Wednesday, August 7, 2013
Dumex နို့မှုန့်များ အန္တရာယ်ကင်းရှင်းကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်
ယင်းကိစ္စနှင့်ပတ်သက်ပြီး Dumex နို့မှုန့်များ ဖြန့်ချိလျက်ရှိသည့် မိုအေးရှားကုမ္ပဏီက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး အန္တရာယ်ကင်းရှင်းကြောင်း ရှင်းလင်းခဲ့သည်။
မြန်မာနိုင်ငံ
မြန်မာနိုင်ငံမှ Dumex နို့မှုန့်များတွင်မူ နယူးဇီလန်နိုင်ငံက Fonterra ကုန်ပစ္စည်းကို သုံးစွဲသော်လည်း ဘက်တီးရီးယားပါဝင်သည့် ထုတ်လုပ်မှုအမှတ်စဉ် (batch no.) နှင့် မြန်မာနိုင်ငံသို့ တင်သွင်းသည့် ထုတ်လုပ်မှု အမှတ်စဉ် တူညီမှုမရှိကြောင်း၊ “production line လည်း မတူပါဘူး”ဟု မိုအေးရှား၏ marketing executive အရာရှိ ဦးသီဟခိုင်က မဇ္ဈိမသို့ ပြောသည်။
“နယူးဇီလန်နိုင်ငံက Fonterra ကုန်ပစ္စည်းကို မလေးရှားနိုင်ငံကတစ်ဆင့် တင်သွင်းပြီး Dumex ထုတ်လုပ်ထားတယ်ဆိုပေမယ့် Dumex အသုံးပြုတဲ့ ကုန်ပစ္စည်းအမျိုးအစားမှာ အန္တရာယ်မရှိကြောင်း လုံးဝအာမခံ ပါတယ်။ ယုံကြည်စိတ်ချစွာသုံးစွဲဖို့ အသိပေးလိုပါတယ်” ဟု မိုအေးရှား၏ nutrition manager အရာရှိ ဒေါက်တာနှင်းနှင်းအေးက မီဒီယာများသို့ ရှင်းလင်းတင်ပြသည်။
ထိုင်းနိုင်ငံ
ထိုင်းနိုင်ငံကလည်း ထိုင်းအစားအစာ နှင့်ဆေးဝါးကွပ်ကဲမှုအဖွဲ့ကလည်း နယူးဇီလန်ရှိ Fonterra ကုမ္ပဏီမှ ထုတ်ပြီး ထိုင်းနိုင်ငံတွင်Anmum, Anlene နှင့် Anchor^Fernleaf အမှတ်တံဆိပ်များဖြင့် ဖြန့်ချိသည့် နို့ထွက်ကုန်နှင့် နို့မှုန့်များကို ဈေးကွက်အတွင်းမှ ချက်ချင်းပြန်လည်ရုပ်သိမ်းရန် ကြေညာချက်ထုတ်ပြန်ရာ လူအများက စိတ်ဝင်စားပြီး စိုးရိမ်စိတ်လည်း ပိုလာကြသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ နယူးဇီလန်နိုင်ငံမှတင်သွင်းသည့် နို့မှုန့်များကို တရုတ်နိုင်ငံမှ ပိတ်ပင်လိုက်ခြင်းနှင့် ထိုင်းနိုင်ငံက ထုတ်ပြန်သည့် ကြေညာချက်များအပေါ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) လက်ထောက်ညွှန် ကြားရေးမှူး ဒေါက်တာထွန်းဇော်က “ကျွန်တော်တို့ဌာနမှာ မှတ်တမ်းတင်ထားတဲ့ နို့မှုန့်ထုတ်ကုန်တွေရဲ့ မှတ်တမ်းတွေကို စစ်ဆေးနေပါတယ်။ အခုချိန်ထိတော့ အထောက်အထား မတွေ့သေးပါဘူး”ဟု မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေသည်။
နို့မှုန့်များတင်သွင်းခြင်းနှင့်ပတ်သက်ပြီး နမူနာပစ္စည်းများကို စစ်ဆေးထားရာတွင်၎င်း အန္တရာယ်ဖြစ်စေသည့် အနေအထား မတွေ့ရှိကြောင်း၊ နောက်ဆုံးအတည်ပြုချက်ရယူပြီးလျှင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဌာနက တရားဝင်ကြေညာသွားမည်ဟု ၎င်းကရှင်းပြသည်။
နယူးဇီလန်
နယူးဇီလန်ရှိ ပင်ရင်းကုမ္ပဏီ၏ ကြေညာချက်အရ ထိုင်း၊ တရုတ်အပါအ၀င် နိုင်ငံ ခုနစ်နိုင်ငံသို့ ဖြန့်ချိခဲ့သော နို့ထွက်ကုန် တန် ၁၀၀၀ တွင် အစာအဆိပ်ဖြစ်စေသော ဘက်တီရီးယားပိုးများ ပါဝင်နေသည်ဟု ဆိုသည်။
Fonterra အနေဖြင့် ၎င်း၏ကုန်ပစ္စည်းများမှာ သန့်ရှင်းမှုမရှိကြောင်း တွေ့ရှိခဲ့သည်ဟု ကြေညာခဲ့ပြီး တရုတ် နိုင်ငံအပါအ၀င် နိုင်ငံပေါင်း ခုနစ်နိုင်ငံရှိ နို့ထွက်ပစ္စည်း တန်ချိန်ပေါင်း ၁၀၀၀ ကျော်အား ပြန်လည်ရုပ်သိမ်း ရန် ဆော်သြထားသည်။
မသန့်ရှင်းမှုဖြစ်နိုင်ခြေရှိသည့် စားသုံးကုန်များတွင် ကလေးသူငယ်များ သောက်သုံးသည့် နို့မှုန့်များ၊ အားကစားသမားများ သောက်သုံးသော ဖျော်ရည်များ၊ ပရိုတိန်းဖျော်ရည်များနှင့် တခြားသော ယမကာ စားသောက်ကုန်များ ပါဝင်သည်။
အေးမြင့်စန်း
Mizzima - News in Burmese










































