Thursday, July 5, 2012

အရိယာအဆင့်ဆင့် ဖြစ်ပေါ်ပုံ

အရိယာဖြစ်ခါနီး စိတ်အစဉ် ဖြစ်ပေါ်ပုံ
ဝိပဿနာဘာဝနာကို ၀ီရိယဓာတ်ခိုင်မာစွာဖြင့် မနေမနား ကြိုးစားအားထုတ်သူသည် ပွားများအားထုတ်ဖန်များလာသောအခါ ၀ိပဿနာဉာဏ်များ အဆင့်ဆင့် တိုးတက်၍ ထက်မြက်ရင့်သန်လာလေသည်။ ယင်းသို့ ၀ိပဿနာဉာဏ် ရင့်သန်မူကို အကြောင်းပြု၍ မဂ်ဉာဏ်(အရိယာ) ဖြစ်ခါနီးတွင် ဖြစ်လေ့ရှိသော (မဂ်ဉာဏ်၏ရှေ့ပြေးစိတ်များ) ဖြစ်ပေါ်လာသည်။ ထိုဖြစ်ပေါ်လာသောစိတ်များကား (ဘ၀င်္ဂစလန၊ ဘ၀င်္ဂုပစ္ဆေဒ)၊ မနောဒွါရာဝဇ္ဇန်းစိတ်၊ ပရိကံ၊ ဥပစာ၊ အနုလုံ၊ ဂေါတြဘူဟူသော ဥပစာရသမာဓိဇောစိတ်(၀ိပဿနာဉာဏ်)တို့ ဖြစ်သည်။ ထိုစိတ်များသည် မဂ်ဉာဏ်၏ ရှေ့ပြေးစိတ်များဖြစ်ကြသည်။ ထိုစိတ်များဖြစ်၍ ချုပ်ပြီးသည့်နောက် မဂ်စိတ်တစ်ကြိမ်နှင့် ထိုမဂ်စိတ်၏အကျိုးဖြစ်သော ဖိုလ်စိတ်နှစ်ကြိမ်၊ သို့မဟုတ် သုံးကြိမ် ဆက်တိုက် ဖြစ်ပေါ်လာသည်။


မဂ်ဉာဏ်၏ ရှေ့ပြေးစိတ်များအနက် ပရိကံ၊ ဥပစာ၊ အနုလုံ ဟူသော ဥပစာရသမာဓိဇောစိတ်(၀ိပဿနာဉာဏ်) များသည် နိဗ္ဗာန်ကို အာရုံမပြုနိုင်သေး။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာသုံးပါးအနက် တစ်ပါးပါးကိုအာရုံပြုသည်။ ဂေါတြဘူစိတ်ကား နိဗ္ဗာန်ကို အာရုံပြုသည်။ ထိုဂေါတြဘူစိတ်ဖြစ်ပြီးနောက် မဂ်စိတ်ဖြစ်သည်နှင့် တပြိုင်နက် ပုထုဇဉ်အဆင့်ကိုလွန်၍ အရိယာအဆင့်သို့ ရောက်ရှိလေတော့သည်။

သောတာပန်ပုဂ္ဂိုလ်
ရှေ့၌ဖော်ပြခဲ့သည့်အတိုင်း ၀ိပဿနာဉာဏ်များဖြစ်ပေါ်ပြီးနောက် မဂ်စိတ် ဖိုလ်စိတ်များ ဖြစ်ရာတွင် ရှေ့ဦးစွာ သောတာပတ္တိမဂ်စိတ်နှင့် သောတာပတ္တိဖိုလ်စိတ်များ ဖြစ်ပေါ်လာသည်။ အဆိုပါသောတာပတ္တိမဂ်စိတ်နှင့် အတူတကွဖြစ်သော ဉာဏ်ပညာကို သောတာပတ္တိမဂ်ဉာဏ်ဟု ခေါ်သည်။ ထိုသောတာပတ္တိမဂ်ဉာဏ်သည် ဒုက္ခ သစ္စာကို ပိုင်းခြား၍ သိခြင်း(ပရိညာ)ကိစ္စ၊ သမုဒယသစ္စာကိုပယ်ခြင်း(ပဟာန)ကိစ္စ၊ နိရောဓသစ္စာ(နိဗ္ဗာန်)ကို မျက်မှောက်ပြုခြင်း(သစ္ဆိကိရိယာ) ကိစ္စ၊ မဂ္ဂသစ္စာကို မိမိသန္တာန်၌ ဖြစ်ပေါ်လာစေခြင်း(ဘာဝနာ) ကိစ္စ၊ ထိုမဂ်ကိစ္စလေးချက်ကို တပြိုင်နက် ပြီးစေနိုင်သည်။

ဥပမာ - ဆီမီးသည် မီးစာကိုလောင်ခြင်း၊ အမှောင်ကိုပယ်ခွင်းခြင်း၊ အလင်းရောင်ကို ရရှိစေခြင်း၊ ဆီကို ကုန်ခန်းစေခြင်းဟူသောကိစ္စလေးချက်ကိုတပြိုင်နက် ပြီးစေနိုင်သကဲ့သို့ ဖြစ်ပေသည်။ သောတာပတ္တိမဂ်ဉာဏ်သည် အပါယ်သို့ ကျရောက်စေတတ်သော လောဘ ဒေါသ အစရှိသော အကုသိုလ်များကို ဖောက်ခွဲဖျက်ဆီးလိုက်ပြီး အပါယ်သံသရာဆင်းရဲဒုက္ခပင်လယ်ကြီးကို ခန်းခြောက်သွားစေ၏။ အပါယ်တံခါးပိတ်၍ သဒ္ဓါ သီလ စသည့် အရိယာဥစ္စာ(၇)ဖြာနှင့်လည်း ပြည့်စုံသွား၏။ မိစ္ဆာဒိဋ္ဌိဟူသော လမ်းမှားကိုလည်း စွန့်ပယ်၏။ အပါယ်ဘေးရန်အားလုံးကိုလည်း ငြိမ်းအေးစေ၏။ မြတ်စွာဘုရား၏ သြရသအစစ် သားတော်အဖြစ်သို့ ရောက်စေ၏။ ထိုသောတာပတ္တိမဂ်ဉာဏ် ဖိုလ်ဉာဏ်၏ ပြည့်စုံသူကို သောတာပန်ဟု ခေါ်ဆိုသည်။ မဂ္ဂရှစ်ပါးဟူသော တရားရေယာဉ်သို့ ရောက်ရှိသူဟု ဆိုလိုသည်။

သောတာပန်ဖြစ်ပြီးသူသည် သံယောဇဉ်(၁၀)ပါးအနက် သက္ကာယ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသတို့ကို အကြွင်းမဲ့ ပယ်သတ်၍ အပါယ်သို့ ကျစေနိုင်သည့် ကာမရာဂ၊ ပဋိယသံယောဇဉ်ကို ပယ်သတ်ထားသူဖြစ်သည်။ ထို့ကြောင့် ရုပ်နာမ်ခန္ဓာတို့အပေါ်၌ အတ္တဟု စွဲလမ်းထင်မြင်မူ၊ ရတနာသုံးပါးစသည်တို့၌ ယုံမှားသံသယဖြစ်မူ၊ နွား ခွေး စသည်တို့၏ အလေ့အထများအတိုင်း ကျင့်ကြံအားထုတ်လျှင် ကိလေသာစင်ကြယ်သည်ဟု မှားယွင်းစွာ တွေးခေါ်ယုံကြည်မူများ မရှိတော့ချေ။ ထို့ပြင် အပါယ်သို့ကျရောက်စေနိုင်သည့် ကာမရာဂ၊ ပဋိယ(ဒေါသ) သံယောဇဉ်တို့ကို ပတ်သတ်ပြီး ဖြစ်သည့်အတွက် အပါယ်ဘုံသို့လည်း မကျရောက်တော့ချေ။ သံသရာတွင် အများဆုံးကာမသုဂတိဘုံ၌ (၇) ဘ၀မျှသာ ကျင်လည်ရတော့မည် ဖြစ်သည်။ အခြား အကုသိုလ်အကြမ်းစာများကိုလည်း ပယ်ထားသဖြင့် ဣဿာ(ကိုယ့်ထက်သာ မနာလိုခြင်း)၊ မစ္ဆရိယ(မပေးရက်လို နှမြောတွန့်တိုခြင်း) တရားဆိုးများလည်း မဖြစ်တော့ချေ။

ထို့ပြင် သောတာပန်ပုဂ္ဂိုလ်သည် ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာ စောင့်ထိန်းသည်၊ ပဉ္စာနန္တရိယကံကို မည်သည့်အခါမျှ မကျူးလွန် ရဟန်းဘ၀ဖြင့် နေထိုင်သူဖြစ်လျှင် သာသနာတော်၌ သက်ဝင်ယုံကြည်မူ(သဒ္ဓါ) ခိုင်မြဲသည့်အတွက် လူမထွက်တော့ချေ။ စင်စစ် သောတာပန်သည် အပါယ်တံခါးပိတ်၍ သုဂတိ ဘုံဘ၀သို့သာ ဧကန် ရောက်ရှိမည်ဖြစ်ပြီး အထက်မဂ်ဖိုလ်ရဖို့ရန် သေချာနေပြီ ဖြစ်ပေသည်။

သကဒါဂါမ်ပုဂ္ဂိုလ်
သောတာပန်ဖြစ်ပြီး သူသည် မိမိရရှိထားပြီးသော မဂ်ဖိုလ်နှင့် နိဗ္ဗာန်တို့ကို ဆင်ခြင်ပွားများပြီးနောက် ကာမရာဂ(လောဘ)နှင့် ဗျာပါ၏(ဒေါသ)တို့ကို ကျဲပါး စေနိုင်စွမ်းရှိသည့် အထက်မဂ်ကိုရရှိရန် ၀ိပဿနာတရားကိုပင် ဆက်လက်အားထုတ်ရ၏။ ရုပ်နာမ်သင်္ခါရတို့သည် မမြဲ၊ ဆင်းရဲ၏၊ အတ္တမဟုတ်ဟု ဉာဏ်ဖြင့် အဖန်ဖန် နင်းနယ်ကြိတ်ခြေ၏။ ၀ိပဿနာ ဉာဏ်အဆင့်ဆင့်ကို ဖြစ်စေလျက် ၀ိပဿနာလမ်းမှန်သို့ သက်ဝင်၏၊ ထိုသို့ အားထုတ်ရင်း သင်္ခါရုပေက္ခာဉာဏ်၏ အဆုံး၌ အနုလောမဉာဏ် ဂေါတြဘူဉာဏ်ဖြစ်၍ ဂေါတြဘူဉာဏ်ချုပ်သည်နှင့် မရှေးမနှောင်းတွင် သကဒါဂါမိမဂ်စိတ်၊ ဖိုလ်စိတ်များ ဖြစ်ပေါ်လာလေသည်။

ထိုသကဒါဂါမ် မဂ်စိတ်ဖြစ်ခိုက်၌ သကဒါဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်၊ သကဒါဂါမိဖိုလ်စိတ်ဖြစ်ပေါ် လာချိန်မှစ၍ သကဒါဂါမ်ပုဂ္ဂိုလ်ဟု ဆိုသည်။ လူ့ဘုံ လူ့ဘ၀သို့လာ၍ ပဋိသန္ဓေတစ်ကြိမ်သာနေသူ၊ ဘ၀သစ် ထူထောင်သည့်အနေဖြင့် လူ့ဘုံ လူ့ဘ၀သို့ တစ်ကြိမ်သာပြန်လာသူဟု ဆိုလိုသည်။ သို့ရာတွင် လူ့ဘုံဘ၀၌ပင် သကဒါဂါမိ ဖြစ်ပြီးနောက် ဆက်လက်၍ အနာဂါမ်၊ ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန် ၀င်စံသွားသူများလည်း ရှိနိုင်ပါသေးသည်။

သကဒါဂါမ်ပုဂ္ဂိုလ်သည် ကြမ်းတမ်းသော ကာမရာဂသံယောဇဉ်နှင့် ပဋိယသံယောဇဉ်တို့ကို ပယ်သတ်နိုင်၏။ သိမ်မွေ့သော ကာမရာဂနှင့် ပဋိဃသံယောဇဉ် တို့ကိုမူ မပယ်သတ်နိုင်သေးချေ။ သို့သော် ထိုကာမရာဂနှင့် ပဋိဃတို့ကား အပါယ်ဘုံသို့ ကျရောက်စေနိုင်သည့် အစွမ်းသတ္တိမရှိတော့ပေ၊ အပါယ်ဘုံသို့ ကျရောက်စေနိုင်သည့် အကုသိုလ်အစွမ်းသတ္တိများကို သောတာပတ္တိ မဂ်ဉာဏ်ရစဉ်ကပင် ပယ်သတ်ခဲ့ပြီး ဖြစ်ပေသည်။ သကဒါဂါမ်ပုဂ္ဂိုလ်၌ ကာမရာဂ(ကာမဂုဏ်၌ တပ်မက်မူ)နှင့် ပဋိယ(ပြစ်မှားမူ)တို့ ကျန်ရှိနေသေးသော်လည်း ပုထုဇဉ်များကဲ့သို့ အကြိမ်ကြိမ်အဖန်ဖန်မဖြစ်၊ ဖြစ်ပြန်လျှင်လည်း ပြင်းပြင်းပြပြမဖြစ်၊ ရံဖန်ရံခါ၌သာ ဖြစ်တော့သည်။ ဖြစ်သည့်အခါတွင်လည်း ပုထုဇဉ်များကဲ့သို့ နွားသိုးကြိုးပြတ် နွားငတ်ရေကျ ကြမ်းကြမ်းတမ်းတမ်း မဖြစ်တော့ချေ။ သကဒါဂါမ် ပုဂ္ဂိုလ်၌ရှိနေသေးသော ကိလေသာများသည် ပါးလွှာသော ယင်၏တောင်ပံနှင့် ကျဲပါးသော တိမ်လွှာတို့ကဲ့သို့ အင်အားနည်းပါးသော ကိလေသာများသာ ဖြစ်သည်။

အနာဂါမ်ပုဂ္ဂိုလ်
သကဒါဂါမ်ဖြစ်ပြီးသူသည် မိမိရရှိထားပြီးသော မဂ်ဖိုလ်နှင့် နိဗ္ဗာန်တို့ကို ဆင်ခြင်ပွားများပြီးနောက် ရှေ့သကဒါဂါမိမဂ်ဖြင့် ကျဲပါးအောင် ပြုလုပ်ခဲ့ပြီးသော ကာမရာဂနှင့် ပဋိဃသံယောဇဉ်တို့ကိုပင် အကြွင်းမဲ့ ပယ်သတ်နိုင်ရန် အထက်အနာဂါမိ မဂ်ဉာဏ်ရဖို့အတွက် ၀ိပဿနာကိုပင် ဆက်လက်၍ အားထုတ်ရသည်။ ရုပ်နာမ်သင်္ခါရတို့ကို မမြဲ၊ ဆင်းရဲ၏၊ အတ္တမဟုတ်ဟု ဉာဏ်ဖြင့် အဖန်ဖန် နင်းနယ်၊ ကြိတ်ခြေ၏။ ၀ိပဿနာဉာဏ်အဆင့်ကို ဖြစ်စေလျက် ၀ိပဿနာ လမ်းမှန်သို့ သက်ဝင်၏။ ထိုသို့ အားထုတ်သောအခါ သင်္ခါရုပေက္ခာဉာဏ်၏အဆုံး၌ အနုလောမဉာဏ်၊ ဂေါတြဘူဉာဏ်တို့ဖြစ်၍ ဂေါတြဘူဉာဏ် ချုပ်သည်နှင့် မရှေးမနှောင်းတွင် အနာဂါမိ မဂ် ဖိုလ် စိတ်များဖြစ်ပေါ်လာသည်။ ထိုအနာဂါမိဖိုလ်စိတ်နှင့် ပြည့်စုံသူကို အနာဂါမ်ပုဂ္ဂိုလ်ဟု ခေါ်သည်။ ကာမဘုံ၌ ပြန်၍ မဖြစ်တော့သော ပုဂ္ဂိုလ်ဟုဆိုလိုသည်။ သို့သော် ရူပဘုံ၊ အရူပဘုံတို့၌ကား ဖြစ်နိုင်သေးသည်။

အနာဂမ်ဖြစ်ပြီးသူသည် ကာမဂုဏ်တို့၌တပ်မက်မူ(ကာမရာဂ)နှင့် ပျက်စီးစေလိုမူ၊ စိတ်ဆိုးအမျက်ထွက်မူ (ဗျာပါဒ၊ ဒေါသ)တို့ကို အကြွင်းမဲ့ ပယ်သတ်နိုင်သည့်အတွက် ကာမ(၁၁)ဘုံ၌ ဘ၀အသစ်မဖြစ်တော့ချေ။ အနာဂါမ်တို့မည်သည် ကာမစ္ဆန္ဒ(ကာမဂုဏ်၌တောင့်တမူ)၊ ဗျာပါဒ (ပျက်စီးစေလိုမူ)၊ ဒေါသ(စိတ်ဆိုးအမျက်ထွက်မူ)၊ ကုက္ကုစ္စ(နောင်တပူပန်မူ)၊ မိစ္ဆာသင်္ကပ္ပ(မှားယွင်းကြံစည်မူ)၊ ပိသုဏ၀ါစာ(ချောပစ်ကုန်းတိုက်မူ)၊ ဖရုသ၀ါစာ(ကြမ်းကြမ်းတမ်းတမ်း ပြောဆိုမူ)တို့ မရှိတော့ချေ။ ထို့ပြင် လက်ဝတ်လက်စားတန်ဆာများ ဆင်ယင်ခြင်း၊ အတွေ့အထိ(ဖောဋ္ဌဗာရုံ)ကို သာယာခြင်းလည်း မရှိတော့ပေ။

ရဟန္တာပုဂ္ဂိုလ်
ရဟန္တာပုဂ္ဂိုလ်အနာဂါမ်ဖြစ်ပြီးသူသည် မိမိရရှိထားသော မဂ် ဖိုလ် နိဗ္ဗာန်တို့ကို ဆင်ခြင်ပွားများပြီးနောက် ရူပရာဂ(ရူပဘ၀ကို တပ်မက်တွယ်တာမူ) အရူပရာဂ(အရူပဘ၀ကို တပ်မက်တွယ်တာမူ၊ မာန(ထောင်လွှားမူ)၊ ဥဒ္ဓစ္စ(ပျံ့လွင့်မူ)၊ အ၀ိဇ္ဇာတို့ကို အကြွင်းမဲ့ ပယ်သတ်နိုင်သည့် အရဟတ္တမဂ်ကို ရရှိရန်အတွက် ဆက်လက်၍ ၀ိပဿနာ တရားကိုပင် အားထုတ်သည်၊ ရုပ်နာမ်သင်္ခါရတို့ကို မမြဲ၊ ဆင်းရဲ၏၊ အတ္တမဟုတ်ဟု ဉာဏ်ဖြင့် အဖန်ဖန်နင်းနယ်ကြိတ်ခြေ၏။ ၀ိပဿနာဉာဏ်အဆင့်ဆင့်ကို ဖြစ်စေလျက် ၀ိပဿနာလမ်းမှန်သို့ သက်ဝင်နိုင်၏။ ထိုသို့ အားထုတ်သောအခါ ရှေးနည်းတူ သင်္ခါရုပေက္ခာဉာဏ်၏အဆုံး၌ အနုလောမဉာဏ်၊ ဂေါတြဘူဉာဏ်တို့ဖြစ်၍ ဂေါတြဘူဉာဏ်ချုပ်သည်နှင့် မရှေးမနှောင်းတွင် အရဟတ္တမဂ်စိတ် ဖိုလ်စိတ်များ ဖြစ်ပေါ်လာလေသည်။ ဤအရဟတ္တဖိုလ်စိတ် ဖြစ်သည်မှစ၍ ရဟန္တာပုဂ္ဂိုလ်ဟု ခေါ်ဆိုသည်။ ကိလေသာအာသဝေါတရားများ ကုန်ခန်းပြီးသူ၊ သံသရာဘ၀ဇာတ်အဆုံးသို့ ရောက်သူ၊ လောကတွင် ပူဇော်အထူးကို ခံယူထိုက်သူဟု ဆိုလိုသည်။

ရဟန္တာပုဂ္ဂိုလ်သည် အောက်မဂ်သုံးပါးဖြင့် မပယ်သတ်ရသေးသည့် အကုသိုလ်အကြွင်းအကျန် မှန်သမျှကို အရဟတ္တမဂ် ဉာဏ်အခိုက်၌ပင် ပယ်သတ်သည်။ သံသရာဘ၀ဇာတ်သိမ်း၍ ခန္ဓာဝန်ငြိမ်းကာ (၃၁)ဘုံမှ လွတ်မြောက်သူဖြစ်သည်၊ မည်သည့် အာရုံနှင့် တွေ့ကြုံရစေကာမူ တုန်လူပ်ချောက်ချားခြင်းမရှိ၊ ၀မ်းသာဝမ်းနည်းခြင်းမရှိ၊ ပကတိငြိမ်သက်သည့် ဥပေက္ခာသဘောသာ ဖြစ်တော့သည်။ ပစ္စည်းလာဘ်လာဘ၊ အခြွေအရံ အသင်းအပင်းကျော်စောသတင်း၊ ချီးကျူးခြင်း စသည်တို့ကို သာယာမူမဖြစ်တော့ပေ။ မည်သည့် လောကဓံနှင့် တွေ့ကြုံရသည်ဖြစ်စေ၊ ၀မ်းနည်းဝမ်းသာခြင်းမရှိ၊ တုန်လူပ်ခြင်းမရှိ၊ ပကတိ ငြိမ်သက်လျက် ရှိပေသည်။ ထူးခြားချက်မှာ မိမိရရှိသည့် တရားထူးကို အခြားသတ္တ၀ါတို့အားလည်း ရရှိစေချင်သည့် စိတ်ထားရှိခြင်း၊ မိမိရဟန္တာဖြစ်ကြောင်း အခြားသူတို့အား မပြောကြားလိုခြင်းတို့ ဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော်စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

0 ကွန်မန့်ရေးရန်:

Post a Comment