Thursday, June 14, 2012

ဟင်းရှာထွက်တဲ့ ကရင်နီတပ်မတော် မြေမြုပ်မိုင်း နင်းမိ

ဇွန်လ ၁၁ ရက်နေ့က ကရင်နီပြည်နယ် သံလွင်မြစ် အရှေ့ဘက်ခြမ်းရှိ မြန်မာအစိုးရ တပ်စခန်း အနီးတ၀ိုက်မှာ ဟင်းရှာထွက်ခဲ့တဲ့ ကရင်နီတပ်မတော် တဦး မြေမြုပ်မိုင်း နင်းမိလို့ ဘယ်ဘက် ခြေထောက် တဖက် ပြတ်သွားတယ်လို့ သိရပါတယ်။

ကရင်နီတပ်မတော် ဆက်သွယ်ရေးတပ်မှ တပ်သား ညေးရယ် ဆိုသူဟာ တပ်စခန်း အပြင်သို့ ဟင်းရှာထွက်ရင်း အစိုးရ တပ်စခန်းနဲ့ မနီးမဝေး တနေရာမှာ မြေမြုပ်မိုင်း တလုံးကို နင်းမိခဲ့တာ ဖြစ်တယ်လို့ မိုင်းနင်းမိသူကို ဆေးရုံးသို့ လိုက်ပို့ပေးခဲ့တဲ့ ကရင်နီ ပြည်ထဲရေးမှ လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့ရဲ့ ဒုမြို့တွင်းရေးရာမှူး စမ်းရှိုင်းက ပြောပါတယ်။
“ဘယ်ဘက် ခြေထောက် ခြေဖ၀ါးတော့ ပြတ်သွားတယ်ပေါ့နော့်။ ခြေဖ၀ါးတော့ ပြတ်တယ် နင်းမိတာနဲ့ အဲဒီမိုင်းထိတော့ သူ့ ခြေပြတ်သွားတယ်။ တခြားနေရာတော့ မထိဘူး။ ဘယ်ဘက်ခြေထောက် တဖက်ပဲ ထိတယ်”  လို့ သူက ပြောပါတယ်။
အဆိုပါ ကရင်နီတပ်သား တဦးမှ နင်းမိတဲ့ မြေမြုပ်မိုင်းဟာ အစိုးရစစ်တပ်က မိမိတပ်စခန်း လုံခြုံရေးအတွက် ထောင်ထားတဲ့ မြေမြုပ်မိုင်း ဖြစ်တယ်လို့ စမ်းရှိုင်းက ဆက်ပြောပါတယ်။
ကရင်နီပြည်နယ်မှ  မြေမြုပ်မိုင်း တလုံး
ကရင်နီပြည်နယ်မှ မြေမြုပ်မိုင်း တလုံးအစိုးရ မိုင်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ ၁၄ မိုင်းက ဒီကလည်း သိပ်မကိုင်ဘူး။ ပြီးတော့ အဲဒီတပ်မှာ တပ်အောက်မှာ သူတို့ တပ်အောက်မှာဆိုရင်တော့ ကျနော်တို့ သွားထောင်တာ မရှိဘူးလေ။ ကျနော်တို့ ဘာဖြစ်လဲဆိုတော့ တပ်ဘေးမှာ သွားထောင်တယ်။ ဘယ်မှာ သွားထောင်ထားတယ်ဆိုတာက သိတယ်ကော မြေပုံတွေ ရှိတော့ သိတော့ အခု ထောင်ထားတဲ့ မိုင်း မဟုတ်ဘူး။ ဘာဖြစ်လဲဆိုတော့ ကိုယ့်ရဲဘော်တွေလည်း ပြောပြထားတယ်လေ။ မိုင်းရှိတဲ့ နေရာတွေကို ပြောပြထားတယ်။
အခုလက်ရှိ အစိုးရနဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့အကြား အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားပြီ ဖြစ်ပြီး ငြိမ်းချမ်းရေး ဖေါ်ဆောင်နေကြတဲ့ ကာလမှာ ထိုင်းနိုင်ငံ နယ်စပ်ဒေသတွေမှာ ရောက်ရှိနေကြတဲ့ ကရင်နီဒုက္ခသည်တွေကို နေရပ်သို့ ပြန်လည်အခြေချနေထိုင်ရေး အစီအစဉ်တွေကိုလည်း ဆွေးနွေးထားကြပါတယ်။
ကရင်နီပြည်နယ် သံလွင်မြစ် အရှေ့ဘက်ကမ်း နေရာဒေသဟာ ဒုက္ခသည်တွေကို နေရပ်သို့ ပြန်လှည်အခြေချနိုင်ဖို့ ရွေးချယ်ထားတဲ့ နေရာဒေသလည်း ဖြစ်ပါတယ်။ သံလွင်မြစ် အရှေ့ဘက်ခြမ်းရှိ နယ်စပ်နဲ့ နီးတဲ့ ဒေသတလျှောက်မှာ စွန့်လွတ်မိုင်းတွေနဲ့ နှစ်ဦးနှစ်ဘက် တပ်ဖွဲ့တို့ကနေ ထောင်ထားတဲ့ မြေမြုပ်မိုင်းတွေ ရှိနေတယ်လို့ ကရင်နီလူမှုအသင်းအဖွဲ့တို့ရဲ့အစီရင်ခံစာတွေအရ သိရပါတယ်။
ကရင်နီပြည်နယ် လောပိတ ရေအားလျှပ်စစ် စက်ရုံ အနီးမှာ စက်ရုံနဲ့ လျှပ်စစ်ဓါတ်တိုင် လုံခြုံရေးအတွက် အစိုးရက ထောင်ထားတဲ့ မြေမြုပ်မိုင်း အလုံးပေါင်း ၁၈၀၀၀ ကျော် ရှိတယ်လို့ ကရင်နီဖွံ့ဖြိုးရေး သုတေသနအဖွဲ့ KDRG ရဲ့ ၂၀၁၁ ခုနှစ်ထုတ် အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။

0 ကွန်မန့်ရေးရန်:

Post a Comment