Wednesday, May 16, 2012

ရုပ်ပြောင်းရုပ်လွှဲနဲ့ အကြောတစ်ထောင် လျှို့ဝှက်သိုင်းကျမ်း



မြန်မာနိုင်ငံအခြေအနေကို ရေးနေတာ ကြာပါပြီ။ ဟိုတုန်းက လူစွမ်းကောင်းပေါ့။ အခုကျတော့ ညီညွတ်ရေးကို ဖြိုခွဲသူပေါ့။ ထင်ချင်သလို ထင်ပါလေ။ နိုင်ငံရေးဆိုတာ ကြည့်ကောင်းရုံ လုပ်ရတာမဟုတ်။ လောကုတ္တရာရေးမှာ ဝိပဿနာလုပ်ငန်းက အရေးကြီးဆုံးပါပဲ။ လောကီရေးမှာ နိုင်ငံရေးလုပ်ငန်းက အရေးကြီးဆုံးလို့ ဆိုရမယ်။

ဗုဒ္ဓဘာသာဖြစ်ပြီး ဝိပဿနာတရား အားမထုတ်ဘဲ မိမိဘာသာကို ဂုဏ်ယူနေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေက များလှပါတယ်။ မိမိဘာသာကို မလေ့လာဘဲ ရိုးရာဗုဒ္ဓဘာသာကိုပဲ လိုက်နာလို့ အနှစ်သာရကို မခံစားရဘဲ ဘာသာပြောင်းသွားတာလည်း တွေ့နေရတာပဲ။

နိုင်ငံရေးမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ မိမိလမ်းစဉ်ကို ကောင်းကောင်း လေ့လာမထားဘူး။ တဘက်သားက ဘာလုပ်မလဲ ထိုင်ကြည့်နေရုံပဲ။ ပြီးတော့ ဟိုက ပေးသလောက် ယူပြီး ဇိမ်ခံနေလိုက်တယ်။ တကယ့်မူဝါဒမရှိ၊ တကယ့်အနှစ်သာရကို မရဘဲ အချင်းချင်း ပုတ်ခတ်ကုန်ရတယ်။ အချို့ဆို ဘက်ပြောင်းကုန်တယ်။

လူမှာ အမြင်ရှိမှ မြင်နိုင်မယ်၊ မရှိရင် အကန်းလိုပဲ။ လေ့ကျက်မှုအားကောင်းမှပဲ ဝေဖန်ပိုင်းခြားနိုင်မယ်၊ မရှိရင် ဆင်ကန်းတောတိုးမိမှာပဲ။

လူတစ်ယောက်ဟာ အမှားတစ်ခုကို လုပ်မိချင် လုပ်မိမယ်၊ သူတစ်ယောက်ထဲဆိုရင် သူပဲ တာဝန်ခံရမှာမို့ ထိန်းသိမ်းဖို့ မခက်လှပါ။ အဖွဲ့အစည်းနဲ့ဆိုရင် ဒါက မဟာဗျူဟာတစ်ခုဖြစ်လို့ ထိခိုက်မှုများနိုင်တယ်။ အဲဒီမဟာဗျူဟာမှားကို မှန်တယ်လို့ ပြည်သူအားလုံးက ယုံနေကြရင် တိုင်းပြည်တောင် ပျက်သွားနိုင်တယ်။

ဒါကြောင့် တိုင်းပြည်တစ်ခုမှာ ဒီမဟာဗျူဟာမှန်နေဖို့ အင်မတန် လိုအပ်တယ်။ အမှားကို အမှန်လုပ်ပြီး နာတာရှည်ရောဂါ ပျောက်အောင် မကုဘဲ အသာလေး မှေးပါသွားရင် ဒါက မဟုတ်သေးဘူး။

အရင်တုန်းက သဘောတရားတွေကို သဘောကျလို့ ခိုင်းသလို လုပ်ပေးတယ်။ အခု NLD က လွှတ်တော်နိုင်ငံရေးထဲ ရောက်နေပြီ။ သဘောတရားနဲ့ ပြောရုံမပြီးတော့။ လက်တွေ့ လုပ်ပေးဖို့ လိုတယ်။

အကြောက်ပြချက်ကောင်းကောင်း မရှိဘဲ ရန်သူကို ယုံပြီး ခြေစုံပစ်ဝင်သွားရင် လုပ်ငန်းတစ်ခုကို အကောင်အထည် မဖော်နိုင်သရွေ့ သံသယအကျိုးကို ခံစားသင့်တယ်။ လူထုအခြေပြုနိုင်ငံရေး မပေါ်သေးဘူး။ လူထုအသုံးပြုနိုင်ငံရေးပဲ ရှိသေးတယ်။ အောက်ခြေကနေ မပြင်ဘဲ ထိပ်ပိုင်းကနေ ပြောင်းနေတာပဲ ရှိသေးတယ်။

လက်ရှိအစိုးရက ဘာလဲ သိချင်ရင် သူ့ဝန်ထမ်းတွေကို ကြည့်ပါ။ သူ့တပ်မတော်ကို ကြည့်ပါ။ ရှင်းပါတယ်။ သင်က မခွဲလည်း ဟိုကခွဲရင် ကွဲတာပါပဲ။

လက်ရှိ NLD သွားနေတဲ့ လမ်းကြောင်းဟာ အတိုက်အခံလမ်းကြောင်းမဟုတ်။ မဟာမိတ်လမ်းကြောင်း ဖြစ်တယ်။ ဒါပေမယ့် နိုင်ငံတစ်ခုမှာ NLD နဲ့ USDP တို့ မဟာမိတ်ပြုရုံနဲ့ မလုံလောက်သေးဘူး။ အဲဒီထက် နက်ရှိုင်းတဲ့ ပြဿနာတွေ အများကြီးပါပဲ။ ဒီပြဿနာတွေက ဒီနှစ်ပါတီ မပေါ်ခင်ကတည်းက ရှိနေခဲ့တာပါ။ ဒီပါတီ ၂ ခုက အဲဒီပြဿနာကို လက်ဆင့်ကမ်းယူရတာပဲ ရှိတယ်။

အစိုးရဟာ သူတို့ဖြစ်ချင်တဲ့ ကိစ္စဆိုရင် Road-map လုပ်ပြီး ဇွဲနပဲကြီးစွာနဲ့ လုပ်ခဲ့တယ်။ တိုင်းပြည်ကို ကြေညာပြီး တစိုက်မတ်မတ် လုပ်သွားတယ်။ အခု လက်ရှိအခြေအနေမှာ နိုင်ငံတော်မှာ ဥပမာပေါ့ ဒီလို လမ်းပြမြေပုံ ထုတ်ကြည့်ရအောင်ပါ။

၁။ ပထမဦးဆုံး လွှတ်တော်ကို NLD ဝင်ရောက်ရော တစ်နှစ်အတွင်း ကြိုးစာားပြီး တိုင်းရင်းသားများနဲ့လည်း တစ်နှစ်အတွင်း အပစ်ရပ်နိုင်ရေး ကြိုးပမ်းမယ်။

၂။ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တစ်နှစ် အချိန်သတ်မှတ်မယ်။

၃။ တိုင်းရင်းသားတွေနဲ့ ရရှိထားတဲ့ သဘောတူညီချက်တွေကို လက်ရှိအစိုးရရဲ့ စတုတ္ထနှစ်သက်တမ်းမှာ လွှတ်တော်ကို တင်သွင်းပြီး လက်မှတ်ထိုးမယ်။

၎။ လက်ရှိအစိုးရ ပဉ္စမနှစ်သက်တမ်းမှာ တပ်မတော်သားကိုယ်စားလှယ်များ မရှိတဲ့ ဖက်ဒရယ်လွှတ်တော်တစ်ခု၊ ပြည်နယ်ပေါင်းစုံ ဖက်ဒရယ်ပြည်ထောင်စုတစ်ခု၊ တရားမျှတရေးနဲ့ တန်းတူရေးရှိတဲ့ ဒီမိုကရေစီစနစ်တစ်ခု ရစေရမယ်။

လက်ရှိအစိုးရက ဒီ ၅ နှစ်လမ်းပြမြေပုံကို ကျေညာခဲ့ရင်၊ ကျေညာထားတဲ့အတိုင်းလည်း ပုံမှန်လုပ်သွားခဲ့ရင် ဆင်ခြေတက်စရာ မရှိပါဘူး။ အခုဟာက လူထုခေါင်းဆောင်က ဒု-သမ္မတများ ဖြစ်မလား၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌများ ဖြစ်မလား မျှော်နေရတယ်။ ကိုယ့်ခေါင်းဆောင်ကို နှိမ်မိမှန်းတောင် မသိကြတော့ဘူး။

ဒီလိုစဉ်းစားကြည့်ပါ။

စစ်တပ်ဟာ တိုင်းပြည်ရဲ့အခွန်ကို ဘယ်လောက်ဖြုန်းတီးနေပါသလဲ။ ပြည်သူတို့က တိုက်ရိုက်ရွေးချယ် တင်မြှောက်လိုက်တာမဟုတ်ဘဲ ပြည်သူတို့က ကျွေးနေရတယ်။ ပြည်သူတို့ ပေးတဲ့အခွန်ကို မမျှမတ ဗုံဘောလအော သုံးနေကြတယ်။ တပ်မတော်ကိုယ်စားလှယ်တစ်ယောက်၊ အစိုးရအဖွဲ့အတွင်း တပ်မတော်သားတစ်ဦးတို့ရဲ့ လစာကို တွက်ကြည့်ပါ။ ဒါဟာ ပြည်သူတွေက သဘောမကျဘဲ အလကားကျွေးနေရတာပါ။ ပြည်သူ့ဘဏ္ဍာကို နေ့တိုင်း ဖြုန်းတီးနေကြတာပါ။ ပြည်သူ့ဘဏ္ဍာကို ဖြုန်းတီးပြီး အေးအေးဆေးဆေး နေနေတာမဟုတ်ဘူး။ တိုင်းရင်းသားဒေသတွေကို သွားပြီး လူသတ်၊ မုဒိမ်းကျင့်၊ ခိုးဆိုးလုယက်ဦးမယ်။ ပြည်သူတွေကို သေဒဏ်စီရင်ကြဦးမယ်။ တိုက်ရိုက်သတ်မိန့်လည်း ရထားဆဲ ဖြစ်တယ်။ ဒါလား အပြောင်းအလဲဆိုတာ။

လူသတ်လုပ်ငန်းများကို ဘယ်တော့ရပ်မလဲ၊ လမ်းပြမြေပုံ မထားသင့်ဘူးလား။

မြေယာသိမ်းဆည်းမှုကိုလည်း ဘယ်တော့တန့်သွားမလဲ၊ လမ်းပြမြေပုံ မထားကောင်းဘူးလား။

တိုင်းရင်းသားဒေသတွေကနေ ဗမာတပ်မတော်သားတွေ ဘယ်တော့ရုပ်သိမ်းမလဲ၊ လမ်းပြမြေပုံ မဆွဲထားသင့်ဘူးလား။

ဒါက ဥပမာပဲ ရှိသေးတယ်။

နောက်တစ်ခု ဒီမိုဘက်တော်သားတွေ သတိထားရဦးမယ်။ မြန်မာသံရုံးဆိုတာ မြန်မာပြည်သားအားလုံးကို ကိုယ်စားပြုတယ်မလား။ အစိုးရအတွက် သူလျှိုဒလန်လုပ်ဖို့အတွက် မဟုတ်ဘူးမဟုတ်လား။ ဒီသံရုံးကို စိတ်ချယုံကြည်မှု ရှိကြပါသလား။ ဒေါ်အောင်ဆန်းစုကြည်က ပြည်ပနိုင်ငံထွက်ရင် ဒီသံရုံးကို ဝင်ရမှာပဲ။ သံရုံးက ဂုဏ်ပြုညစာ တည်ခင်းပေးမှာပဲ။ အဲဒီလိုအချိန်မှာ ဆန္ဒပြဖို့ မစဉ်းစားမိကြဖို့ လိုတယ်။ ဆန္ဒပြရင် ဒေါ်အောင်ဆန်းစုကြည်ကို ဆန္ဒပြရကောင်းလားဆိုပြီး အဆဲခံနေရဦးမယ်။

ခေါင်းဆောင်တွေကတော့ ပြုံးလို့ရီလို့၊ သံတမန်ဆန်ဆန် လက်ဆွဲနှုတ်ဆက်လို့၊ ဒို့တတွေ ညီညွတ်ကြပြီ၊ ကြည့်ကြပါကုန်လော့ဆိုပြီး ကမ္ဘာကို ပြစားလို့ ရတယ်။ ဘွဲ့တံဆိပ်တွေလည်း ရချင်ရဦးမယ်။ ဒါပေမယ့် ဘာမှနားမလည်ဘဲ မျှော်လင့်နေတဲ့ သာမန်ပြည်သူပြည်သားတွေကတော့ ဒုံရင်းနဲ့ ချာချာနေဦးမှာပဲ။

အခုကတည်းက ကြည့်ကြပါလား။ မကန်းရင် မြင်ကြမှာပါ။

ကျန်ရှိနိုင်ငံရေးအကျဉ်းသားကိစ္စ လုံးဝ စိတ်မဝင်စားကြတော့ဘူး။

ကချင်မှာ စစ်ဖြစ်နေတာကို ဝတ်ကျေတန်းကျေပဲ ပြောကြတယ်။

သိမ်းမြေတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေက အမှောင်ထဲရောက်သွားပြီ။

ခပ်ပြတ်ပြတ်ပဲ ပြောချင်တယ်။ လေးစားပြဖို့ မလိုဘူး။ မြှောက်ပင့်ပြောဖို့လည်း မလိုဘူး။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုလည်း မလိုဘူး။ အပေါ်ယံအခွင့်အရေးလည်း မလိုဘူး။ သူရဲဘောကြောင်ဖို့လည်း မလိုဘူး။ သူ့အလုပ် သူလုပ်ဖို့ပါပဲ။ ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ပါပဲ။ တိုင်းပြည်က အမှန်တကယ် အကောင်းဘက်ပြောင်းခဲ့ရင် ဒီလိုတောင် ရေးစရာမလိုတော့ဘူး။

ရုပ်ပြောင်ရုပ်လွှဲ မလိုဘူး။ အကြောတစ်ထောင် သိုင်းကျမ်းလည်း မလိုဘူး။ ဒေါ်အောင်ဆန်းစုကြည်က ဒု-သမ္မတဖြစ်မလား၊ အောက်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်မလား စိတ်မဝင်စားဘူး။ စိတ်ဝင်စားတာက အစိုးရနဲ့ပေါင်းလို့ သာမန်ပြည်သူတွေ၊ တိုင်းရင်းသားတွေအတွက် ဘယ်လောက်လုပ်ပေးနိုင်မလဲ သိချင်တယ်။

လိုချင်တာက လက်တွေ့ကျတဲ့ ပြောင်းလဲရေး လမ်းပြမြေပုံတစ်ခုပါပဲ။

၁။ တပ်တော်သားကိုယ်စားလှယ်တွေ လွှတ်တော်ကို ဘယ်တော့ စွန့်ခွာကြမလဲ။

၂။ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဘယ်တော့စမလဲ။

၃။ ဒီမိုကရေစီအခွင့်အရေးနဲ့ ပြည့်ဝတဲ့ စစ်မှန်တဲ့ ပြည်ထောင်စုတစ်ခု ဘယ်တော့ ပေါ်ပေါက်လာမလဲ။

လမ်းပြမြေပုံ ပြပါ။ လမ်းပြမြေပုံ ၇ ဆင့်ကို လုပ်နိုင်ခဲ့ပြီပဲ။ အခု ဘာကြောင့် မလုပ်နိုင်ရမှာလဲ။ အဲဒီလမ်းပြမြေပုံကို သိချင်တယ်။ ကျေညာပေးရင် ထောက်ခံတဲ့ ဆောင်းပါးတစ်ပုဒ်တော့ အနည်းဆုံး ရေးမယ်။

တကယ်လို့ ဒါလေးတွေကို ရေးလို့ မမှန်ဘူးဆိုရင် ဝေဖန်နိုင်ပါတယ်။ အားမနာကြပါနဲ့။


facebook မှ ပါတဲ့ ဒေါက်တာလွဏ်းဆွေမှ ကူးယူသည်။
  • Digg
  • Sphinn
  • del.icio.us
  • Facebook
  • Mixx
  • Google
  • Furl
  • Reddit
  • Spurl
  • StumbleUpon
  • Technorati

0 ကွန်မန့်ရေးရန်:

Post a Comment