Friday, November 30, 2012

ကေအိုင်အေက မြန်မာ့စီးပွားရေးဘဏ် ငွေပို့ယာဉ်နှင့် အကျဉ်းသားပို့ ယာဉ်တန်းကို အဝေးထိန်းစနစ်ဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့



မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်နေသော ကေအိုင်အေက မြန်မာ့စီးပွားရေး ဘဏ်မှ ငွေပို့ယာဉ်တန်းနှင့် အကျဉ်းထောင်သို့ ပို့မည့်ထောင်သားများ ပါဝင်သော ယာဉ်တန်းကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ထံမှ ၂၁.၁၁.၂၀၁၂ ရက်က သိရသည်။ နိုဝင်ဘာ ဒုတိယပတ်အတွင်းက အတည်ပြု၍ မရသေးသော သတင်းများအဖြစ် ယင်းကဲ့သို့ ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည်ကို ကြားသိခဲ့ရပြီး ပြည်နယ်အစိုးရက ယင်းအဖြစ်အပျက်မျိုး ရှိကြောင်း ထုတ်ဖော်ပြောကြား လာခြင်း ဖြစ်သည်။ “လုံးခင်းဘက်မှာ ဖြစ်သွားတာ။ ဗုံးခွဲတိုက်ခိုက်ခံရတာနဲ့ နောက်ရက်မှာပဲ ဒေသခံ အုပ်ချုပ်ရေးမှူးရုံးက သတင်းပို့လာပါတယ်” ဟု ပြည်နယ်အစိုးရအဖွဲ့မှ အဆင့်မြင့် အရာရှိတစ်ဦးက အတည်ပြု ပြောကြားသည်။ အခင်းဖြစ်ပွားမှုအရ ဖားကန့်မြို့မှ မြန်မာ့စီးပွားရေးဘဏ် ငွေပို့ယာဉ်နှင့် ဖားကန့်မြို့မှ မြစ်ကြီးနားကို ပို့ဆောင်မည့် အကျဉ်းသားယာဉ်ကို အဝေးထိန်းစနစ်ဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အကျဉ်းသား သုံးဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကချင်နေ့စဉ်သတင်းက ရေးသားဖော်ပြထားသည်။ “ကေအိုင်အေနဲ့တော့ ကျွန်တော်တို့ အစိုးရအဖွဲ့က တိုက်ရိုက်မဆက်ဆံပါဘူး။ ပြည်ထောင်စုအဆင့်က ကိုင်တွယ်တာပါ။ ပြီးတော့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့တွေ ရှိတာပဲ၊ သူတို့ဆီကိုပဲ အကြောင်းကြားစာ ပေးပို့လိုက်ပါတယ်” ဟု အဆိုပါအရာရှိက ဆက်လက်ပြောကြားသည်။ ကေအိုင်အေနှင့် မြန်မာအစိုးရသည် ငြိမ်းချမ်းရေး ဆွေးနွေးထားသည်မှာ ၁၁ ကြိမ်ထက်မနည်း ရှိပြီဖြစ်ပြီး ခိုင်မာသော သဘောတူညီချက်များ ရရှိထားခြင်း မရှိသေးကြောင်းလည်း သိရသည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ http://wlovestory.blogspot.com/2012/11/blog-post_3051.html?utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+blogspot%2FDbNmmg+%28%E1%80%A7%E1%80%92%E1%80%84%E1%80%B9%E1%80%A1%E1%80%81%E1%80%BA%E1%80%85%E1%80%B9%E1%80%95%E1%80%B6%E1%80%AF%E1%81%BF%E1%80%95%E1%80%84%E1%80%B9%29

0 ကွန်မန့်ရေးရန်:

Post a Comment