Monday, June 25, 2012
Hack Hack Hacking Life...!
Hack Hack Hacking Life...!
ခေါင်းစဉ်ကတော့ ဖတ်လိုက်တာနဲ့  "ဟိုက် ရှားဘား..." ဆိုပြီး လူတွေ တော်တော်များများ စိတ်ဝင်စားသွားနိုင်ပါလိမ့်မယ်။ ဒီတော့ ကျွန်တော်က Hacking နည်းပညာတွေ တင်ပြလိမ့်မယ်လို့  အထင်ကြီးလိုက်ရင်တော့ တော်တော်လွဲသွားပါလိမ့်မယ်။
"Team Viewer" လို software မျိုးတောင် ရေလည်အောင် မသုံးတတ်တဲ့ ကျွန်တော်က Hacking ဆိုတာ ဘာသိမှာလဲ...? "ဘာမှမသိပါ"။ ကျွန်တော်ရေးချင်တာက "Hacking" "Hacker"
တွေနဲ့  ပက်သက်တဲ့ ပုဂ္ဂလိက အမြင် ခံစားချက် သက်သက်ပါ၊ ဒါကြောင့် မိတ်ဆွေတို့ ရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေကို နှမြောရင် ဒီနေရာကနေ ဆက်ပြီး မဖတ်ပါတော့နဲ့ လို့  အသိပေးလိုပါတယ်...
ကျွန်တော် တားနေတဲ့ ကြားထဲက မိတ်ဆွေက ဆက်ဖတ်လာပြီဆိုတော့ ကျွန်တော်ကလည်း ရေးရတော့မှာပေါ့နော....
"Hacking" ဆိုတာ
" ကွန်ပျူတာ နှင့် ကွန်ပျူတာကွန်ယက် ကို အထူးတတ်ကျွမ်းသူ တစ်စုံတစ်ဦးက ကွန်ပျူတာ နှင့် ကွန်ပျူတာကွန်ယက် သတ်မှတ်ချက်တွေကို ဖြတ်ကျော်ပြီး အားနည်းချက်များကို ရှာဖွေခြင်း" ဖြစ်ပြီး "Hacking" လုပ်သူကို "Hacker" လို့  ခေါ်ပါတယ်၊ Hacker တွေဟာ ကိုယ်စွမ်းကိုယ်စ ပြချင်၍သော်၎င်း၊ အမြတ်ထုတ်ချင်၍သော်၎င်း၊ စိန်ခေါ်မှုအတွက် စသည့် အကြောင်းပေါင်းစုံနဲ့  Hacking လုပ်ကြသည် ဟု Wikipedia က အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
Hacking means finding out weaknesses in a computer or computer network, though the term can also refer to someone with an advanced understanding of computers and computer networks.[1] Hackers may be motivated by a multitude of reasons, such as profit, protest, or challenge. >>
"Hacker" မှာလည်း "white hats" နဲ့  "black hats" ဆိုပြီး နှစ်စု ကွဲပြန်ပါသေးတယ်၊ "white hats" က ကွန်ပျူတာ လုံခြုံရေးပိုင်ဆိုင်ရာ အထူးကျွမ်းကျင်သူဖြစ်ပြီး "black hats" ကတော့ ကွန်ပျူ ရာဇဝတ်မှုများကို ကျူးလွန်နေသူ (ငတက်ပြား) များ ဖြစ်ကြပါသည်။
ဒါကြောင့် Hacker ဟုဆိုလိုက်လျှင် သူတစ်ပါး၏ computer system security များကို ဖောက်ဖျက်၍ တိတ်တဆိတ် ဝင်ရောက်တတ်သော ကွန်ပျူတာ ဖောက်ထွင်းဝိဇ္ဇာဟု အုတ်ရောရော ကျောက်ရောရော အများက ထင်ထားတတ်ကြပါတယ်။
ဒီအတွက်ကြောင့် "white hats" များက "Hacker" ဟူသော ဝေါဟာရသည် သူတို့  နှင့်သာ သက်ဆိုင်ပြီး "black hats" ဖောက်ထွင်းဝိဇ္ဇာ ငတက်ပြား များကိုတော့ "Cracker" ဟု ကွဲပြားခြားနားစေရန် သုံးနှုန်းသင့်ကြောင့် တောင်းဆိုတင်ပြကြပါတယ်။
Hackers များဟာ တစ်ကယ်တော့ လူတော်များသာ ဖြစ်ကြပါတယ်၊ ဒါကြောင့် အချို့  ကုမ္ပဏီအကြီးကြီး တွေက Hackers များအား ဖိတ်ခေါ်၍သော်၎င်း၊ အခကြေးငွေဖြင့်သော်၎င်း သူတို့ ရဲ့ System များကို security ဘယ်လောက် လုံခြုံမှု ရှိ မရှိ သိနိုင်ရန် တစ်ကယ် အသုံးမပြုသေးခင် စိတ်ကြိုက် Hack ခိုင်းတတ်ပါတယ်။
သာဓက တစ်ခုအနေနဲ့  ပြရရင် iOS Device တွေအတွက် Online jailbreak ဖြစ်တဲ့ "jailbreakme.com" ကို တည်ထောင်သူ လူငယ် Hacker "Comex" ကို Apple က ကမ်းလှမ်းခဲ့တာကို ကြည့်ရင် သိနိုင်ပါတယ်။
Hacker တွေဟာ အရင်တုန်းက မြေအောက်လှုပ်ရှားသူ (computer underground) အခြေနေကနေ ယနေ့ အချိန်မှာတော့ ပွင့်လင်းအဖွဲအစည်း (Open community) တစ်ခုအဖြစ် အသွင်ဆောင်နိုင်ခဲ့ပါပြီ။
ကွန်ပျူတာ သုံးသူများကြားမှာ အရမ်း ခေတ်စား လာပြီး တတ်ကျွမ်းသူတိုင်း စိတ်ကြိုက် ဝင်ရေး၊ ဝင်ပြင်နိုင်တဲ့ Open Source programs ဆိုတာတွေဟာ Hackers တွေဆီကနေ ထွက်ပေါ်လာခဲ့တာပါ။ "Ubuntu" "Android" စတာတွေဟာ Open Source တွေပဲဖြစ်ပါတယ်။
မွှေနှောက် သိရှိထားတဲ့ System တွေ Program တွေရဲ့ အတွေ့  အကြုံပေါင်း များစွာထဲက ကောင်းနိုးရာရာ အပိုင်းတွေကို Logic ပိုင်း အရသော်၎င်း ပေါင်းစပ်ပြီး ထုတ်လုပ်လိုက်တဲ့ အတွက် Open Source တော်တော်များများဟာ ကောင်းမွန်တာကို တွေ့ ရပါတယ်၊ သို့ သော် အဓိက အားနည်းချက်ကတော့ လုံခြုံရေး Security ပိုင်း ဖြစ်ပါတယ်။
ဒီအတွက် Android ခြင်းတူသော် ငြားလည်း Samsung, HTC, Nokia စသည်ဖြင့် ကုမ္ပဏီအလိုက် စိတ်ကြိုက် ပြုပြင်ရေးဆွဲထားတဲ့ အတွက် အမျိုးမျိုးကွဲပြားနေပြီး Android တစ်မျိုးသုံးဖူးသော်လည်း အခြားအမျိုးအစား Android ကို ပြောင်းသုံးမိပါက အစမှပြန်လေ့လာ နေရ၍ မလွယ်ကူလှပေ။
ဒီနေရာမှာ Apple သည် ကိုယ်ပိုင် System ကို အသုံးပြုနေတဲ့ အတွက် လုံခြုံရေးပိုင်းဆိုင်ရာ၊ User friendly နေရာတွေမှာ အထူးအားသာပါတယ် သို့ သော် Security ပိုင်းတင်းကျပ်မှုကြောင့် ကလိချင်သူများကိုတော့ အခက်ခဲ အတားအဆီး ဖြစ်စေပါသည်။
Hacker (Cracker) တွေရဲ့ လုပ်ဆောင်ချက် နောက်တစ်ခုကတော့ အခြားသူများ၏ Copyright License program များအား Cracked လုပ်ပြီး တရားမဝင် ပြန်လည် ဝေငှခြင်းဖြင့် မိမိတို့ ရဲ့ 'ဇ' ကို ပြတတ်ကြပါသည်။
Crackers များ၏ အယူအဆမှာ မည်သည့် အတားအဆီး ပိတ်ပင်မှုကိုမျှ မကြိုက်ပါ လူတိုင်း တန်းတူအသုံးပြုနိုင်ရမည် ဟူသော ခံယူချက် ထားရှိသည့်အတွက် သူခိုးကြီးငတက်ပြား လုပ်ပါတော့သည်။
ငတက်ပြားများ၏ ကျေးဇူးကြောင့် အလွန်တန်ဖိုးရှိသော Software များကို Free သုံးစွဲခွင့် ရလာသောအခါ အချို့ သုံးစွဲသူ တော်တော်များများရဲ့ အတွေးမှာ Software ဆိုတာ ဝယ်စရာမဟုတ် ဆိုတဲ့ အတွေးမျိုး  အမြစ်တွယ်လာကြပါတယ်။
ဒီနေရာမှာ "သုံးစွဲသူ" ကို မြန်မာလို နှစ်မျိုး နှစ်စား ခွဲခြားလိုက်ချင်ပါတယ် "ယူဇာ (User)" နဲ့  "ယူရှာ" ဆိုပြီး...
"ယူဇာ" ဆိုသည်မှာ software ကို လိုင်စင်နဲ့  တရားဝင် ဝယ်သုံးသူတွေဖြစ်ပြီး "ယူရှာ" ဆိုတာကတော့ လိုချင်တဲ့ software ရဲ့ Cracked version ကို ယူ ပြီး download ချ၊ ပြီးရင် keygen တို့  patch တို့ ကို မရမက ရှာ ပြီးမှ သုံးစွဲလို့  "ယူရှာ" လို့  ခေါ်ပါတယ်။
ကျွန်တော်လဲ "ယူရှာ" ဖြစ်နေတာ ခုထိ၊ ကြာ ကြာလှပေါ့၊ ကျွန်တော်တင်တော့ မကလောက်ပါဘူးနော....
လိုင်စင်မဲ့ ငတက်ပြား software တွေကို ဖြန့် လို့  "Auto အဒိန်နဒါနာ" ထိုက်နေတာ ဘယ်နဲ့  ကုသိုလ် ရပါ့မလဲဗျာ.... ရမယ်ဆိုရင်တောင် "ကသိုလ်တစ်ပဲ၊ ငရဲတစ်ပိဿာ" ဆိုတာမျိုးဖြစ်နေမှာပေါ့နော..... ဆင်ခြင်စရာလေးတွေပေါ့... ထားပါတော့လေ။
ဒါဟာ လောလောဆယ် ကျွန်တော်တို့  တိုင်ပြည်ရဲ့ အနေအထားအရ ရာဇဝတ်မှု အပြစ် တော့ ဖြစ်မလာသေးဘူး၊ အကျင့်ဆိုးတစ်ခု စွဲကပ်နေတာ လို့ ပဲ ပြောပါရစေ...
ကျွန်တော်တို့ က စားဝတ်နေရေးအတွက် အခြားအလုပ်တွေလုပ်ပြီး Developer တွေ ကိုယ်စွမ်း ဥာဏ်စွမ်းတွေနဲ့  ရေးထားတဲ့ software တွေ App တွေကို အလကား သုံးချင်တယ် ဆိုတော့ Developer တွေ ဘာဆက်လုပ်ရမလဲ...?
မျှမျှတတ တွေးစေလိုပါတယ်....
Hacking ကို လျှော့တော့ မတွက်နဲ့  Program တွေ၊ Software တွေတင် မကဘူး လူကိုပါ Hack လို့ ရတယ်...
ကျွန်တော်ပြောမယ် နဲနဲလောက်တွေးကြည့်ပေး...
ယနေ့  ကျွန်တော်တို့  တိုင်းပြည်မှာ အစိုးရက Hack ထားလို့  ပြည်သူတွေ Cracked ဖြစ်နေကြရတယ်...၊ ဟုတ်မဟုတ် ဆက်ပြောမယ် နားထောင်ကြည့်....
လတ်တစ်လော ဖြစ်ပျက်နေတဲ့ အလုပ်သမား လစာကိစ္စ ဆန္ဒပြမှုတွေမှာ အစိုးရ (Hacker) က အလုပ်ရှင် (user) တွေဘက်ကနေ Hack ထားတော့ အလုပ်သမား ပြည်သူတွေမှာ သူခိုးဈေးနဲ့  (Cracked) တွေအဖြစ် အလုပ်လုပ်နေကြရတာပေါ့။
အခု စင်ကာပူလို နိုင်ငံမျိုးမှာရော ခင်များတို့  ကျွန်တော်တို့ ကို တစ်နည်းနည်းနဲ့  Hack ထားကြတာပဲ၊ ခေါက်ချိုးလစာ ပဲရတယ်၊ လစာအပြည့်ဆိုလဲ Stress က မနိုင်မနင်း (သို့ ) နှစ်မျိုးစလုံး။
အဲဒါ Black Hacking ရဲ့ အကျိုးဆက်တွေပါ၊ Hackers တွေကို cracked တွေလုပ်ပြီး Free ဖြန့် လို့  သွားမသနားလိုက်ပါနဲ့  သူတို့ မှာ အခြား ရပေါက် ရလမ်းတွေ အများကြီးရှိပါတယ်။ Cracked လုပ်တာ အဓိက က challenge လုပ်တဲ့ သဘော အပျင်းပြေလောက်ပဲ ရှိပါတယ်။ ဒါပေမယ့် သူ့ အတွက် အပျင်းပြေက အခြားတစ်ဖက်မှာ "အမှိုက်ကစ၊ ပြသာဒ် မီးလောင်" ဆိုသလို ဖြစ်ကုန်ပါတော့တယ်။
အခုလဲ အပြက်ပြက်နဲ့  နှာခေါင်းသွေး ထွက်ရပြီ၊ သာမန် မုဒိန်းကျင့် လူသတ်မှု က စလိုက်တာ ပြည်သူတွေ အိုးမဲ့ အိမ်မဲ့ ဒုက္ခအတိရောက်နေပြီ ဒါလဲ မပြီးဆုံးနိုင်သေးဘူး "Cyber War" တဲ့...၊
ဘယ်သူက စလိုက်လဲတော့ မသိပါဘူး ဘင်္ဂလားဒေ့ရှ် က website တွေကို မြန်မာတွေက Hack လိုက်လို့  သူတို့ တော်တော် အထိနာသွားတယ်လို့  ကြားတယ်။ မြန်မာဆိုက်တွေလဲ ပြန်တိုက်ခိုက်ခံ ရတယ်တဲ့ ဒါပေမယ့် မြန်မာပြည်က online အလုပ်လုပ်တာ မဟုတ်လို့  အကျိုးသက်ရောက်မှု နည်းတယ်တဲ့....
အံမယ် တယ်ဟုတ်ပါလား... မြန်မာလူငယ်တွေ တယ်တော်ကြပါလားး... ချီးကျုးချင်တယ် ဒါပေမယ့် "Hacker" လမ်းစဉ်မဟုတ်ပဲ "Black hats Cracker" လမ်းစဉ်ဖြစ်နေတော့ ခက်၊ ခက်ခက်ပဲ...
နည်းပညာတွေကို ကောင်းတဲ့ဘက်မှာ အသုံးချနိုင်စေဖို့  ဆုတောင်းပါတယ်၊ မြန်မာလူငယ် Hackers များကိုလဲ White hats (Professional Hacker) များအဖြစ်သာ မြင်တွေ့ လိုပါ၏။
စစ်ပွဲမှန်သမျှ အဆုံးသတ် "War" ဆို မည်သည့် War မှ အလိုမရှိပါ။။။။
အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်....
 From - မိုးသိကြား
0 ကွန်မန့်ရေးရန်:
Post a Comment