
ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် အစိုးရ တပ်ဖွဲ့တို့သည် စက်ဘာလ တလ
အတွင်း၌ တိုက်ပွဲပေါင်း (၁၀၈) ကြိမ် ထက်မနဲ ဖြစ်ပွား ခဲ့သည်ဟု ပြောခွင့်
ရသူ ဦးလာနန်းက ဆိုပါသည်။
“တိုက်ပွဲ ကတော့ ကျနော်တို့ ကချင်ဒေသမှာ ပုံမှန်ဖြစ်နေပြီးဗျ။
ဒီလိုဖြစ်နေတဲ့ အပေါ်မှာ သမ္မတ ဦးသိန်းစိန်ကလည်း ဒါဟာ ကျနော်တို့ကြောင့်
ဖြစ်တယ်၊ တိုင်းရင်သား (၁၁) ဖွဲ့ထဲက ကချင်တဖွဲ့ဘဲ ကျန်တယ်၊ မကြာခင်
ငြိမ်းချမ်းရေး ရမှာပါ လို့လည်း နိုင်ငံတကာမှာ လိုက်ပြော နေတယ်လေ။ ပြီးတော့
မြန်မာပြည် ငြိမ်းချမ်း နေပြီး လို့လည်း ပြောတယ်ဗျ။ ဒါတွေဟာ လူကြား
ကောင်းအောင် ပြောနေတာ ဖြစ်တယ်လို့ မြင်တယ်။ အရင်းခံ ပြသနာကို ဖြေရှင်းနေတာ
မဟုတ်ဘူး၊ အမြတ်ထုတ်ပြီး ပြောနေတာပါ” ဟု ဆိုပါသည်။
နိုင်ငံ တကာမှာ သမ္မတက ပြောနေသော်လည်း တိုက်ပွဲများ လျှော့ကျ သွားခြင်း
မရှိပေ။ တနေ့လျှင် တိုက်ပွဲ (၃) ပွဲ ထက်မနဲ ဖြစ်နေပြီး၊ အစိုးရ တပ်များ
ကချင် ဒေသကို တိုးတိုးပြီး စေလွှတ်နေဆဲဟု ကချင်
ဖက်က ဆိုပါသည်။ ဤသို့ကြောင့် အောက်ပါ နေရာများ၌ တိုက်ပွဲများ ပြင်းထန်လျက် ရှိလာပါသည်။
ရှမ်းပြည် မြောက်ပိုင်း KIA တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၈)မှ
တပ်ဖွဲ့နှင့် ခလရ ၁၃၀ တို့ သည် အောက်တိုဘာလ (၁) ရက်နေ့ နံနက် (၈) နာရီခွဲ
အချိန်တွင် မန်ချင်နား တဝိုက်၌ တိုက်ပွဲ ဖြစ်ခဲ့သည်။ တိုက်ပွဲသည်
အလစ်အငိုက် ခံရသည့် တိုက်ပွဲ ဖြစ်သဖြင့် အစိုးရတပ် ဖက်မှ ကျဆုံးမှု
များဖွယ် ရှိသည်ဟု ဆိုပါသည်။
ထို့အပြင် စက်တင်ဘာ ၂၈ ရက်နေ့တွင်လည်း တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၉)
နှင့် နမ်းပတ်ကာ အခြေစိုက် ခလရ ၁၂၃ တို့သည် ကွတ်ခိုင်ခရိုင် ဖက်၌ တိုက်ပွဲ
ဖြစ်ခဲ့သည်။ ထိုတိုက်ပွဲတွင် တပ်ကြပ်ကြီး တစ်ဦးနဲ့ တပ်သား အဆင့် (၁) ဦး
ကို KIA မှ သုံ့ပန်း အဖြစ် ဖမ်းဆီး ရမိပြီး လမ်းစရိတ်များ ပေးကာ ပြန်လည်
လွှတ်ပေး လိုက်သည်ဟု ဆိုပါသည်။
KIA တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၁၀) ဧရိယာ ထဲသို့ နည်းဗျူဟာ (၃)
ခုဖြင့် အစိုးရ တပ်အင်အား တပ်ရင်း (၈) ရင်းသည် လောခေါင် ခရိုင် ဘက်သို့
ထိုးစစ်ဆင် နေပါသည်။ ထိုတပ်ရင်းသည် ခလရ (၂၉) ၊ ခလရ (၃၇) ၊ ခလရ (၇၄) ၊ ခလရ
(၇၇) ၊ ခလရ (၂၃၆) ၊ ခမရ (၃၀၁) ၊ ခမရ (၄၂၁) ၊ ခမရ (၄၂၇) ဖြစ်ပြီး
မန္တလေးနှင့် မြစ်ကြီးနား အခြေစိုက် တပ်မ (၈၈) လက်အောက်ခံနှင့် (နပခ)
တပ်ရင်းများ
ဖြစ်ပါသည်။
အောက်တိုဘာလ (၁) ရက်နေ့ နံနက် (၉) နာရီ အချိန်တွင် လိုင်ဇာ မြစ်ကြီးနား
လမ်းပေါ်ရှိ ဂန်တောင်ယန် ကျေးရွာတွင် အခြေစိုက် ထားသော အစိုးရ အမြောက်တပ်
အမှတ် (၃၆၇) သည် မြစ်ကြီးနား- ဝိုင်မော်မြို့နယ်တွင် ရှိနေသော KIA ရေအား
လျှပ်စစ် စက်ရုံကို (၁၂၀ မမ)ဖြင့် ၃ ကြိမ်နှင့် (၈၁ မမ) ဖြင့် အကြိမ် (၂၀)
ပစ်ခတ် သည်ဟု KIA က ဆိုပါသည်။
အောက်တိုဘာလ (၁) ရက်နေ့ ညနေ (၄း၃၀)နာရီတွင် KIA တပ်မဟာ (၂) လက်အောက်ခံ
တပ်ရင်း (၆) ၏ ဒေသခံ ပြည့်သူ့စစ် တပ်ဖွဲ့နှင့် စစ်အစိုးရ တပ်မ (၈၈)
လက်အောက် ခလရ (၁၃) တပ်ဖွဲ့တို့သည် ဖါးကန့် ကာမိုင် ဖက်တွင် ရှိသော
လွယ်ဇင်ရွာ အနီးရှိ ဇင်မိုင်ကျေးရွာ၌ တိုက်ပွဲဖြစ်ပွား ခဲ့ပါသည်။
ထို့အပြင် KIA တပ်မဟာ (၂) တပ်ရင်း (၆) ရှိဖါးကန့် နယ်ဘက်၌လည်း စစ်ဗျူဟာ (၄)
ခုဖြင့် အစိုးရ တပ်အင်အား တပ်ရင်း (၁၂) ရင်းဖြင့် ထိုးစစ်ဆင်လျှက်
ရှိပြီး မိုးကောင်း ကာမိုင်း လုံခင်း ရွေရင် တာလခံ ဒေသဖက်သို့
ဦးတည်နေသဖြင့် တိုက်ပွဲများ ပြင်းထန် လာဖွယ် ရှိနေသည်။
ထိုတပ်ရင်း များသည်၊ စစ်ကိုင်း မုံရွာ အခြေစိုက် အနောက်မြောက်တိုင်း (နမခ)
လက်အောက်ခံ တပ်ရင်း (၈) ရင်း။ မြစ်ကြီးနား မြို့ကို ရောက်နေသည့်
အနောက်ပိုင်းတိုင်း၊ (နပခ) မှ တပ်ရင်း (၁) ရင်း။ မိုးကောင်း စစ်ဆင်ရေး
ကွပ်ကဲမှု ဌာနချုပ် (စကခ) အမှတ် (၃) လက်အောက်ခံ တပ်ရင်း (၂) ရင်း။
မန္တလေးနှင့် မြစ်ကြီးနား နယ်တဝိုက်တွင် လှုပ်ရှားနေသော တပ်မ (၈၈) မှ
တပ်ရင်း (၁) ရင်းတို့ ပါဝင်ကြောင်း KIA ဖက်မှ ဆိုပါသည်။
ဤသည် KIA အား စစ်ဆင် နေသော အစိုးရ တပ်ရင်း အင်အား တရာကျော်ထဲမှ တစိတ်တဒေသ
စစ်ဆင်ရေး ဖြစ်ပါသည်။ တနည်းအားဖြင့် KIA အား ချေမှုန်းရန် အပြီးသတ်
စစ်ဆင်ရေး၏ တစိတ်တပိုင်း အနေဖြင့် စစ်ဆင်နေမှုပင် ဖြစ်သည်ဟု KIA က ယူဆ
ပါသည်။
ဤအချိန်မျိုး၌ သမ္မတ ဦးသိန်းစိန်သည်၊ မြန်မာနိုင်ငံ၌ ကချင် အဖွဲ့မှတပါး
တခြား တိုင်းရင်းသား (၁၀)ဖွဲ့နှင့် ငြိမ်းချမ်းရေး ရနေ ပြီးဖြစ်ကြောင်း၊
ကချင်ကိုလည်း မကြာခင် ငြိမ်းချမ်းရေး ရအောင် ဆွေးနွေး သွားမည် ဖြစ်ကြောင်း
နိုင်ငံတကာအား ထုတ်ပြော နေခြင်းဖြစ်သည်။ ဤသည် သမ္မတ၏ စစ်ဆင်ရေး
အကြောင်းပြချက်ကို သံတမန် စကားနှင့် နိုင်ငံတကာအား ၀ါဒဖြန့် အမြတ်
ထုတ်ရန်ပင် ဖြစ်သည်ဟု KIA က ယူဆပါသည်။
အထက်ပါ ကဲ့သို့ ပြောကြား နေသ်ာလည်း သမ္မတ အပါဝင် အစိုးရ ၀န်ကြီးများသည်
သမ္မတ၏ အမိန့်ကို စစ်တပ်မှ အာခံနေခြင်း မဟုတ်ကြောင်း တွင်တွင်
ပြောနေကြပါသည်။ ဤသည်ကို ထောက်ရှုခြင်း အားဖြင့် စစ်တပ်၏ KIO ချေမှုန်းရေး
ပေါ်လစီသည် သမ္မတ၏ ပေါ်လစီသာ ဖြစ်ကြောင်း ထင်ရှားသည်ဟု စစ်ရေး အကဲခတ် များက
ဆိုပါသည်။
Copy from - phophtaw