Thursday, December 6, 2012

စစ်တပ်အုပ်ချုပ်ခဲ့သော နိုင်ငံများတွင် အာဏာပြန်သိမ်းရန် အခွင့်အလမ်း ၅၀ ရာခိုင်နှုန်းရှိဟုဆို

Kotoke Gyi shared Venus News Weekly's status update.


ထက်နိုင်ဇော်
ရန်ကုန်၊ ဒီဇင်ဘာ ၅။

စစ်တပ်အုပ်ချုပ်ခဲ့သော နိုင်ငံများတွင် အာဏာပြန်သိမ်းရန် အခွင့်အလမ်းမှာ ၅၀ ရာခိုင်နှုန်းရှိကြောင်း မြန်မာ နိုင်ငံရေးလေ့လာသူ ဒေါက်တာမင်းဇော်ဦးက ဒီဇင်ဘာလ ၁ ရက်နေ့တွင် UMFCCI ၌ ပြောသည်။
ဒီမိုကရေစီ အသွင်ကူးပြောင်းသွားခဲ့သော နိုင်ငံ ၁၁၅ ခု တွင် ၄၄ နိုင်ငံမှာ စစ်တပ်မှ အာဏာသိမ်း၍ နောက် ကြောင်း ပြန်လှည့်ခဲ့ရာ နိုင်ငံ ၃၀ မှာ စစ်တပ်အုပ်ချုပ်ခဲ့သော နိုင်ငံများဖြစ်ကြောင်း၊ ၈၆ နိုင်ငံတွင် နိုင်ငံ ၄၀ မှာ မတည်ငြိမ်မှုနှင့် စစ်ပွဲ များကြောင့်ဖြစ်ကြောင်း၊၂၄ နိုင်ငံမှာ ရှေ့မတိုးနောက်မဆုတ် အခြေအနေသာ ဖြစ်နေ သောကြောင့် နိုင်ငံပေါင်း ၁၅ နိုင်ငံသာ ဒီမိုကရေစီအသွင် ကူးပြောင်းမှု အောင်မြင်ခဲ့ကြောင်း ၎င်းကဆိုသည်။

“စစ်တပ်အုပ်ချုပ်ခဲ့တဲ့ နိုင်ငံဖြစ်ခြင်းကကို ဒီမိုကရေစီအောင်မြင်ဖို့ နှစ်ဆလောက် အားနည်းနေတယ်”ဟု ဒေါက်တာမင်းဇော်ဦးကပြောသည်။
စစ်တပ်အုပ်ချုပ်သော နိုင်ငံများတွင် ဒီမိုကရေစီတည်ဆောက်ရန် ခက်ခဲရခြင်းမှာ ပြည်တွင်းငြိမ်းချမ်းရေး မရှိ ခြင်း၊ လုံခြုံရေးပြဿနာကြီးမားခြင်း၊ အရပ်ဘက် အဖွဲ့အစည်းများ အားနည်းခြင်း၊ အရပ်သား နိုင်ငံရေးသမား များ အကွဲအပြဲဖြစ်ခြင်းနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွင် စနစ်ဟောင်း၏ အမွေဆိုးမှာ အစိုးရယန္တရားကို အစားထိုးမရဘဲ ပြင်၍သာရခြင်း၊ ခရိုနီများရှိခြင်းနှင့် နိုင်ငံတကာနှင့် ချုပ်ဆိုခဲ့သော စာချုပ်၊ သဘောတူညီမှုများ ဖြစ်သည်ဟု ဆိုသည်။

“ငြိမ်းချမ်းရေးမရှိဘဲ စစ်ဖြစ်နေရင် သူပုန်တစ်သိန်းကျော်ရှိနေတဲ့ တိုင်းပြည်မှာ စစ်တပ်က သူ့ရဲ့အခန်းကဏ္ဍ တိုင်းပြည်မှာ ရှိနေသေးတယ်လို့ထင်မှာပဲ”ဟု ဒေါက်တာမင်းဇော်ဦးကပြောသည်။

နိုင်ငံရေးတွင် စစ်တပ်ပါဝင်လာခဲ့ပါက အလွယ်တကူ ပြန်ထွက်လေ့မရှိဘဲ ထိုအချိန်တွင် ပြည်တွင်းစစ်ရှိနေခြင်း၊ နိုင်ငံရေးပါတီနှင့် အရပ်ဖက် လူ့အဖွဲ့အစည်းများ အားနည်းခြင်းနှင့် အရပ်သားဂိုဏ်းဂဏ ကွဲပြားမှုများ ရှိနေချိန် တွင် အင်အားအကောင်းဆုံးမှာ စစ်တပ်သာဖြစ်ကြောင်း ဒေါက်တာမင်းဇော်ဦးက ဆိုသည်။

“အခွင့်ထူးခံဖြစ်ခဲ့ပြီး စနစ်သစ်မှာ အဲဒီအခွင့်အရေးမရရင် ပြဿနာရှိတယ်။ မရရင်ပြဿနာရှာမှာပဲ”ဟု စစ် တပ်၏ သဘောသဘာဝ ကို ဒေါက်တာမင်းဇော်ဦးက ထောက်ပြသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန်နှင့် အရပ်သားခေါင်းဆောင်များက လုံခြုံရေး ကိစ္စရပ်များကိုပါ နားလည်ရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံအခြေအနေမှာ စစ်တပ်အုပ်ချုပ်ရေးမှ ကူးပြောင်းခဲ့၍ စစ်တပ်ခေါင်းဆောင်များ ကိုယ်တိုင်က နိုင်ငံရေး တံခါးဖွင့်ပေးခဲ့ခြင်းဖြစ်သည်။

0 ကွန်မန့်ရေးရန်:

Post a Comment