Tuesday, December 18, 2012

တန်ဖိုးနည်း မဟုတ်သော တန်ဖိုးနည်းဖုန်းများ


တန်ဖိုးနည်းဖုန်းများကို ၂၀၁၃ခုနှစ် ဇန်န၀ါရီလတွင် ကျပ်တစ်သိန်းခွဲအောက်လျော့သော ဈေးနှုန်းများဖြင့် မြန်မာ့ ဆက်သွယ်ရေးမှ ရောင်းချပေးမည် ဆိုသော သတင်းများကို သတင်းစာ..ဂျာနယ်နှင့် အင်တာနက် သတင်းများတွင်ပါ မကျန်တင်ပြနေမှုများကို အားလုံးတွေ့မြင်ကြမည်ဟု ထင်ပါသည်။
မျှော်လင့်တကြီး စောင့်မျှော်နေသူများလည်း ရှိနေပါသည်။ သို့သော်…အသုံးအနှုန်းလွဲမှားနေသောစကားစု တစ်ခုအကြောင်းကိုတော့ ပြောပြလိုပါသည်။ တန်ဖိုးနည်းတဲ့….။ ဟုတ်ပါတယ်..။ ဟိုအရင်တုန်းက ဇိမ်ခံပစ္စည်းတစ်ခုသဖွယ် ထားရှိခဲ့ရသောဈေးနှုန်းနဲ့ နှိုင်းယှဉ်လိုက်ရင် တန်ဖိုးနည်းသွားတာ အမှန်ပါ…။

တစ်ကယ်တန်းကျတော့ တန်ဖိုးနည်းဖုန်းမဟုတ်ပါ..။ နိုင်ငံတကာဈေးနှုန်းများနဲ့ နှိုင်းယှဉ်လိုက်ရင် လုံးဝ တန်ဖိုးမနည်းပါ။ တယ်လီဖုန်းဆိုသည်မှာ ဆက်သွယ်ရေးသုံးကိရိယာ တစ်ခုပါ..။ ဆင်းရဲသောနိုင်ငံများ စာရင်းတွင် ပါဝင်နေသော မြန်မာနိုင်ငံအနေဖြင့် ယခုရောင်းချမည့်ဈေးနှုန်းသည် ပင်လျှင် တန်ဖိုးမနည်း သေးပါ…။ သုံးစွဲနေသော စကားစုကတော့ တန်ဖိုးနည်းဖုန်းဆိုတော့ သုံးစွဲနေသူများက….??
နိုင်ငံတော် သမ္မတကြီးက ဖြစ်နိုင်ရင် အလကားပင်ပေးချင်သောဖုန်းကဒ်များသည် နိုင်ငံသား တစ်ဦး၏ တစ်ဦးချင်းဝင်ငွေနှင့် နှိုင်းယှဉ်လိုက်ရင် လုံးဝတန်ဖိုးမနည်းသည်ကို သိသိလျှက်နှင့် ဘာကြောင့်များ တန်ဖိုးနည်းဟု ပြောဆိုနေရပါသနည်း..စာရေးသူ လုံးဝနားမလည်နိုင်ပါ..။
အဆင်းရဲဆုံးစာရင်းဝင်နိုင်ငံ..၀င်ငွေနည်းစာရင်းဝင်နိုင်ငံတစ်ခုမှာ ဈေးနှုန်းမြင့်မြင့်ပေးပြီးသုံးနေရသည်ကို သိနေပါလျှက်နှင့် တန်ဖိုးနည်းဖုန်းဟု အသုံးတပ်သော ပုဂ္ဂိုလ်များကိုသာ မေးလိုက်ချင်မိတော့ပါသည်။
အလိမ်အညာများနှင့် နှစ်ပေါင်း ၂၀ ကျော်ကြီးပြင်းခဲ့ရသော ကျွန်တော်တို့ဘ၀ကြီးတွင် ဒီမိုကရေစီနိုင်ငံ တည်ထောင်ရာတွင်..ဒီ စကားလုံးကို ဆက်လက်သုံးစွဲသင့်ပါသလော…။ ဝေါဟာရ အလွန်ကြွယ်ဝသော မြန်မာစကားထဲတွင် ထို စကားလုံးအစား ..အစားထိုးစရာ စကားလုံး မရှိလို့ပါများလား..။

စဉ်းစားစရာအလွန်ပင် ကောင်းလွန်းလှပါသည်..။ ယနေ့ခေတ်..အထူးသဖြင့် ၂သိန်း ၊ ၂သိန်းခွဲဖုန်းများ ၀ယ်ကိုင်နေသော သူများကို မေးကြည့်စေလိုပါတယ်..။ တန်ဖိုးနည်းဖုန်း ဟုတ်ပါသလား…..။
စီးပွားရေးအရ…ရင်းနှီးမြုပ်နှံမှုမူဝါဒများအရ.. ယခုသုံးစွဲနေသောဖုန်းများကို နှစ်ရှည်စီမံကိန်းကာလ ဘယ်လောက် သတ်မှတ်ထားခဲ့လို့ ယခုလိုဈေးနှုန်းများ သတ်မှတ်ပြီး ငှားရမ်းသုံးစွဲခွင့်ကို ရောင်းချခဲ့ရသလဲ ဆိုတာကို အများပြည်သူများကို သတင်းအချက်အလက် တင်ပြခဲ့ဖူးပါသလော..။
နိုင်ငံတကာမူဝါဒများအရ… မြန်မာနိုင်ငံမူဝါဒများအရ အဘယ်သို့များ သတ်မှတ်ထားခဲ့လေသလဲ နားမလည်နိုင် သေးသည်မှာ အမှန်ပင် ဖြစ်ပါသည်။ ထို့ပြင်…ဖုန်းများ၏ အင်တာနက်သုံးစွဲမှုများကိုလည်း မည်သည့် အချက် အလက်များပေါ် မူတည်ပြီး Data System ဖြင့် ကောက်လေဦးမလဲ..စောင့်မျှော်ကြည့်ချင်စရာ ကောင်းနေ ပြန်ပါသည်။

စာရေးသူကတော့ တန်ဖိုးနည်းဖုန်း သုံးစွဲနေရတာ စိတ်မသန့်ပါ..။ တန်ဖိုးကြီးဖုန်း သုံးစွဲနေသည်ဟုသာ မှတ်ယူချင်ပါသည်။ ဒီလိုပဲ ကြံဖန်ပြီး ဂုဏ်ယူလိုက်ရပါသည်..။
ကိုကိုနန်းညွန့်ဦး

0 ကွန်မန့်ရေးရန်:

Post a Comment