Tuesday, July 8, 2014

အားမသွင်းထားသည့် ဆဲလ်ဖုန်းများနှင့် လက်တော့ပ်များ လေယာဉ်ပေါ် သယ်ဆောင်ခြင်းကို အမေရိကန် တားမြစ်..............



Posted by: Ko Myo on Monday, July 07, 2014 Categories:
အမေရိကန်သို့ လာရောက်မည့် လေယာဉ်များ၏ လုံခြုံရေးကို အဆင့်မြှင့်တင် လုပ်ဆောင်သည့် အနေဖြင့် အားမသွင်းထားသည့် ဆဲလ်ဖုန်းများနှင့် အခြားသော ထုတ်ကုန်များကို လေယာဉ်ပေါ်သို့ သယ်ဆောင်ခွင့်ပြုမည် မဟုတ်ကြောင်း အမေရိကန် သယ်ယူပို့ဆောင်ရေး လုံခြုံမှု စီမံခန့်ခွဲရေးအဖွဲ့ (TSA) က ထုတ်ဖော် ပြောကြား လိုက်သည်။

အမေရိကန်နိုင်ငံ၏ အမိမြေလုံခြုံရေး အတွင်းရေးမှူး ဂျာဂျွန်ဆန်က အဆိုပါ လုံခြုံရေး ဆောင်ရွက်ချက် သည် လေကြောင်းလုံခြုံရေးကို ပြန်လည်ချင့်တွက်ပြီးနောက် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုခဲ့သည်။

၎င်း လုံခြုံရေး ဆောင်ရွက်ချက်ကို တရားဝင် အသုံးပြုမည့် လေဆိပ်စာရင်းအား မသိရသေးသော်လည်း အဆိုပါ လုံခြုံရေး ဆောင်ရွက်ချက်သစ်ကို ကျင့်သုံးမည့် လေဆိပ်များတွင် လန်ဒန်မြို့ရှိ ဟီးသရိုးလေဆိပ် ပါဝင်ကြောင်း BBC က ဖော်ပြခဲ့သည်။

ထို့အပြင် အမေရိကန်၏ လုံခြုံရေးအဆင့်မြှင့်တင် ဆောင်ရွက်ခြင်းသည် ဆီးရီးယားနှင့် ယီမင်တွင် အကြမ်းဖက်သမားများက လုံခြုံရေး ရှာဖွေမှု ဆောင်ရွက်ချက်များကို ရှောင်လွှဲပြီး ဗုံးများ သယ်ဆောင်ခဲ့ သည့် သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

TSA ၏ ထုတ်ပြန်ကြေညာချက်တွင် “လုံခြုံရေးအတွက် စစ်ဆေးမှု ပြုလုပ်နေချိန်မှာ ဆဲလ်ဖုန်းအပါအဝင် အီလက်ထရွန်နစ် ထုတ်ကုန်ကို ပိုင်ဆိုင်သူများအနေနဲ့ အချို့ထုတ်ကုန်တွေကို ဖွင့်ပြဖို့လိုပါတယ်။ အားမသွင်းထားတဲ့ ထုတ်ကုန်တွေဆိုရင်တော့ လေယာဉ်ပေါ် တက်ရောက်ခွင့်ရှိမှာ မဟုတ်ပါဘူး” ဟု ဖော်ပြထားသည်။


Ref: CNET
Internet Journal
-----------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

0 ကွန်မန့်ရေးရန်:

Post a Comment