Friday, May 18, 2012

သတိသံဝေဂ စာချိုးလင်္ကာ

သတိသံဝေဂ စာချိုးလင်္ကာ


မရဏာသန္န သေခါနီးကာလတွင်၊
ဒါနကလည်း မပြောင်၊
သီလကလည်း အကြောင်၊
ဘာဝနာကလည်း အယောင်ယောင်၊

 
ခပ်ခြောင်ခြောင် အမှတ်တမဲ့၊
တော်အောင်သာ နေခဲ့၍၊
သေတော့မည့် အခိုက်၊
ဇောငါးတန် အဆိုက်နှင့်၊
အရှိုက်သို့ ထိခါမှ၊

 
ကျိတိကြောင်တောင်၊
နားယောင်ပတ်ကား၊
မြွေမိ ဖားကဲ့သို့၊
သွားရမယ့် ရှေ့ဘဝ၊
တွေ့ရမယ့် အခင်းတွေနှင့်၊
ပက်ပင်းပါဆုံမိပါမှ၊
သတိကြီး ရကြ၍၊
(၁) ဒါနကို ပြန်ရှု့သော်လည်း၊ ပြုဖူးသည့်ဒါနက၊ ကာလနှင့် ခပ်ရောရော၊ လောကနှင့် ခပ်ဖက်ဖက်၊ ထွေးယှက်လူးလဲ၊ အစင်ကြယ် နည်းခဲ့၍၊ စိတ်ထဲမှာ မကြည်လာ၊

(၂) သီလကိုပြန်ရှာသော်၊ လောကဓံ ခုခေတ်က၊ လူ့အဖြစ် ကြပ်လှ၍၊ တတ်သမျှ ဝစီကံ၊ အနင့်သား ဖန်နိုင်မှ၊ တော်တန်ရုံ ရှိကြတယ်။

(၃) ဓမ္မိက ကျီးပလီကဲ့သို့၊ တီတီတာတာ၊ ခရာဆန်းပြား၊ အတန်ကြီး များနိုင်မှ၊ စားရန်ဖို့-ဝတ်ရန်ဖို့၊ တချို့ပေးကမ်း၊ လူတမ်းစေ့ကာ၊ အနိုင်သာရှိကြ၍၊ သိလျက်နှင့်မိုက်ရသော၊ အတိတ်ရ ခေတ်ပေမို့၊ ဖြစ်သမျှ ကိုယ်နှတ်က၊ ဗြုတ်အတိ ပေါလှ၍၊ မနောက မကြည်သာ၊

(၄) ဘာဝနာဆိုသည်မှာ၊ မြည်ရိုးမို့ မြည်ကြသည့်၊ သမထ မနော၊ ဝိပဿနာဇောများနှင့်၊ ပကောဋိ အသင်္ချာ၊ တသက်လုံး စင်ကွာ၏။

 
(၅) ဘုရားဂုဏ် တရားဂုဏ် သံဃဂုဏ်ကို၊ အာရုံခံ အောက်မေ့ဟု၊ တထေ့ထေ့ဆိုရပါသော်လည်း၊ နဂိုရ်ရင်း ပကတိ၊ လေ့ကျက်ခြင်းမရှိ၍၊ မိအောင် မထင်ပေ။
 
(၆) ဝေပါ၏ အမျှ၊ တဖွဖွဆိုသော်လည်း၊ ထိုသူ၏၊ ဓာတ်နရက်ကို တတ်အကြပ် သိပြီမို့၊ နားညီးရုံသာ ရှိရှာသည်။
( လယ်တီဆရာတော်ကြီး )

ခက်ဆစ်
မရဏာသန္န= သေခါနီးအခါ
ဇောငါးတန်= သေခါနီကာလ၌ ဖြစ်သော စိတ်အဟုန်
ပကောဋိ =  ကုဋာ။ သန်းတရာ။
အသင်္ချာ= မရေမတွက်နိုင်
နရက်= ငရဲ

ပိုက်ရေ(၆)အဖြေ= သေချာပေါက် ငရဲကျမည့်သူဖြစ်သောကြောင့် အမျှပေးဝေသော်လည်း နားညီးရုံသာ ရှိမည်။ မကျွတ်မလွတ်နိုင် ဟုဆို။
http://www.dhammayaungchi.com/2012/04/normal-0-false-false-false-en... မှ ကူယူဖော်ပြပါသည်။

0 ကွန်မန့်ရေးရန်:

Post a Comment