Friday, May 31, 2013

ဟိုတယ်မှာ ဒေါ်လာနှင့် မြန်မာငွေ ခိုးယူသူအား ဖမ်းဆီးရမိ



ဟိုတယ်၏ မြေအောက်ခန်းရှိ မီးခံသေတ္တာ အတွင်းမှ ဒေါ်လာနှင့် မြန်မာငွေ ခိုးယူသူအား ဖမ်းဆီးရမိ ကြောင်း မေလ (၃၀)ရက်နေ့ မှာ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်း ထုတ်ပြန်ထားပါတယ်။

၂၃.၅.၂၀၁၃ ရက်နေ့ ညနေပိုင်းတွင် ပုဇွန်တောင်မြို့နယ်၊ ဟိုတယ်တစ်ခု၏ မြေအောက်ခန်းရှိ မီးခံသေတ္တာ အတွင်းမှ အမေရိကန်ဒေါ်လာ ၁၅၂၀ ၊ မြန်မာငွေ ၁၃၈၂၄၅ ကျပ်တို့ ပျောက်ဆုံးနေခဲ့ တယ်လို့ သိရပါတယ်။ 

အဆိုပါ ပျောက်ဆုံးမှု ကို ဟိုတယ်ရှိ CCTV မှတ်တမ်းများအရ ညစောင့် ၀န်ထမ်းဖြစ်သူ အောင်ကိုကို၏ မသင်္ကာဖွယ် လှုပ်ရှားမှုများ တွေ့ရှိကြောင်း ဟိုတယ်တာဝန်ရှိသူ တစ်ဦးမှ ပုဇွန်တောင်မြို့မ ရဲစခန်းသို့ လာရောက်တိုင်တန်းသဖြင့် ပုဇွန်တောင်မြို့မရဲစခန်း (ပ)၁၀၁/၂၀၁၃ ၊ပုဒ်မ ၃၈၁ ဖြင့်အမှုဖွင့် စုံစမ်းခဲ့ပါတယ်။

အဆိုပါမသင်္ကာသူ အောင်ကိုကို(ဘ)ဦးနေ၀င်း အား အသေးစိတ် စစ်ဆေးခဲ့ရာ ဟိုတယ်မှ ပျောက်ဆုံးသွားသည့် ဒေါ်လာနှင့်မြန်မာငွေများကို ခိုးယူခဲ့ပြီး ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလ ပန်းခြံအနီးတွင် ကုလားတစ်ဦးထံ ဒေါ်လာငွေ ၁ ဒေါ်လာလျှင် ၉၁၀ ကျပ်နှုန်းဖြင့် ရောင်းချခဲ့ရာ
ငွေကျပ် ၁၃၈၀၀၀၀ိ/- ရရှိခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။

 အဆိုပါရရှိငွေဖြင့် ရွှေဘုံသာလမ်းရှိ ရွှေဆိုင်မှ ရွှေချိန် (၁)ကျပ်သား ရွှေတုံးတစ်တုံး ၀ယ်ယူခဲ့ကြောင်း၊ ကျန်ငွေများကို သုံးစွဲခဲ့ရာ ငွေကျပ် ၃သိန်းသာ ကျန်ရှိတော့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့၍ ပုဇွန်တောင်မြို့မ ရဲစခန်းမှ သက်သေခံပစ္စည်း များသိမ်းဆည်းကာ အောင်ကိုကိုအား ဖမ်းဆီးအရေးယူ ထားရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်ထားပါတယ်။

သစ်ထူးလွင်

0 ကွန်မန့်ရေးရန်:

Post a Comment