Tuesday, February 4, 2014

တယ်လီနောက ဝန်ဆောင်မှုပေးမည့် မိုဘိုင်းဆင်းမ်ကတ်တွင် အင်တာနက် ဝန်ဆောင်မှုပါ ထည့်သွင်း ပေးထားမည် ................

Tuesday, February 4, 2014

စ ချိုကို
ပြည်တွင်းတွင် မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်း လိုင်စင်ရရှိထားသော နော်ဝေနိုင်ငံ အခြေစိုက် တယ်လီနော ကုမ္ပဏီက ဝန်ဆောင်မှုပေးမည့် မိုဘိုင်းဆင်းမ်ကတ်တွင် အင်တာနက်ဝန်ဆောင်မှုပါ တပါတည်း ထည့်သွင်းပေး ထားမည်ဖြစ်သည်ဟု တယ်လီနော မြန်မာ၏ အမှုဆောင်အရာရှိချုပ် မစ္စတာ Petter Furberge က ဘားကမ့်ရန်ကုန်ပွဲတွင် မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားသည်။

Mr.Petter Furberge က “ ကျွန်တော်တို့ ရောင်းမယ့် မိုဘိုင်းဆင်းကတ်တွေမှာ အင်တာနက် ဝန်ဆောင်မှု ပါဝင်လာမှာဖြစ်ပါ တယ်။ အင်တာနက် လျှောက်ထားခ ထပ်ပေးရတာမျိုး မရှိပါဘူး။ အဲဒီအင်တာနက်လိုင်းကို အသုံးပြုမှသာ အသုံးပြုခကိုပေးရမှာဖြစ်ပါတယ်” ဟု ပြောသည်။

လက်ရှိတွင် မိုဘိုင်းဖုန်းများ၌ အင်တာနက် ဝန်ဆောင်မှု ရရှိသော်လည်း အဆိုပါ အင်တာနက် လျှောက်ထားမှုအတွက် ငွေကျပ် တစ်သောင်း ထပ်ပေးရခြင်းဖြစ်သည်။

ဆက်လက်၍ Mr.Petter Furberge က“ တစ်နိုင်ငံလုံးကို အင်တာနက် Access ပေးနိုင်ဖို့ အဓိက ထားတယ်။ Internet Access သုံးနိုင်မှသာ တစ်နိုင်ငံလုံး မဟုတ်ဘူး တစ်ကမ္ဘာလုံးကိုပါ ချိတ်ဆက် နိုင်မယ်” ဟု ဆိုသည်။

တယ်လီနော အနေဖြင့် လိုင်စင်ရပြီး ရှစ်လအကြာတွင် မိုဘိုင်းဆင်းမ်ကတ်များ စတင်ရောင်းချ သွားမည်ဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီ ၃ဝ က လုပ်ငန်းလိုင်စင်အတွက် လက်မှတ်ရေးထိုးခဲ့သည်။

တယ်လီနောက ကနဦးအနေဖြင့် ဖုန်းဆက်သွယ်ခြင်း (Voice) နှင့် အင်တာနက် အသုံးပြုခြင်း (Data) တို့ကို 2G နှင့် 3 G ကွန်ယက်များပေါ်တွင် ဝန်ဆောင်မှုပေးသွားဖြစ်ကာ ငါးနှစ်အတွင်း နိုင်ငံ လူဦးရေ၏ ၉ဝ ရာခိုင်နှုန်းအထိ ဝန်ဆောင်မှု ပေးနိုင် မည်ဖြစ်သည်ဟု တယ်လီနောကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။

ထို့ပြင်ဖုန်းပြောဆိုခကိုလည်း တစ်မိနစ်လျှင် အများဆုံး ၂၅ ကျပ်အထိသာ ကောက်ခံရန် စီစဉ်ထားပြီး မိုဘိုင်းဆင်းကတ်ဈေးနှုန်းမှာလည်း ၁၅ဝဝ ကျပ် ဝန်းကျင်ဖြင့်သာ ရောင်းချသွားမည် ဖြစ်သည်ဟုလည်း မစ္စတာ Petter Furberge က ပြောသည်။

၎င်းက “ ဖုန်းပြောဆိုခကိုတော့ တရားဝင် မသတ်မှတ်ရသေးဘူး။ ဒါပေမယ့် တစ်မိနစ်ကို အများဆုံး ၂၅ ကျပ် အထိသာကောက်ခံသွားမယ်။ ဒီဈေးနှုန်းထက် နည်းရင်လည်း နည်းသွားလိမ့်မယ်။ လူတိုင်း လက်လှမ်းမှီနိုင်တဲ့ ဈေးနှုန်း ဖြစ်မှာပါ ”ဟုဆိုသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းကွန်ယက်များတည်ဆောက်ရန်အတွက် တယ်လီနောအနေဖြင့် Huawei နှင့် Ericsson ကုမ္ပဏီတို့နှင့် ပူးပေါင်းလုပ်ကိုင်သွားမည်ဖြစ်သည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက ပြည်ပအော်ပရေတာ နှစ်ခုဖြစ်သော အူရီဒူးနှင့် တယ်လီနောကို ဇန်နဝါရီ ၃ဝ ရက်တွင် လုပ်ငန်းလိုင်စင် စတင်ချထားပေးခဲ့သည်။

အဆိုပါ လိုင်စင်သည် ဖေဖော်ဝါရီ ၅ ရက်တွင် စတင် အသက်ဝင်မည်ဖြစ်သည်။ လိုင်စင်သက်တမ်းမှာ ၁၅ နှစ်ဖြစ်ပြီး အော်ပရေ တာ တစ်ခုစီက လိုင်စင်ကြေး အမေရိကန်ဒေါ်လာ သန်း၅ဝဝ ပေးဆောင်ရမည်ဖြစ်သည်။

0 ကွန်မန့်ရေးရန်:

Post a Comment