Monday, June 25, 2012

သင်…ဘာဖြစ်ချင်သလဲ


ကျွန်တော် “အကြီးစားအိပ်မက် မက်ကြပါ” ဆိုတဲ့ ကိုယ်တွေ့ဆောင်းပါးကို ရေးသားတင်ပြခဲ့ပါတယ်။ အတိုင်းအတာတစ်ခုအထိ စိတ်ပါဝင်စားကြတယ်လို့ သိရှိရပါတယ်။ တစ်ချို့ကလည်း Facebook ပေါ်မှာ Share လုပ်ပေးထားတာကိုလည်း တွေ့ရှိရပါတယ်။ တစ်ချို့ကလည်း ကူးယူသွားတယ်လို့ သိရပါတယ်။
ဒါ့ကြောင့် ကျွန်တော် ဒီဆောင်းပါးကို ဆက်ရေးဖြစ်တာပါ။ လူတိုင်းမှာ ဖြစ်ချင်တဲ့ ဆန္ဒတွေရှိပါတယ်။ “ဖြစ်ချင်တဲ့ ဆန္ဒတွေဖြစ်ဖို့အတွက် စာအုပ်ထဲမှာ ချရေးပါသလား” လို့ လူ ၁၀၀ကို မေးကြည့်ပါ။ ကျွန်တော် မေးဘူးပါတယ်။ များသောအားဖြင့် ဖြေကြတာကတော့ မရေးဖြစ်ပါဘူးတဲ့။
လူတစ်ယောက်နဲ့တစ်ယောက်က ဖြစ်ချင်တဲ့ဆန္ဒတွေဟာ တူမှာ မဟုတ်ပါဘူး။ တက္ကသိုလ်ဝင်တန်း အောင်ချင်တယ်။ တက္ကသိုလ်ဝင်တန်းကို
ဘာသာစုံဂုဏ်ထူးနဲ့အောင်ပြီး ဆေးတက္ကသိုလ် တက်ချင်တယ်။ IT ပညာရှင်ဖြစ်ချင်တယ်။ ချမ်းသာကြွယ်ဝချင်တယ်။ အောင်မြင်တဲ့ စာရေးဆရာ ဖြစ်ချင်တယ်။ အောင်မြင်တဲ့ အနုပညာရှင်ဖြစ်ချင်တယ်။ အောင်မြင်တဲ့ လုပ်ငန်းရှင်ဖြစ်ချင်တယ်။ ဒါတွေကို ဖြစ်ဖို့အတွက် အချိန်ပေးရမယ်။ အချိန်အတိုင်းအတာ တစ်ခုအတွင်း ကြိုးစားဆောင်ရွက်ရင် မဖြစ်နိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး။ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ကို မွေးမြူပြီး တစိုက်မတ်မတ် ကြိုးစားလုပ်သွားမယ်ဆိုရင် ဖြစ်လာမှာ မလွဲပါဘူး။
ကျွန်တော့ အတွေ့အကြုံလေးကို ပြောပြမယ်။ ကျွန်တော်နဲ့ဘ၀တူ သူငယ်ချင်းတစ်ယောက်ရှိတယ်။ စားအတူ သွားအတူ မကဘူး စာဖတ်ဝါသနာပါတာကလည်းတူတယ်။ သူ့ကို ကျွန်တော်က ဆရာကြီး ရွှေဥဒေါင်းရေးတဲ့ အကြံဥာဏ်ဖြင့် ကြီးပွားရေးစာအုပ်ထဲက အကြောင်းအရာတွေ ပြောပြတယ်။ ကျွန်တော် ဗလာစာအုပ်ထဲမှာ ကူးရေးထားတာတွေကို ပေးဖတ်တယ်။ သူတော်တော် သဘောကျ သွားတယ်။ ဒါနဲ့ ကျွန်တော်က သူ့ကို စာအုပ်ထဲက အတိုင်း လိုက်လုပ်ကြည့်ရအောင်ဆိုပြီး ပြောတော့-
“ဟာ…ငါက ဖြစ်ချင်တာတွေကို စာအုပ်ထဲမှာ ရေးမထားချင်ပါဘူး။ သူများမြင်ရင် ရှက်စရာကြီး”
“မင်းကလည်းကွာ…သူများမမြင်အောင် သိမ်းထားမှာပေါ့”
“ငါတော့…ဖြစ်ချင်တာတွေကို ဆရာကြီးရဲ့စာအုပ်ထဲကလို ပါးစပ်ကပဲ မနက်တစ်ကြိမ်၊ ညတစ်ကြိမ်ရွတ် မယ်ကွာ”
“အခု…မင်းနဲ့ငါ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေမယ့်သူချင်းအတူတူပဲ။ ဒီတော့ ငါက ဒီနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်ရမယ်လို့ စာအုပ်ထဲမှာ အတိအလင်းရေးထားမယ်ကွာ”
“ငါ့ အမတွေမြင်ရင် ရှက်တယ်ကွာ။ ဒီစာမေးပွဲကို အောင်မယ်လို့ ယုံကြည်တယ်။ စာအုပ်ထဲတော့ ရေးမထားဘူး”
သူက အဲဒီလို စာအုပ်ထဲမှာ ရေးဖို့ ပျက်ကွက်ခဲ့ပေမယ့် ကျွန်တော်က စာအုပ်ထဲမှာ သေသေချာချာ ရေးမှတ်ထားလိုက်တယ်။ ကျွန်တော်ဟာ အဖေနဲ့ မနေခဲ့ရပါဘူး။ အမေနဲ့ပဲ ဆင်းဆင်းရဲရဲ နေရတဲ့ အတွက် သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိ ကျူရှင် လုံးဝမနေခဲ့ရဘူးပါဘူး။ ဒါကတော့ ကျွန်တော်က ဖြစ်ချင်တဲ့ဆန္ဒအတိုင်းဖြစ်အောင် စာအုပ်ထဲမှာ ရေးခဲ့သလို ကျောင်းစာကိုလည်း ကြိုးစားခဲ့တာကို ပြောပြတာပါ။
ကျွန်တော် ဖြစ်ချင်သလို ဖြစ်ခွင့်ရခဲ့ပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ခဲ့တာပါ။ ကျွန်တော့်သူငယ်ချင်းက မအောင်ခဲ့ပါဘူး။ ကျွန်တော်က တက္ကသိုလ်ဆက်တက်တယ်။ တက္ကသိုလ် တက်ဖို့ အတွက်လိုအပ်တဲ့ငွေကြေးကို ကိုယ်တိုင်ရှာဖွေခဲ့ပါတယ်။ သူကတော့ သူ့ထက်အသက်ကြီး တဲ့ မိန်းမတစ်ယောက်ကို ယူလိုက်ပါတယ်။ သူ့ဘ၀ ပညာရေးတစ်ပိုင်းတစ်နဲ့ဖြစ်သွားတာပေါ့။
ကျွန်တော်က ဖြစ်ချင်တာတွေကို ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်မွေးတယ်။ ဘာဖြစ်တာလဲဆိုတာကို သဲသဲကွဲကွဲ၊ ရှင်းရှင်းလင်းလင်းသိအောင်လုပ်တယ်။ ကျွန်တော်ဖြစ်ချင်တာတွေကို အားလုံး ချရေးထား လိုက်တယ်။ ကျွန်တော်ချရေးထားတဲ့အထဲက နမူနာအချို့ကို ပြောပြပါမယ်။
(၁) ဆိုင်ကယ် (၁)စီး
(၂) ကင်မရာ (၁)လုံး
(၃) EVD တစ်ခု
(၄) အဲယားကွန်း (၁)လုံး
(၅) GSM ဖုန်း (၁)လုံး
(၆) Computer (၁)စုံ
(၇) Laptop Computer (၁)လုံး
စသည့် လိုချင်တဲ့ ဆန္ဒရှိတာတွေ မှန်သမျှကို အကုန်ချရေးထားတယ်။ ဒီထက် တန်ဖိုးကြီးတာတွေ လည်း ပါတာပေါ့။ သူများဖတ်ကြည့်ရင်တော့ ကျွန်တော့်အခြေအနေနဲ့ မဖြစ်နိုင်တာတွေ တော်တော် များပါတယ်။ ကျွန်တော်က ဒါတွေကို ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ ရေးထားတာမဟုတ်ဘူး။ တကယ် ပိုင်ဆိုင်ရရှိမယ်လို့ နှစ်နှစ်ကာကာယုံကြည်တယ်။ “အကြီးစားအိပ်မက် မက်ကြပါ”မှာ ပြောခဲ့သလိုပဲ ဖြစ်ချင်တဲ့ ဆန္ဒ(၂၀)မှာ (၁၅)ခုလောက်ဖြစ်တော့ ရာခိုင်နှုန်းအနေနဲ့ ၇၅ ရာခိုင်နှုန်းလောက် ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ လက်ဆုပ်လက်ကိုင် ပြနိုင်ခဲ့ပါတယ်။ ကျွန်တော့် မိတ်ဆွေ အပေါင်းအသင်းတွေ က သူတို့ လုံးဝထင်မှတ်မထားခဲ့တာတွေကို ကျွန်တော်ဖြစ်လာတော့ အံ့သြတာပေါ့။
ဒီအကြောင်းတွေကို ရေးတဲ့အခါမှာ ကျွန်တော် ဘာဖြစ်တယ်။ ဘာတွေအောင်မြင်တယ်ဆိုပြီး ကြွားဝါ ရေးသားတယ်လို့ အထင်ခံရမှာစိုးတဲ့အတွက် မရေးချင်ပေမယ့် ကျွန်တော်က စာဖတ်ပြီး တကယ်ဖြစ်အောင် လုပ်ဆောင်ခဲ့တဲ့ ကိုယ်တွေ့အကြောင်းအရာနဲ့ သာဓကပြပြီး ပြောတာပါ။
ကျွန်တော် အထက်မှာ ဖော်ပြခဲ့သလိုပါပဲ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လိုချင်တာတွေကို သေသေချာချာ စာနဲ့ချရေးတဲ့ အလေ့အကျင့်ကို အသေးအမွှားလေးတွေက စပြီး လေ့ကျင့်လုပ်ဆောင်ကြည့်ပါ။ ရေးထားတဲ့လိုအပ်ချက်တွေကို တစ်နေ့တစ်ခါ အမြဲပြန်ဖတ်ပါ။ တစ်နေ့တစ်ခါ မဖတ်နိုင်ရင် တစ်ပတ်တစ်ခါ ဖတ်ဖြစ်အောင်ဖတ်ပါ။ (၃)လတစ်ကြိမ်ဖြစ်စေ၊ (၆)လတစ်ကြိမ်ဖြစ်စေ ဘာတွေဖြစ်ခဲ့ပြီ လဲ။ ဘာတွေ ပိုင်ဆိုင်ပြီလဲဆိုတာကို စစ်ဆေးကြည့်ပါ။ ကျွန်တော်ကတော့ ဖြစ်ချင်တာတွေ၊ ပိုင်ဆိုင် ချင်တာတွေ ဖြစ်လာ၊ ပိုင်ဆိုင်လာရင် အဲဒီနေ့ရက်ကို တစ်ခါတည်း မှတ်တမ်းတင်ထားလိုက်တယ်။
ဒါကြောင့် သင့်အနေနဲ့ အခုပဲ-
(၁) ဖြစ်ချင်တာတွေ၊ လိုချင်တာတွေကို စာအုပ်တစ်အုပ်ထဲမှာ ချရေးလိုက်ပါ။
(၂) မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ဖတ်ကြည့်ပါ။ ဖြစ်နိုင်ရင် အသံထွက်ပြီးဖတ်ပါ။
(၃) သင်ဆန္ဒတွေ ပြည့်ဝမယ်လို့ ယုံကြည်လိုက်ပါ။

အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်
(၂၄-၆-၂၀၁၂)(၂၀း၀၀)နာရီ

0 ကွန်မန့်ရေးရန်:

Post a Comment