Wednesday, May 16, 2012

မြောက်ကိုရီးယား လက်နက်များကို ၀ယ်ယူတော့မှာ မဟုတ်ကြောင်း မြန်မာသမ္မတက တောင်ကိုရီးယား သမ္မတကို ပြောကြား


http://www.president-office.gov.mm/briefing-room/daily-news/new12
မြန်မာနိုင်ငံအနေနဲ့ နှစ် ၂၀ ကြာ မြောက်ကိုရီးယားလက်နက်များကို ၀ယ်ယူခဲ့ကြောင်း၊ သို့သော်လည်း နောက်ထပ် ၀ယ်ယူတော့မှာ မဟုတ်ကြောင်း မြန်မာသမ္မတ ဦးသိန်းစိန်က တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ် (Lee Myung-bak) နဲ့ ၂၀၁၂ မေ ၁၄ ရက်နေ့က ကြပ်ပြေးနေပြည်တော်တွင် တွေ့ဆုံစဉ် ပြောကြားလိုက်ကြောင်း ရန်ကုန်ကလာတဲ့ အေပီသတင်း အပါအ၀င် မြန်မာဆိုင်ရာသတင်းများတွင် ဖော်ပြထားပါတယ်။ တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ် (Lee Myung-bak) ဟာ ၂၉ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိလာတဲ့ တောင်ကိုရီးယား သမ္မတ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၉ နှစ် (၁၉၈၃၊ အောက်တိုဘာ ၉ ရက်နေ့) က တောင်ကိုရီးယား သမ္မတ ချန်ဒူးဝှမ်နဲ့အဖွဲ့ ရန်ကုန် အာဖာနည်ကုန်းတွင် ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်များအား အလေးပြုရန် စီစဉ်နေစဉ် မြောက်ကိုရီးယားသူလျှိုများရဲ့ ဗုံးဖောက်ခွဲမှုကြောင့် လူပေါင်း ၂၁ ဦး သေဆုံးခဲ့ရပြီး ၄၆ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ သေဆုံးသူများထဲတွင် တောင်ကိုရီးယား အစိုးရ အဆင့်မြင့်ပုဂ္ဂိုလ် ၁၄ ဦးနဲ့ သတင်းသမား ၃ ဦး ပါဝင်ခဲ့ပါတယ်။ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တောင်ကိုရီးယားသမ္မတ အီမြောင်ဘတ်တို့ဟာ ၂၀၀၉ ခုနှစ်က တောင်ကိုရီးယားနိုင်ငံ၊ ဂျေဂျူးကျွန်းတွင် ကျင်းပခဲ့တဲ့ အာစီယံ - တောင်ကိုရီးယား ဆက်ဆံရေး နှစ် ၂၀ ပြည့် အခမ်းအနားတွင် တွေ့ဆုံခဲ့ပြီး အခုတခေါက် ကြပ်ပြေးနေပြည်တော်တွင် ထပ်မံ ဆုံတွေ့ခဲ့ကြခြင်း ဖြစ်ပါတယ်။ မြန်မာသမ္မတနဲ့ တောင်ကိုရီးယားသမ္မတတို့ရဲ့ ဆွေးနွေးပွဲတွင် နည်းပညာ ကူညီရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးနဲ့ စီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြပြီး မြောက်ကိုရီးယား အရေးကိစ္စကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပါတယ်။ တောင်ကိုရီးယား သမ္မတ က ဦးသိန်းစိန်အား မြောက်ကိုရီးယားထံမှ လက်နက် ၀ယ်ယူခြင်းဟာ ကုလ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း၊ လက်နက် မ၀ယ်ယူရန် ပြောဆိုခြင်းဟာ တရားဝင် တောင်းဆိုမှု ဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။ ထိုအခါ မြန်မာသမ္မတ ဦးသိန်းစိန်က ကုလသမဂ္ဂ တားမြစ်ချက်တွေကို လေးစားလိုက်နာတဲ့အနေနဲ့ မြောက်ကိုရီးယားထံမှ လက်နက် ၀ယ်ယူမှု ပြုလုပ်မှာ မဟုတ်ကြောင်း ပြောကြားခဲ့တယ်လို့ မြန်မာပြည်က လာတဲ့ အေပီသတင်းတွင် ရေးသားထားပါတယ်။ မြန်မာနိုင်ငံဟာ တောင်ကိုရီးယား အဆင့်မြင့် အစိုးရ တာဝန်ရှိသူများ သေဆုံးခဲ့ရတဲ့ ၁၉၈၃ အာဇာနည်ကုန်း ဗုံးဖောက်ခွဲမှု နောက်ပိုင်း မြောက်ကိုရီးယားနဲ့ တရားဝင် သံတမန် ဆက်ဆံမှု ဖျက်သိမ်းခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် တရားဝင် ပြန်လည် စတင်ခဲ့ပါတယ်။ တရားဝင် ဆက်သွယ်မှု မပြုသော်လည်း မြောက်ကိုရီးယားရဲ့ စစ်လက်နက်များကို မြန်မာစစ်အာဏာရှင်များ ကာလကြာမြင့်စွာ ၀ယ်ယူ အသုံးပြုခဲ့ကြပြီး အခုတခါကျမှ တောင်ကိုရီးယားခေါင်းဆောင်ကို လူသိရှင်ကြား ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ အီမြောင်ဘတ်ဟာ ရန်ကုန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၄၅ မိနစ်ကြာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးဆိုင်ရာများ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ အမေရိကန် ပြည်ထောင်စု အပါအ၀င် အနောက်နိုင်ငံများအနေနဲ့ မြန်မာပြည် ဒီမိုကရေစီ ပြောင်းလဲရေးဆိုင်ရာများ အကူအညီ ပေးလျက်ရှိပြီး မြန်မာသမ္မတ ဦးသိန်းစိန်ကို သူကောင်းပြုနေကြပါတယ်။ သို့သော်လည်း မြန်မာစစ်အစိုးရနဲ့ မြောက်ကိုရီးယားနဲ့ ထဲထဲဝင်ဝင် ဆက်ဆံမှု ရှိခဲ့မှုအပေါ်မှာတော့ အတော့်ကို စိုးရိမ်မကင်း ဖြစ်နေကြဆဲဆိုတဲ့အချက်ကိုတော့ မြောက်ကိုရီးယားဆီက လက်နက် မ၀ယ်ပါဘူးဆိုတဲ့ ဂတိကို မြန်မာသမ္မတ ဦးသိန်းစိန်ဆီကနေ တောင်ကိုရီးယားသမ္မတ မရအရ ယူခဲ့ခြင်းက သက်သေခံနေပါတယ်။ 
 
ကိုးကား http://news.yahoo.com/skorea-myanmar-halting-arms-purchases-nkorea-103442190.html

ယနေ့မြန်မာမှ ဖြစ်သည်။

0 ကွန်မန့်ရေးရန်:

Post a Comment