Monday, May 7, 2012

သင့်ဘ၀အတွက် မာန်နတ်ဆိုးဆေးလိပ်

သင့်ဘ၀အတွက် မာန်နတ်ဆိုးဆေးလိပ်

ဆေးလိပ်သောက်တတ်တဲ့ သူငယ်ချင်းတွေ ဆေးလိပ်ဖြတ်လိုက်တော့နော်။ လိမ္မာတယ်။ ဆေးလိပ်က ကောင်းတာတစ်ခုမှမရှိတာ။ ဘယ်လိုတွေ မကောင်းတာလဲဆိုတာ ရင်နှင်းပြောပြမယ်။ ဆေးလိပ်က သူငယ်ချင်းကိုရော သူငယ်ချင်းချစ်တဲ့သူတွေရဲ့ဘ၀တွေကိုပါ ဒုက္ခပေး ဖျက်ဆီးနိုင်တဲ့ မကောင်းဆိုးဝါး မာန်နတ်လို့ ပြောလို့ရတယ်။ အရက်ကမှ နဲနဲသောက်ရင်သွေးလှည့်ပတ်မှုကောင်းပြီး ကျန်းမာရေးကောင်းသေးတယ်။ ဒုက္ခရောက်ရင်လည်း တစ်ယောက်ထဲ။ ဆေးလိပ်သောက်ရင်တော့ ကိုယ်တင်မကဘူး ဘေးက ဆေးလိပ်ငွေ့ရူမိတဲ့သူတွေလည်း သောက်တဲ့လူလိုပဲ ဒုက္ခရောက်နိုင်တယ်လေ။
ဆေးလိပ်သောက်ရင် ကြာရင်အဆုတ်မကောင်းတော့ဘူး။ ချောင်းဆိုးတာကနေ ရင်ကြပ် နာတာရှည် အဆုတ်ရောဂါ၊ အဆုတ်ကင်ဆာထိ ဖြစ်နိုင်တယ်လေ။ သွေးကြောတွေ ကျဉ်းစေတော့ နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးပုတ်ပြီး အရမ်းဆိုးရင် သေတတ်တယ်နော်။ ပြီးတော့ နှလုံးသွေးကြောကျဉ်းလို့ ရင်ဘတ်အောင့်ရင်လည်း အရမ်းခံရတာလေ။ သွေးတိုးရောဂါလည်း ဖြစ်နိုင်သေးတယ်။ သွေးအရမ်းတိုးရင် လေဖြတ်ရော။ ဘ၀ဆုံးပြီ။
ပြီးတော့ ခြေပုတ်၊လက်ပုတ် ဖြစ်တာရဲ့ တရားခံကလည်း ဆေးလိပ်ပဲ။ ကိုယ်တိုင်မကြုံဘူးလို့ မဖြစ်နိုင်ဘူးလို့ မထင်နဲ့နော်။ ရင်နှင်းတို့ဆေးရုံမှာ ဆေးလိပ်သောက်လွန်းလို့ သွေးကြောကျဉ်းပြီး ခြေထောက်အရမ်းကိုက်လို့၊ ခြေထောက်ပုတ်သွားလို့ ခြေထောက်ဖြတ်လိုက်ရတဲ့သူတွေမှ အများကြီး။ ခြေပြတ်လက်ပြတ်ဖြစ်ရင် လူဖြစ်ရူံးရောလေ။ ကြောက်စရာကြီးနော်။
ပြီးတော့ ပါးစပ်ကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ အစာရေမျိုကင်ဆာ၊ အစာအိမ်ရောဂါ၊ အစာအိမ်ကင်ဆာ၊ အရေပြားကင်ဆာတွေလည်း ဖြစ်နိုင်သေးတယ်။ ဒါတွေက အကင်းပဲ ရှိသေးတယ်နော်။ အသည်း၊ ကျောက်ကပ်၊ ရင်သား၊ သားဥအိမ်၊ သားအိမ်ခေါင်း စတဲ့ ကင်ဆာပေါင်း သောင်းခြောက်ထောင်ဖြစ်စေတာလည်း ဒီဆေးလိပ်ပဲလေ။
ပြီးတော့ ရုပ်က ရင့်ရော်ပြီး ခုရှိတဲ့အသက်ထက် ၁၀ နှစ်လောက်ပိုကြီးတဲ့ပုံမျိုးပေါက်လာမှာ။ ပြီးတော့ ခဏခဏဖျားလိုက် ပိုးဝင်လိုက် မှိုစွဲလိုက်တွေလည်း ဖြစ်အုံးမှာ။ ကိုရီးယားကားတွေထဲမှာ တွေ့နေကျ သွေးကင်ဆာကြီးလည်း ဖြစ်နိုင်သေးတယ်။ အမေ့လွန်ရောဂါ အယ်ဇိုင်းမားလည်း ပိုဖြစ်စေနိုင်သတဲ့။ လူဖြစ်ပြီး ရောဂါပေါင်းစုံ နှိပ်စက်လို့ လူ့သက်တမ်းစေ့မနေနိုင် စောစောသေအောင်လုပ်တာလည်း ဆေးလိပ်ပဲ။
ကိုယ်ဝန်ဆောင်တွေများ ဆေးလိပ်ကို သောက်မိ ရှုမိလို့ကတော့ အထဲက ကလေးလေးဒုက္ခရောက်ရော။ မွေးထဲက မွေးရာပါချို့ယွင်းချက်လေးတွေနဲ့ လူ့လောကကို ဒုက္ခခံဖို့ရောက်လာသလိုဖြစ်ရှာမှာ။ အသေလေးတောင် မွေးနိုင်သေးတယ်။ ဘယ်လောက်သနားစရာကောင်းလိုက်မလဲ။ အော်.. ဆေးလိပ်က ကိုယ့်မျိုးဆက်ပြတ်အောင်လည်း လုပ်နိုင်သေးတယ်။ မြုံသွားတယ် ပြောရမလား။ ကလေးမရနိုင်တော့ဘူးလေ။ ချစ်စရာကောင်းတဲ့ သားသားမီးမီး အိမ့်ဆည်းလည်းလေးတွေ မရနိုင်တော့ဘူးပေါ့။ မိသားစုက ဘယ်ပျော်စရာကောင်းမှာလဲ။ ကြာရင် ကိုယ့်ရဲ့ဘ၀လက်တွဲဖော်ကတောင် ညိုညင်လာနိုင်တယ်လေ။
အရင်တုန်းက ဆေးလိပ်စပေါ်စကတော့ ဆေးလိပ်သောက်ရင် စတိုင်မိုက်တယ်ပေါ့။ ခုတော့ ဆေးလိပ်သောက်တဲ့သူဆိုရင် အင်ပရက်ရှင်ကို ဒေါင်းရော။ ကောင်မလေးတွေကို မေးကြည့်လိုက်ပါ။ ဆေးလိပ်သောက်တဲ့ကောင်လေးတွေကို အထင်ကြီးလားလို့။ ကိုယ့်ချစ်သူ ဆေးလိပ်သောက်တာကို ကြိုက်လားလို့။ တားမရလို့သာနေမယ်။ ဘယ်ကောင်မလေးမှ ဆေးလိပ်ကို ကြိုက်မှာမဟုတ်ဘူး။ ကိုယ့်ချစ်သူလေး စိတ်ဆင်းရဲအောင် မလုပ်နဲ့တော့လေနော်။
ရင်နှင်းက တမင်ဇာတ်နာအောင်ရေးနေတာ ဟုတ်ဘူးနော်။ နိုင်ငံတကာကပညာရှင်တွေ သေချာသုတေသနလုပ်ထားတဲ့ တကမ္ဘာလုံးက လက်ခံထားတဲ့ ဆေးလိပ်ရဲ့ဆိုးကျိုးတွေကို ပြောပြတာပါ။ ကိုယ့်ရဲ့ ဆေးလိပ်ငွေ့ကြောင့် ဒီဒုက္ခတွေကို ကိုယ့်မိဘတွေ၊ ချစ်တဲ့သူတွေ ခံစားရမှာမကြောက်ဘူးလား။ ကိုယ်က အဲဒီရောဂါတွေဖြစ်ရင် ကိုယ်ချစ်တဲ့သူတွေက ၀မ်းနည်းပူဆွေးရမှာကိုရော မကြောက်ဘူးလား။
အောက်က ပုံလေးကတော့ ဆေးလိပ်မှာပါတဲ့ သေမင်းတမာန်တွေကို ပြထားတာပါ။

အောက်ကပုံလေးက ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကလီစာတွေကို ပြထားတာ ဟုတ်ဘူးနော်။ ဆေးလိပ်ကြောင့် ထိခိုက်နိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပြထားတာပါ။

ဆေးလိပ်ကို ဖြတ်လိုက်တာနဲ့ ရလာမယ့်အကျိုးကျေးဇူးတွေကို ပုံလေးနဲ့ ပြောပြမယ်နော်။

ဆေးလိပ်ဖြတ်ပြီး
၈ နာရီ ကြာတဲ့အခါ သွေးထဲမှာ စုပုံနေတဲ့ ကာဗွန်မိုနောက်ဆိုဒ်အဆိပ်ငွေ့တွေကို ခန္ဓာကိုယ်က ဖယ်ရှားပေးပါတယ်။
၅ ရက်ကြာတဲ့အခါ ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်တဲ့ နီကိုတင်းဓာတ်တော်တော်များများ မရှိတော့ဘူး။
၁ ပတ်ကြာတဲ့အခါ အနံ့အာရုံနဲ့ အရသာအာရုံ ပိုကောင်းလာပါတယ်။
၃ လ ကြာတဲ့အခါ အဆုတ်က ၃၀ % ပိုကောင်းလာပါတယ်။ အဆုတ်ရဲ့လုပ်ငန်းဆောင်တာတွေကို ပိုလုပ်နိုင်လို့ သွေးထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို ပိုဖယ်ရှားပေးနိုင်ပြီး အောက်ဆီဂျင်ပိုရလာလို့ ကျန်းမာရေးလည်း ပိုကောင်းလာပါတယ်။
၁ နှစ်ကျော်ကြာတဲ့အခါမှာတော့ နှလုံးရောဂါနဲ့ တခြားရောဂါတွေ ဖြစ်နိုင်ချေ တ၀က်မကကျသွားသလို ဆေးလိပ်ဖိုးတွေ သိန်းနဲ့ချီပြီး စုမိသွားပါပြီ။
သူငယ်ချင်းတို့ရေ.. ကိုယ့်ရဲ့အသက်နဲ့ စုဆောင်းထားသမျှ ပိုက်ဆံတွေကို ကာကွယ်စောင့်ရှောက်ထိန်းသိမ်းဖို့ ဆေးလိပ်ဖြတ်လိုက်တော့နော်။ ဆေးလိပ်ကို ဘယ်လိုဖြတ်ရမယ်ဆိုတာကို ရင်နှင်းသိသလောက် ပြောပြမယ်နော်။
ပထမဦးဆုံး တွေးကြည့်ပါ။ ကိုယ့်ကိုယ်ကို မေးကြည့်ပါ။
- ဆေးလိပ်က သူငယ်ချင်းရဲ့ဘ၀မှာ ဘယ်လောက်တောင် အရေးပါလဲ။
- ဆေးလိပ်ငွေ့ဟာ အဆိပ်ငွေ့ဆိုတဲ့ အဖြစ်မှန်ကို လက်ခံပါ။ ကိုယ့်ကျန်းမာရေး၊ ကိုယ်ချစ်တဲ့သူတွေရဲ့ကျန်းမာရေးကို တဖြည်းဖြည်းထိပါးလာစေမယ့် ဆေးလိပ်ငွေ့နာမည်ခံထားတဲ့ အဆိပ်ငွေ့တွေကို မကြောက်ဘူးလား။
- ကိုယ့်ရဲ့ ကျန်းမာရေး၊ ကိုယ်ချစ်တဲ့သူတွေရဲ့ ကျန်းမာရေးနဲ့ လဲနိုင်လောက်အောင်ကို ဆေးလိပ်က ကိုယ့်အတွက် အဖိုးတန်နေလား။
- ဆေးလိပ်မသောက်ရရင် ဘာဖြစ်သွားနိုင်လဲ။ ဆေးလိပ်သောက်ချင်တာကလွဲပြီး ကိုယ့်အတွက် ဘာကြီးကြီးမားမားထိခိုက်နိုင်လဲ။
- ကိုယ့်ကို ဒုက္ခပေးနိုင်တဲ့ဆေးလိပ်ကို မဖြတ်နိုင်ပဲ တန်းတန်းစွဲပြီး ဆေးလိပ်နွံထဲ အနစ်ခံတော့မှာလား။ အဲလောက်တောင် စိတ်ဓာတ်ခိုင်မာမှု မရှိဘူးလား။
ခုဆိုရင် ဆေးလိပ်ဖြတ်မလား မဖြတ်ဘူးလားဆိုတာကို ဆုံးဖြတ်ချက်ချလို့ ရသွားလောက်ပြီနော်။ ဒါဆိုရင် ဆေးလိပ်ကို ဘယ်လိုဖြတ်မလဲ။ ဆေးလိပ်ဖြတ်တဲ့နည်းလမ်း မတွေ့သေးလို့ မဖြတ်နိုင်သေးတာလို့ မပြောပါနဲ့။ ဆေးလိပ်ဖြတ်နည်းတွေ အများကြီးရှိပါတယ်။ Electric Cigarette တွေရှိပါတယ်။ ဆေးလိပ်အရေအတွက်ကို တဖြည်းဖြည်းလျှော့သောက်ပြီး ဖြတ်တာမျိုးလည်း ရှိတယ်။ ဒါပေမယ့် အဓိကကတော့ စိတ်ပါ။ ဘယ်နည်းကိုပဲသုံးသုံး ကိုယ့်စိတ်ကိုယ်မနိုင်ရင် အလကားပါ။ ဆေးလိပ်ဖြတ်နည်းတွေက အကျိုးမရှိလို့ ဆေးလိပ်ဖြတ်မရတာဆိုတဲ့ အကြောင်းပြချက်ကြီးပါ ရလာအုံးမယ်။ တကယ်က ဆေးလိပ်ကို မပြတ်နိုင်သေးလို့ ဆင်ခြေပေးနေတာပါ။
ဆေးလိပ်တကယ်ပြတ်ချင်ရင် ကိုယ့်စိတ်ကို နိုင်အောင်ထိန်းပါ။ ဆေးလိပ်တွေ ထပ်မ၀ယ်ပါနဲ့။ ဆေးလိပ်ဝယ်မယ့်ပိုက်ဆံတွေကို စုထားပါ။ ကိုယ့်အနီးအနား၊ အိမ်မှာ၊ ကားထဲမှာ ဆေးလိပ်မရှိပါစေနဲ့။ ဆေးလိပ်သောက်ချင်လာရင် တစ်ခုခုလုပ်နေပါ။ အားကစားဖြစ်ဖြစ် အလုပ်ဖြစ်ဖြစ်ပေါ့။ ဒါမှမဟုတ် မုန့်စားပါ။ အချိုရည်တစ်ခုခု သောက်ပါ။ အရေးကြီးတာက ဆေးလိပ်ကို စိတ်ထဲက ထုတ်ထားလိုက်ပါ။ ငါဆေးလိပ်ဖြတ်နိုင်တယ်၊ ဆေးလိပ်ကို ရအောင်ဖြတ်မယ်၊ ငါက စိတ်ဓာတ်ပျော့ညံ့တဲ့သူ မဟုတ်ဘူး ဆိုတာကိုပဲ စိတ်ထဲ အမြဲထည့်ထားပါ။ ဆေးလိပ်စွဲတာက ဆေးလိပ်ကို အမြဲသောက်နေတဲ့ အကျင့်ဖြစ်သွားလို့ပါ။ ဆေးလိပ်မသောက်တဲ့အကျင့်ရသွားရင် ဆေးလိပ်ပြတ်သွားမှာပါ။ တစ်လိပ်လောက်တော့ သောက်လိုက်ပါအုံးမယ်၊ တစ်လိပ်ထဲ သောက်တာပါလို့ လုံးဝမလုပ်ပါနဲ့။ ပြန်ပြန်ပြီး အစမပျိုးပါနဲ့။
ရင်နှင်းက ဆေးလိပ်မသောက်ဖူးလို့ လွယ်လွယ်လေးပြောပြီး ဖြတ်ခိုင်းနေတယ်ဆိုပြီး အပြစ်တော့မတင်လိုက်ပါနဲ့ သူငယ်ချင်းတို့ရေ..။ ရင်နှင်းက သူငယ်ချင်းတို့ကို ဆေးလိပ်ကြောင့် ဒုက္ခမရောက်စေချင်လို့ ဒီလောက်ပြောနေတာပါ။ ရင်နှင်းကိုယ်ကျိုးအတွက် တစ်ခုမှ မပါပါဘူး။ သူငယ်ချင်းတို့ ဆေးလိပ်ကို လွယ်လွယ်လေးဖြတ်လို့ရနိုင်မယ့်နည်းတွေကို အင်တာနက်မှာ မွှေနှောက်ရှာပြီးပါပြီ။ နည်းတွေတော့ အများကြီးတွေ့ပါတယ်။ ဒါပေမယ့် တကယ်ထိရောက်တဲ့နည်းကတော့ ရင်နှင်းအပေါ်မှာပြောခဲ့သလိုပဲ စိတ်နဲ့ပဲ အနိုင်ယူရမှာပါ။
ကဲ.. သူငယ်ချင်းတို့ရေ..။ ဆေးလိပ်စွဲနေလို့ ဖြတ်ရခက်တယ်ဆိုပြီး ဆင်ခြေတွေမပေးနဲ့တော့နော်။ ကိုယ့်စိတ်ကိုယ်နိုင်ရင် ဖြစ်ပါတယ်။ ကိုယ့်အတွက်ပဲလေ။ ပြီးတော့ ကိုယ်ချစ်တဲ့သူတွေအတွက်ပဲ။ ဆေးလိပ်နဲ့ ကိုယ်ချစ်တဲ့သူတွေရဲ့ကျန်းမာရေး ပြီးတော့ ကိုယ့်အသက်.. ဘယ်ဟာက ပိုအဖိုးတန်လဲဆိုတာကို စဉ်းစားပြီး ဆေးလိပ်ကို ခုပဲ ဖြတ်လိုက်တော့နော် သူငယ်ချင်း။
ကျန်းမာရေးဗဟုသုတမို့ share ပေးကြပါနော်။ သူငယ်ချင်းတို့ ကိုယ် share လိုက်လို့ ဆေးလိပ်နွံထဲ ညစ်နေတဲ့သူတွေ ဖတ်မိကြပြီး အသိတရားရပြီး ဆေးလိပ်ပြတ်သွားရင် သူငယ်ချင်းတို့လည်းကုသိုလ်ရတာပေါ့နော်။
ပို့စ်ကို ကူးယူဖော်ပြမယ်ဆိုရင်
Myanmar Sky Link
(Myanmar Health & Beauty Website)
www.myanmarskylink.com မှ ကူးယူဖော်ပြပါသည်

0 ကွန်မန့်ရေးရန်:

Post a Comment