Thursday, April 5, 2012

အရေးပေါ်အသက် ကယ်ဆယ်ရေး




နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာမရွေး(၇)ရက်သားသမီးတို့၏နာရေးကိစ္စများ၊ပညာရေး၊ကျန်းမာရေးကိစ္စများကိုအခမဲ့ ကူညီပေးလျှက်ရှိရာနာရေးကူညီမှုအသင်း(ရန်ကုန်)၏သုခကုသိုလ်ဖြစ်ဆေးခန်း၌လူနာများကိုအခမဲ့ဆေးဝါးကုသမှုများပြုလုပ်ပေးနေလျှက်ရှိသည်မှာ(၂၀၀၇)ခုနှစ်မှစတင်၍ယနေ့အထိလူနာပေါင်း(တစ်သိန်းခြောက်သောင်းကျော်)ဦးရေခန့်ရပြီဖြစ်ပါသည်။ယခုအခါ နာရေးကူညီမှုအသင်း(ရန်ကုန်)မှဥက္ကဌဦးကျော်သူ၏ အကြံပြုချက်အရ မြန်မာနိုင်ငံ၌ ပထမဦးဆုံးသောအရေးပေါ်ကယ်ဆယ်ရေးလူနာတင်ယာဉ်လုပ်ငန်းကိုမကြာခင်အချိန်အတွင်းစတင်အကောင်အထည်ဖော်ဆောင်ရွက်တော့မည်ဖြစ်ပါသည်။

အဆိုပါအရေးပေါ်လူနာတင်ယာဉ်ဝန်ဆောင်မှုစနစ်မှာ မြန်မာနိုင်ငံတွင်မည်သည့်အဖွဲ့အစည်း၊အသင်းအဖွဲ့ကမှအကောင်အထည်မဖေါ်ပေးနိုင်သေးသောလုပ်ငန်းတစ်ရပ် ဖြစ်ပေသည်။ ၆.၅.၂၀၁၁ နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၏ အဓိပတိဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ (D.Litt) (Ph.D) သည် အရေးပေါ်လူနာတင် မော်တော်ယာဉ် (Ambulance) ကားအားလှူဒါန်းခဲ့ပါသည်။ ယင်းအရေးပေါ် လူနာတင်ယာဉ်အားသုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ကုသကြသောလူနာများတွင် အရေးပေါ် ဆေးရုံတင်ရမည့် လူနာများကိုသက်ဆိုင်ရာဆေးရုံကြီးများသို့ ပို့သခြင်းတို့ကိုကုသိုလ်ဖြစ် ကူညီဖေးမပေးခြင်းတို့ကိုအသုံးချကူညီခဲ့ပါသည်။

ယခုထပ်မံ၍အရေးပေါ်လူနာတင်ယာဉ်ဝန်ဆောင်မှုစနစ်အားလောလောဆယ်တွင် လူနာတင်ယာဉ်တစ်စီးသာသုခကုသိုလ်ဖြစ်ဆေးခန်းတွင် ရှိသေးပါသဖြင့် ရန်ကုန်မြို့တွင်းရှိမြို့နယ်များတွင် အရေးပေါ်အခြေအနေဖြစ်ပေါ်သောယာဉ်တိုက်မှုများ၊ မီးလောင်မှုများ၊ရေကြီးမှုများစသည့်ဘေးအန္တရာယ်များကြောင့် အရေးပေါ်ကျန်းမာရေးကူညီစောင့်ရှောက်ရန် လိုအပ်၍အကူအညီတောင်းခံလာပါကနာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူနာတင်ယာဉ်နှင့် အရေးပေါ်လူနာများအားအစိုးရပြည်သူ့ ဆေးရုံကြီးများသို့ (အခမဲ့)ပို့ဆောင်ပေးမည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းဖြစ်သည်။နောင်အနာဂတ်တွင် ယင်းအရေးပေါ်လူနာတင်ယာဉ် (အခမဲ့) ၀န်ဆောင်မှုလုပ်ငန်း အားမြန်မာပြည်တ၀ှမ်း ကူညီဖေးမလုပ်ဆောင်ပေးနိုင်ရန် ရည်ရွယ်ထားရှိပါသည်။

အထက်ပါ နာရေးကူညီမှုအသင်း(ရန်ကုန်)၊သုခကုသိုလ်ဖြစ်ဆေးခန်းရှိလူနာတင်ယာဉ်နှင့်လိုက်ပါမည့်လုပ်အားပေးလူမှုရေးသမားများကိုရန်ကုန်တိုင်းကြက်ခြေနီအသင်းနှင့် ဆက်သွယ်အကူအညီတောင်းခံကာလုပ်ငန်းကျွမ်းကျင်မှုရှိစေရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၌ ‘အခြေခံရှေးဦးသူနာပြုစုခြင်း’သင်တန်းအား မြန်မာနိုင်ငံကြက်ခြေနီအသင်းနည်းပြဆရာများမှလာရောက်၍ စေတနာထက်သန်စွာဖြင့်ကြက်ခြေနီ (ရှေးဦးသူနာပြုလုပ်ငန်း) စတင်ပေါ်ပေါက်လာပုံကိုရှင်းလင်းပြောကြားကာသင်တန်းပို့ချချက်များကိုသင်ကြားပေးခဲ့သည်။သင်တန်းကို(၂၃.၃.၂၀၁၂) ရက်နေ့ နံနက်(၀၉း၃၀)အချိန်၌စတင်ဖွင့်လှစ်ခဲ့ကာဆရာဦးကျော်ဇော(ဦးစီးမှူး-ဒုတိယတန်း)၊အရှေ့ပိုင်းခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ရန်ကုန်တိုင်းဒေသကြီးမှ(ကြက်ခြေနီအကြောင်းသိကောင်းစရာ)(ရှေးဦးပြုစုခြင်းအခြေခံသဘောတရား)၊ ဆရာဦးခင်သန်း(ဒု-တပ်ရင်းမှူး၊နည်းပြ) တောင်ဥက္ကလာပမြို့နယ်ကြက်ခြေနီသူနာပြုတပ်ရင်းမှ(သတိလစ်မေ့မျောခြင်း)၊(သွေးလန့်သွေးဆုတ်ခြင်း)၊ဆရာဦးအောင်သန်း(နည်းပြ)မှ(အပူလောင်ခြင်း)စသည့်ကယ်ဆယ်ရေးဘာသာရပ်များကိုသင်ကြားပို့ချပေးခဲ့ပါသည်။

ထို့အပြင်ဦးခင်သန်း(ဒုတပ်ရင်းမှူး၊နည်းပြ) မှ (သွေးယိုထွက်ခြင်း)နှင့်(ဒဏ်ရာအမျိုးမျိုးပြုစုနည်း)၊ဦးကျော်ဇော(ဦးစီးမှူး-ဒုတိယတန်း၊နည်းပြ)မှ အခြေခံအသက်အထောက်အကူပြုနည်း(CPR)ကိုသင်ကြားပေးခဲ့ပြီးသင်တန်းသားများအားလက်တွေ့လေ့ကျင့်ပေးခဲ့ပါသည်။ဦးအောင်ကြည်(ဒုတပ်ရင်းမှူး-နည်းပြ)ဗဟန်းမြို့နယ်ကြယ်ခြေနီသူနာပြုတပ်ရင်းမှလည်းပတ်တီးစည်းနည်းအခြေခံနှင့် အဆိပ်သင့်ခြင်းဘာသာရပ်ကိုသင်ကြားပေးခဲ့ပါသည်။

ဦးခင်သန်း(ဒုတပ်ရင်းမှူး၊နည်းပြ)မှ(အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း)၊ ဦးကျော်ဇော(ဦးစီးမှူး-ဒုတိယတန်း၊နည်းပြ)မှ အရေးပေါ်အထွေထွေပြုစုနည်းများအားသင်ကြားပေးခဲ့ပါသည်။ သင်တန်းဆရာများဖြစ်ကြသောဦးခင်သန်းနှင့်ဦးအောင်ကြည်တို့မှ ပတ်တီးစည်းနည်းများ၊ လူနာသယ်ဆောင်နည်းများကိုလည်းနေ့ အလိုက်သင်ကြားပြသပေးခဲ့ပါသည်။

အထက်ပါသင်တန်း၌ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လုပ်အားပေးကော်မတီသင်တန်းသား/သူစုစုပေါင်း(၂၉)ဦးတက်ရောက်သင်ကြားခဲ့ကြပါသည်။အထက်ပါ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသောအခြေခံရှေးဦးပြုစုခြင်းသင်တန်း၏ အရည်အချင်းစစ် စာမေးပွဲကို (၃၁.၃.၂၀၁၂) နေ့၊ နံနက် (၁၀း၀၀)နာရီတွင် စာမေးပွဲများစစ်ဆေးခဲ့ပြီးသင်တန်းဆရာများမှ သင်တန်းသားများအားစာတွေ့၊ နှုတ်မေးနှင့် လက်တွေ့များဖြင့် အရည်အချင်းစစ်ဆေးခဲ့ကြပြီးနောက် နံနက်ပိုင်းစာမေးပွဲစစ်ဆေးခြင်းအားခေတ္တရပ်နားခဲ့ပါသည်။



အဆိုပါ နေ့လည်ပိုင်းတွင် အထက်ပါ အခြေခံရှေးဦးပြုစုခြင်းသင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနားနှင့် သင်တန်းအောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် ရှေးဦးစွာနာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌဦးကျော်သူမှ သင်တန်ဆင်းအဖွင့်မိန့်ခွန်းပြောကြားပြီးနောက် သင်တန်းထူးချွန်ဆုရသင်တန်းသား၊ သင်တန်းသူများအားဥက္ကဋ္ဌဦးကျော်သူမှ ဆုချီးမြှင့်၍ သင်တန်းသားများမှ သင်တန်းဆရာများအားအမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပါသည်။ ထို့ပြင်သင်တန်းဆင်းအောင်လက်မှတ်များကိုသင်တန်းဆရာများမှချီးမြှင့်ပေးခဲ့ပါသည်။ ပြီးနောက် သင်တန်းဆရာများမှ သင်တန်းသား၊ သင်တန်းသူများအား ဆုံးမသြ၀ါဒ စကားချီးမြှင့်ခဲ့ပြီးနောက် သင်တန်းသားများကိုယ်စားသင်တန်းသူတစ်ဦးနှင့် သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာသင်တန်းဆင်းပွဲအခမ်းအနားကိုအောင်မြင်စွာရုတ်သိမ်းနိုင်ခဲ့ပါသည်။

ယင်းသင်တန်းအားနာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူမှုရေးသမားများဖြစ်ကြသောသင်တန်းသူ(၁၁)ဦး ၊ သင်တန်းသား(၁၈)ဦးစုစုပေါင်း(၂၉) ဦးတက်ရောက်ခဲ့ပါသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ၂၀၁၂ ၊မတ်လ(၁၂)ရက်နေ့တွင် အသင်းမှတ်ပုံတင် ကျရောက်ပြီးသည့်နောက်ပိုင်းနာရေးကူညီမှုအသင်း(ရန်ကုန်) အနေဖြင့် လူမျိုးဘာသာဆင်းရဲချမ်းသာမရွေး အများပြည်သူအပေါင်းတို့အားနာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး စသည်တို့ကိုတိုးမြှင့် ကူညီလုပ်ဆောင် ပေးဆပ်နေပြီဖြစ်သလိုယခုအရေးပေါ်အသက်ကယ်ဆယ်ရေးလုပ်ငန်းဖြစ်သောလူနာတင်ယာဉ်ဖြင့်လူသားတို့၏ အသက်ပေါင်းမြောက်များစွာကိုထပ်မံကယ်တင်ပေးနိုင်တော့မည် ဖြစ်ပါသည်။

0 ကွန်မန့်ရေးရန်:

Post a Comment