တာဝန်သိပြည်သူများဟာ ကလေးငယ်ကိုလိုက်လံရှာဖွေကြပါတယ်။
ညပိုင်း(၈)နာရီခန့်တွင် Love Garden (အချစ်ဥယျာဉ် နန်းတော်)စားသောက်ဆိုင်အဆောက်အအုံရဲ့
ခြေတိုင်မှာ ခွေခွေကလေး အလောင်းကိုတွေ့ရပါတယ်။ ဖခင်ဖြစ်သူကလုပ်ငန်းခွင်ကပြန်အလာမှာ
ရင်ထုမနာခံစားကာ ငိုကြွေးနေပါတယ်။ မိခင်ဖြစ်သူက “သမီးငယ်နဲ့အတူ တစ်ပါတည်း မခေါ်ခဲ့မိတာ မှားလေခြင်း” ဟုဆိုကာငိုကြွေးနေပါတယ်။မောင်တင်ဖြိုးဝေဟာ အ.မ.က (၁၂) ဒုတိယတန်းကျောင်းသားဖြစ်ပြီး ပညာထူးချွန်ဆုရ ကျောင်းသားတစ်ဦးဖြစ်ကြောင်းလေ့လာသိရှိရပါတယ်။
မြန်မာပြည် ဆရာဟိန်း

0 ကွန်မန့်ရေးရန်:

Post a Comment