Saturday, June 28, 2014

ရိုမန်းဘော့ထ်ဖတ်အပြီး နောက်ဆက်တွဲ အတွေးများ ...................

 

       "ဒီစာအုပ် ဖတ်သွားပြီးတော့ erotica လို့တော့ မထင်တော့ဘူး။ ကာမရာဂ စိတ် ဆွမှ ဆွမပေးနိုင်ပဲကိုး။ ဒါပေမဲ့ ကျွန်တော် ဖတ်နေတာ ဝတ္ထုတစ်ပုဒ်လား၊ ဒါမှမဟုတ် အဆိုအမိန့်တွေ၊ အတုံးလိုက် အတစ်လိုက် စုထည့်ထားတဲ့ အဆိုအမိန့်ပေါင်းချုပ်လားလို့ သံသယ ဖြစ်သွားတယ်။  အဆိုအမိန့်တွေတင် မကဘူး၊ နိုင်ငံရေး အခြေအနေတွေလည်း အတုံးလိုက်အတစ်လိုက် ထည့်ထားတယ်။ အဆိုအမိန့်တွေနဲ့ ဝတ္ထုတစ်ပုဒ် တည်ဆောက်နိုင်တယ်လို့ ယုံကြည်ပေမဲ့ ဝတ္ထုထဲမှာ စာရေးဆရာ အဆိုအမိန့်တွေကို ထည့်သုံးထားပုံက ချောချောမွေ့မွေ့ ပြေပြေပြစ်ပြစ် မရှိလှဘူး။

ဒီစာအုပ်ထုတ်လို့ အာဏာပိုင်တွေက လိုက်ဖမ်းတယ် ဆိုတာတော့ လွန်လွန်းပါတယ်ဗျာ။ အောင်ရင်ငြိမ်းရဲ့ ဝတ္ထုကောင်းခြင်း မကောင်းခြင်း၊ တော်လှန်ရာ ရောက်ခြင်း မရောက်ခြင်းက တစ်ပိုင်း။ ညစ်ညမ်းတာ အကြောင်းပြ၊ ဘာသာရေးကို အကြောင်းပြပြီး ဖမ်းတာတွေ အကျင့်ပါမှာ ကြောက်ရတယ်။ ပြီးတော့ ဒါရေးလို့ သူ့ကို ဖမ်းမယ်ဆိုတာ မျှတမှုလည်း မရှိဘူး။ အဲဒါမျိုးကိုတော့ ဝိုင်းပြီး ကာကွယ်ပေးကြဖို့ လိုမယ်ထင်တယ်။"

  • လွတ်လပ်ခွင့် နဲ့ ပိတ်ပင်မှု

ဒါကတော့ ရိုမန်းဘော့ထ် မဖတ်ခင် ဟိုအရင်ကတည်းက တွေးခဲ့တဲ့ အတွေးမျိုးပါ။ သက်ဆိုင်နေလို့ ထည့်ရေးလိုက်ပါမယ်။

ရုပ်ရှင်ဇာတ်ကား တစ်ကားမှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံတဲ့ ဇာတ်ဝင်ခန်း ပါတယ် ဆိုပါစို့။ လူငယ်တစ်ယောက်ဟာ အဲဒီ ဇာတ်ကားကို ကြည့်ပြီး ရုပ်ရှင်ထဲကအတိုင်း လိုက်ပြီး ကိုယ့်ကိုယ်ကို သေကြောင်းကြံလိုက်တယ် ဆိုပါစို့။ လူတော်တော်များများက အဲဒီ ရုပ်ရှင်ကို တရားခံရှာကြလိမ့်မယ်။ တကယ်တော့ လောကကြီးက ကျယ်ဝန်းပြီး ဖြစ်ရပ်တွေ စုံလှပါတယ်။ အဲဒီ သေကြောင်းကြံသွားတဲ့လူဟာ အဲဒီ ရုပ်ရှင် မကြည့်ရလည်း လောကဓံရဲ့ တစ်ကွေ့ကွေ့မှာ တခြားတစ်ယောက်ယောက် ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ သတင်းမျိုး ကြားတာ၊ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာ ပါတဲ့ စာအုပ်တွေ ဖတ်ရတာ၊ သီချင်းတွေ နားထောင်ရတာ၊ ဒါမှမဟုတ် အဲလိုဖြစ်ရပ်ပါတဲ့ တခြားရုပ်ရှင်ကြည့်ရတာ မျိုးတွေ ကြုံချင်ကြုံမှာပဲ။ တကယ်တော့ အဲဒီ လူငယ် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခြင်းမှာ အဓိက အကြောင်းရင်းက လောကကို အရှုံးပေးလိုစိတ် ဖြစ်ချင်ဖြစ်မယ်၊ ပျော့ညံ့လွန်းတဲ့ စိတ်လည်း ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် သူများကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်လို့ သတ်သေသွားတာလည်း ဖြစ်ချင်ဖြစ်မယ်။
သူများ နောင်တရအောင် လုပ်ချင်လို့ သတ်သေတာလည်း ဖြစ်ချင်ဖြစ်မယ်။ အချုပ်ကို ပြောရရင် အဓိက အကြောင်းရင်းက အဲဒီလူငယ်ရဲ့ စိတ်အနေအထားကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း ဖြစ်တယ်။ ကိုယ့်ကိုယ်ကို သတ်သေချင်နေတဲ့ အချိန်မှာ ရုပ်ရှင်ကို ကြည့်လိုက်ရတော့ အမြန် လုပ်ဖြစ်သွားတာမျိုးတော့ ရှိချင်ရှိမယ်။ ဒါပေမဲ့ အဲဒီလူငယ်ဟာ အဲဒီ ရုပ်ရှင်ကို မကြည့်ရလည်း သူ့မှာသာ ကိုယ့်ကိုယ်ကို သတ်သေချင်တဲ့ စိတ်တိမ်းညွတ်မှုမျိုး ရှိမယ်ဆိုရင် တစ်ကွေ့ကွေ့မှာ သူ့ကိုယ်သူ သတ်သေဖြစ်ဖို့ များပါတယ်။ အဲဒီလိုပဲ အရွယ်ရောက်ပြီး လူတစ်ယောက်ဟာ လိင်ဆက်ဆံတဲ့အခန်းပါတဲ့ စာအုပ်တစ်အုပ်ကို ဖတ်ပြီး လက်တွေ့စမ်းတယ် ဆိုပါစို့။
တကယ်တော့ အဲဒီလူဟာ လိင်ဆက်ဆံတဲ့ ရုပ်ရှင်တို့၊ တခြားစာအုပ်တို့ကို တစ်ကွေ့ကွေ့မှာ တွေ့မှာပဲ။ အသက်မပြည့်သေးတဲ့သူတွေ မကြည့်ရ၊ မဖတ်ရ ဆိုတာမျိုး တားမြစ်တာ ရှိသင့်ပေမဲ့ အရွယ်ရောက်ပြီး လူတစ်ယောက်မှာ အဲဒီလူကိုယ်တိုင်ရဲ့ ဆုံးဖြတ်ချက်ကပဲ အဓိက ကျပါတယ်။
လူတိုင်းဟာ ကိုယ့်တာဝန်ကိုယ် ယူသင့်ပါတယ်။ တစ်ဘက်မှာ လွတ်လွတ်လပ်လပ် ဝေဖန်ခွင့်လည်း ရှိရမှာပေါ့။

ပိတ်ပင်တားမြစ်တာတွေမျိုးထက်... လူတစ်ယောက်၊ တရားခွေတစ်ခွေ၊ စာအုပ်တစ်အုပ်ရဲ့ လွှမ်းမိုးမှုကို လူ့အဖွဲ့အစည်းကြီးက အလွယ်တကူ မခံဖို့၊ ကိုယ်ပိုင်စဉ်းစားဥာဏ်နဲ့ တုံ့ပြန်နိုင်ဖို့ပဲ အရေးကြီးတာပါ။။
ဒါက စာအုပ်အကြောင်းကနေ စစဉ်းစားရင်း ပေါ်လာတဲ့ အတွေးပါ။

  • စာအုပ်အပြင်အဆင်

အဖုံးကစပြီး ပြောရရင် “NC-18” လို့ တပ်ထားပြီးရင် “Not For Conservatives” ဆိုတာနဲ့ “Adult Fiction” ဆိုတာက မလိုတော့ဘူး ထင်တယ်။ အောင်ရင်ငြိမ်းက လူ့အဖွဲ့အစည်းကို သစ်စေချင်လို့ လုပ်တာလို့ သူကိုယ်တိုင် ဆိုခဲ့တယ် မဟုတ်လား။ ဒါဆို ရှေးရိုးစွဲတွေ မဖတ်ရဘူးဆိုပြီး လုပ်တာ လွဲသလို ဖြစ်နေတယ်။ ဒီစာအုပ်ကို အောင်ရင်ငြိမ်းလို တူတဲ့အတွေးအခေါ်ရှိတဲ့လူတွေပဲ ဖတ်တော့ ဘာများထူးလာမှာလဲ။ သူမရေးခင်ကတည်းက အဲဒီလူတွေမှာ ဒါမျိုး အယူအဆတွေ ရှိနေပြီလေ။ လက်ခုပ်သံ ရရုံကလွဲလို့ ဘာများ ပြုပြင်ပြောင်းလဲမှု ဖြစ်လာမှာလဲ။ (ဒီနေရာမှာ အနုပညာဟာ ဘာအတွက်မှ မဟုတ်ဘူးလို့ ဆင်ခြေပေးရင်တော့ ရတယ်။ ဒါဆိုရင်လည်း လူ့အဖွဲ့အစည်းကြီး သစ်ဖို့တို့ ဘာတို့ ဘာလို့လျှောက်ပြောနေမလဲ။)

ယူဆကြည့်လို့ ရတာ တစ်ခုက “Not For Conservatives” ဆိုမှ ရှေးရိုးစွဲတွေ ပိုဖတ်ချင်လာအောင် စတန့်ထွင်လိုက်တာလို့ ခန့်မှန်းကြည့်လို့ရတယ်။ ဒါမှ ဖတ်ချင်တဲ့သူ ပိုများလာမယ်လေ။
နောက်တစ်ခုက “Adult Fiction” ဆိုပြီး စာရေးသူကိုယ်တိုင် တံဆိပ်ကပ်လိုက်တဲ့ ကိစ္စ။ အဲဒီလို တပ်လိုက်တော့ အပြာဆန်ဆန် သဘော သက်ရောက်သွားစေတယ်။ “Adult Fiction” ဆိုရင် လူတိုင်းက အပြာစာအုပ်လို့ ရုတ်တရက် တွေးကြမှာပဲ။
ကိုယ့်စာအုပ်ကို အပြာစာအုပ်လို့ အထင်မခံချင်ရင် စာရေးသူကိုယ်တိုင်က “ကဗျာဆရာ တစ်ယောက်ရဲ့ ဆိုက်ကို နောက်ခံ ဝတ္ထု” လို့ပဲ ရေးလိုက်တာ ပိုကောင်းမယ်။
အခုတော့ ကိုယ့်စာအုပ်ကိုယ် နှိမ်လိုက်သလိုဖြစ်သွားတယ်။ လူတွေကို လိင်ကိစ္စအကြောင်းအသားပေးလို့ မြင်လာစေပြီးတော့ ဖတ်လာကြအောင် ဆွဲဆောင်တာလားလို့လည်း တွေးကြည့်မိတယ်။

  • အမှာစာ

        အစဉ်အလာတွေကို ရိုက်ချိုးတဲ့ စာအုပ်လို့ ဆိုထားပေမဲ့ အမှာစာဆိုတဲ့ အစဉ်အလာကိုတော့ လိုက်ထားတယ်။ ဒီနေရာမှာ ကြားဖြတ်ပြီး ပြောရရင် မြန်မာစာအုပ်တွေရဲ့ အမှာစာတချို့က ပေရှည်လွန်းတယ်။ စာအုပ်နဲ့ မဆိုင်တာတွေလည်း ပါတတ်တယ်။ တစ်ခါတစ်ခါကျလည်း အမှာစာတွေက စာဖတ်သူအပေါ် ဆရာလုပ်လွန်းတယ်။ ဒါပေမဲ့ တစ်ဘက်မှာလည်း မှတ်သားစရာလေးတွေ ပါတဲ့ အမှာစာတွေလည်း ရှိပါတယ်။

စာအုပ်ရေးတဲ့သူတွေကလည်း နာမည်ကြီးတွေရဲ့ ဝိတ်လိုချင်တော့ အမှာစာ မရမက ရေးခိုင်းတာမျိုးရှိတယ်။ အမှာစာရေးပေးဖို့ မျက်နှာချို သွေးကြရရှာတယ်။ အမှာစာကို ဖျစ်ညှစ်ပြီး ရေးနေရတယ်ဆိုတာမျိုးလည်း တစ်နေ့က ဖတ်လိုက်ရတယ်။ ရယ်တော့ ရယ်ရတယ်။ မှာစရာ ထွေထွေထူးထူး မရှိရင် မှာမနေနဲ့တော့ပေါ့။ ပြီးတော့ အမှာစာ အများစုက ဟန်ဆောင်ပန်ဆောင်များတယ်လို့ ခုနောက်ပိုင်း ခံစားလာရတယ်။ အစဉ်အလာကို ရိုက်ချိုးတဲ့ဝတ္ထုဆိုတော့ တကယ်လို့ အဲလို အပေါ်ယံ ဟန်ဆောင်မှု အားလုံးကို ရိုက်ချိုးရင် ပိုကောင်းမယ်။

ဒါပေမဲ့ ထုတ်ဝေသူက ရေးချင်လို့ ဖြစ်စေ (သူက ပိုက်ဆံစိုက်မှာကိုး)  ပြောစရာ တစ်ခုခု ရှိနေလို့ ဖြစ်စေ ရေးတာမျိုးကတော့ ရှိမှာပေါ့လေ။ ဒါပေမဲ့ များသောအားဖြင့်တော့ စာဖတ်သူကို ဆရာလုပ်တာတွေ၊ စာရေးသူကို စွတ်မြှောက်ပေးထားတာတွေ၊ မဆိုင်တာတွေ၊ (တခါတခါဆို) အမှာစာရေးတဲ့သူက စာအုပ်ရေးတဲ့သူကို အပေါ်စီးကနေ ဆရာကြီးဆန်ဆန် သုံးသပ်ချိုးနှိမ်ရေးတာမျိုးတောင် ဖတ်ဖူးသေးတယ်။

အမှာစာဆိုတာ နိုင်ငံတကာမှာလည်း ရှိတော့ ရှိပါတယ်။ ဒါပေမဲ့ လေးငါးမျက်နှာလောက် ရှည်တာတွေတော့ မတွေ့ဖူးဘူး။ တွေ့လည်းမဖတ်ဖြစ်ဘူး။ များသောအားဖြင့်တော့ နိုင်ငံတကာ စာအုပ်တွေမှာ ထည့်ကြတာက ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေအများကြီးဆီက စာတစ်ကြောင်း နှစ်ကြောင်းလောက်စီ စုထည့်ထားတာမျိုးများတယ်။ ဒါမှလည်း ကြေညာရာ ရောက်ပြီး ရောင်းကောင်းမှာကိုး။

(မှတ်ချက်။ ကျွန်တော် ပြည်ပမှာ စာအုပ်ထုတ်တုန်းက အမှာစာ ထည့်ပါတယ်။ အဲဒီတုန်းက ဒါမျိုးအတွေးလည်း မရှိသေးဘူး။ အဲဒီတုန်းက အမှာစာ ရေးတဲ့သူက ထုတ်ဝေသူရယ်၊ ကျွန်တော်ကိုယ်တိုင်ရယ်ပါ။ ထုတ်ဝေတာကလည်း စာကြည့်တိုက်က ကျောင်းသွားတွေမို့ အဲဒါမျိုး အမှာစာကိုတော့ ကျွန်တော် မြတ်နိုးပါတယ်။ ဒီတော့ တခြားသူတွေလည်း သူတို့ မြတ်နိုးတဲ့ စာရေးဆရာတွေကို တလေးတစား အမှာစာ တောင်းတာဖြစ်လိမ့်မယ်လို့ ခံစားနားလည် ပေးမိပြန်ရော။ ကျွန်တော့် ကဗျာစာအုပ်မှာ ကျွန်တော်ကိုယ်တိုင် အမှာစာ ရေးခဲ့ရခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ စာအုပ်မှာ “ကျွန်တော်” “ကျနော်” ဆိုပြီး သတ်ပုံနှစ်မျိုး တမင်တကာ သုံးထားတာကို ရှင်းချင်လို့ပါ။ တကယ်တော့ ကိုယ့်ဘာသာရေးထားခဲ့တဲ့ အမှာစာကို အခုချိန် ပြန်ဖတ်ကြည့်တော့လည်း သိပ်အဓိပ္ပါယ် မရှိလှပါဘူး။ ကိုယ်ကျတော့လုပ်ပြီး သူများကျမှ ဝေဖန်သလိုဆိုတော့ hypocrite လို့ ကျွန်တော့်ကို ပြောလည်း ခံရမှာပဲ။ ဟုတ်လည်း ဟုတ်နေတာပဲလေ။ တကယ်တော့ အစဉ်အလာတွေကို ဆန့်ကျင်ရတယ်ဆိုတာ အပြောသာလွယ်ပြီး လက်တွေ့လုပ်ဖို့ကျတော့ ပေးဆပ်ရတာတွေ ရှိတာကိုး)

အမှာစာဆိုတဲ့ ဓလေ့က တကမ္ဘာလုံး လုပ်နေကြပေမဲ့၊ စာအုပ်ရောင်းထွက်ဖို့ လိုအပ်ပေမဲ့ အဲဒီလို ဝိတ်သုံးရတဲ့ အစဉ်အလာကြီးကိုတော့ သဘောမကျဘူး။ ဒါပေမဲ့ အခြေအနေအရ လုပ်ကြရတာတွေကိုတော့ နားလည်ပေးလို့ရပါတယ်။
(မှတ်ချက်။ ။ ဆရာမြသန်းတင့်ရဲ့ အမှာစာ အရှည်ကြီးတွေ၊ ဆရာ တာရာရဲ့ အမှာစာ အရှည်ကြီးတွေကိုတော့ နှစ်သက်ပါတယ်။ သူတို့က စာဖတ်သူအပေါ် စေတနာထားပြီး ရေးတဲ့ အမှာစာတွေကိုး။ ဖတ်မိသလောက်က စာဖတ်သူတွေကို ငတုံးလို့ သဘောထားတဲ့ အမှာစာမျိုးတွေ မဟုတ်ဘူး။ ဒါတောင် သူတို့လည်း တခါတခါ စာအုပ်နဲ့ ဘာမှ မဆိုင်တာတွေကို စာရေးသူကို အားမနာဘဲ အမှာစာမှာ ရေးထားကြတာတွေ ရှိသေးတယ်)

မင်းခက်ရဲတို့ မလေးတို့ရဲ့ အမှာစာထဲမှာ တွေးစရာလေးတွေ ထုတ်နုတ်ပြထားတာတွေ၊ သုံးသပ်ပြထားတာတွေထဲမှာ သဘောမတူတာတွေ ပါပေမဲ့ သူတို့အတွေးတွေ သိရလို့ ဗဟုသုတတော့ ရပါတယ်။

မလေး ရဲ့ အမှာစာကတော့ အလွန်အကျူး ညွှန်းဆိုသလိုရှိတယ်။ ကျူးလွန်ချိုးဖောက်မှု မပါတာကို ပုပ်ပွနေတဲ့ ရေသေအိုင်နဲ့  တင်စားထားသေးတယ်။ ပြီးတော့ ရိုမန်းဘော့ထ်ဟာ လူသားသစ်၊ မိုးကုပ်စက်ဝိုင်းသစ်နဲ့ ကမ္ဘာသစ်ကို ဖျတ်ခနဲ လှမ်းမြင်ထားပြီးပြီတဲ့။ ကျန်တဲ့သူတွေကရောတဲ့။ စိန်ခေါ်ထားတာလား၊ ရိုးရိုးမေးခွန်းထုတ်လိုက်တာလားတော့ မသိ။

  • Sexism

ဝတ္ထု စစချင်း စာ(၂၈) အောက်ဆုံးနားနဲ့ စာ (၂၉) အပေါ်ဆုံးမှာ မိန်းမတွေကို နှိမ်ထားတဲ့ sexist ဖြစ်တဲ့ ကွန်ဆာဗေးတစ် ဆန်တာကို စတွေ့တယ်။ အမှာစာရေးတဲ့ စာရေးဆရာမ မလေး ကဇာတ်ကောင် ရိုမန်းဘော့ထ် ကမ္ဘာသစ်ကို ရောက်ပြီလို့ ပြောပေမဲ့၊ ဇာတ်ကောင်ကာ ကမ္ဘာဟောင်းဖြစ်တဲ့၊ အမျိုးသမီးတွေကို ချိုးနှိမ်တဲ့ ကမ္ဘာမှာ ကျန်နေတုန်းပဲ။
ဇာတ်ကောင်ကလည်း ဝန်ခံထားပါတယ်။ မိန်းမတွေကို အဆိုးမြင်တတ်တဲ့ ရိုမန်းဘော့ထ် တစ်ကောင်ပါတဲ့။ မိန်းမတွေကို အထင်မကြီးဘူးဆိုတာတွေ၊ မိန်းမဆန်တယ် ဆိုတာတွေနဲ့ နှိမ်ထားတယ်။ ဒါပေမဲ့ အဲဒီလို မိန်းမဆန်တဲ့ စရိုက်သဘာဝ၊ အတင်းအဖျင်းပြောတဲ့ စရိုက်သဘာဝ က ခေတ်သစ် ယောကျာ်းတစ်ချို့မှာလည်း ရှိတယ် တဲ့။
မဟော်မုန်းဓာတ်တွေ လွန်ကဲနေတဲ့ ငနဲတွေတဲ့။ ဒီနေရာမှာတော့ ရိုမန်းဘော့ထ်ဟာ (အောင်ရင်ငြိမ်းကို ပြောတာ မဟုတ်ဘူးနော်။ ဇာတ်ကောင်ကို ပြောတာ) ကွန်ဆာဗေးတစ်လို့ ပဲ မှတ်သားလိုက်ရတော့တယ်။ ဒါပေမဲ့ စာအုပ်ရဲ့ တချို့နေရာတွေမှာ ကျတော့လည်း sexism ကို ဆန့်ကျင်ထားပြန်ရော။

  • လိင်ဆက်ဆံခန်း နဲ့ အပျိုစင်အယူ ပယ်ချမှု

ခုနက sexist ဖြစ်တဲ့၊ အမျိုးသမီးတွေကို နှိမ်တဲ့ ဇာတ်လမ်းစဉ် အပြီးမှာတော့ လိင်ဆက်ဆံတာကို အသေးစိတ်ရေးပြထားတယ်။ တကယ်ကတော့ မထည့်လည်း ရတဲ့ ဇာတ်ဝင်ခန်းမျိုး။ အဲဒီ ဇာတ်ဝင်ခန်းမှာ metaphor နဲ့ လှလှပပ ဖွဲ့ထားတာမျိုးလည်း မရှိဘူး။ ဒါကိုတော့ နားလည်ပေးလို့ရတယ်။ ဇာတ်လမ်းအတွက် မလိုအပ်လှပေမဲ့ သူက လိင်ကိစ္စဆိုတာ ရှက်စရာ ရွံစရာ မဟုတ်ဘူးဆိုတဲ့ မက်ဆေ့မျိုး၊ ဟန်ဆောင်မှုတွေကို ရိုက်ချိုးချင်တာ မဟုတ်လား။

အပျိုစင်ဖြစ်နေရမယ် ဆိုတဲ့ အယူအဆကို ပယ်ချတာမျိုးတော့ လက်ခံပါတယ်။ ဒါကလည်း တော်လှန်ရေး တစ်ရပ်တော့ မဟုတ်ပါဘူး။ အထူးအဆန်း အမှတ်ပေးရလောက်အောင်တော့ မဟုတ်ဘူး။ လက်တွေ့အပြင်လောကမှာ သဘောထားပြည့်ဝတဲ့ ယောကျာ်းတော်တော်များများ အဲလိုသဘောထား ရှိကြတာပဲ။

  • Anarchism အငွေ့အသက် နည်းနည်း

အောင်ရင်ငြိမ်းရဲ့ အခန်း(၂) မှာ Anarchism (မင်းမဲ့ဝါဒ) အငွေ့အသက်လေးတွေတော့ ထင်ဟပ်နေတယ်။ မတရားတဲ့ ဥပဒေတွေကို ဆန့်ကျင်ထားတာမျိုး ပြောထားတာတွေ ပါတယ်။ ဒါပေမဲ့ အယူအဆသစ် တစ်ခုတော့ မဟုတ်ပါဘူး။ ဒီအချက်လေးတွေ ရေးပြရုံနဲ့တော့ ဒီဝတ္ထုကို တော်လှန်ဝတ္ထုအဖြစ် အမှတ်ပေးစရာ အကြောင်းမရှိဘူး။
ပြီးတော့ မတရားတဲ့ ဥပဒေအကြောင်း ပါးပါးလေး ထည့်တာမျိုးထက် အတုံးလိုက် အတစ်လိုက် ရေးသွားသလို ခံစားမိတယ်။ Anarchism အငွေ့အသက် ပါတယ် ဆိုပေမဲ့ တကယ့် anarchism တော့ မဟုတ်ဘူး။
Anarchist တွေက ဥပဒေဆိုရင် လုံးဝကို လက်မခံတာ။
အခြေခံဥပဒေဆိုတာ ဥပဒေ ဖြစ်နေတဲ့ အတွက်ကို ပယ်ချကြတာ။ ဒီထဲက ဇာတ်ကောင်ကတော့ တကယ် တရားမျှတဲ့ ဥပဒေ ဆိုတာ ရှိသင့်တယ်လို့ ဆိုထားတယ်။

 အသစ်အဆန်း ဘာတစ်ခုမှ မရလိုက်ပေမဲ့ ဒီအခန်းက ဖတ်လို့တော့ အဆင်ပြေတယ်။

  • မတရားတဲ့ ဥပဒေတွေလည်း ရှိတယ်

အမျိုးသားနဲ့ အမျိုးသမီး အိပ်လိုက်တဲ့အခါ အမျိုးသားက အမြတ်ထွက်ပြီးတော့ အမျိုးသမီးက နစ်နာသွားတယ် ဆိုတဲ့ အယူအဆကို ဇာတ်ကောင်က ပယ်ချထားတယ်။ ကျွန်တော်လည်း အဲလိုပဲ တွေးတယ်။ ဒါလည်း အတွေးအခေါ် အသစ်အဆန်းတော့ မဟုတ်ပါဘူး။ အများစုက မိန်းကလေးတွေ နစ်နာတယ်လို့ တွေးကြတာ မှန်ပေမဲ့ အပြင်လောကမှာ မိန်းကလေးတွေ အပါအဝင် တော်တော်များများက ဘယ်သူမှ မနစ်နာဘူးလို့ပဲ တွေးပြီး အိပ်နေကြတာတွေ ရှိတာပဲ။ မြန်မာနိုင်ငံမှာလည်း ရှိတယ်။ နစ်နာတယ် ထင်ရင်မိန်းကလေး တော်တော်များများက အိပ်မှာမဟုတ်ဘူး။ အိပ်ပြီး ယောကျာ်းလေးကို ပစ်သွားတဲ့ မိန်းကလေးတွေတောင် ရှိသေးတယ်။ တစ်ခုတော့ ရှိတယ်နော်။ ကိုယ်ဝန်ရသွားတဲ့ ကိစ္စမျိုးမှာ ယောကျာ်းလေးက ပစ်သွားတာမျိုးဆိုရင် မိန်းကလေးဘက်က တော်တော်နစ်နာပါတယ်။ အဲဒါမျိုး ပစ်သွားတာကိုတော့ လက်ခံပေးလို့ မရဘူး။

တရားဥပဒေတွေ မျှတမှု မရှိတာကိုလည်း ဇာတ်ကောင်က ထောက်ပြထားတယ်။ ဒါကလည်း လူတိုင်းသိနေတဲ့ ကိစ္စဆိုတော့ အသစ်အဆန်းတော့ မဟုတ်ပါဘူး။

  • အထွေထွေ

၉၆၉ နဲ့ မဘသ ကို ဆန့်ကျင်ထားတာလည်း ပါတယ်။ အနောက်ဘက် ခြံစည်းရိုးတစ်ဝိုက်မှာ လူမျိုး တစ်မျိုးနဲ့ တစ်မျိုး လူသားအသိအမြင်တွေ ပျောက်ကွယ်နေတယ် ဆိုတာ ရေးထားတယ်။ “အမှောင်ခေတ်လွန် သို့မဟုတ် အရူးခေတ်လွန် ၉၆၉ စင်တီမီတာ” တဲ့။ ဘာပဲဖြစ်ဖြစ် အသစ်အဆန်းမဟုတ်ပေမဲ့ လူသားဝါဒလေး ရှိနေတာကိုတော့ အသိအမှတ်ပြုမိတယ်။ ဒါပေမဲ့ အဲလိုဟာတွေ ထည့်ထားပုံက သက်သက်၊ ဝတ္ထုက သက်သက်လို တခြားစီ ဖြစ်နေတယ်။ အတင်းကြီး ညှပ်ထည့်ထားသလိုဖြစ်နေတယ်။


 ကြားထဲမှာ အိုရှိုးအယူအဆတွေ ထည့်ထားတယ်။ ဒါကလည်း အိုရှိုးဖတ်ဖူးပြီးသားသူတွေ အတွက်ဆို သိပ်အထူးအဆန်းမဟုတ်ပါဘူး။

စာမျက်နှာ ၁၁၁ မှာတော့ အသစ်အဆန်း မဟုတ်ပေမဲ့ လှပတဲ့ သဘောထားလေးကို တွေ့ရတယ်။ စံနှုန်းတွေကို ပစ်ပယ်ထားတဲ့ ဇာတ်ကောင် ရိုမန်းဘော့ထ်ရဲ့ စံနှုန်းတစ်ခုကို ဖတ်လိုက်ရတယ်။ “ဟင့်အင်း… သူတို့ကို (ယေဘုယျကျင့်ဝတ်တွေကို လိုက်နာတဲ့သူတွေကို) ကွန်ဆာဗေးတစ်တွေလို့ ကိုယ်မစွပ်စွဲချင်ပါဘူး။
သူတို့အမြင်မှာ အဲဒါကို ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားလို့ ယုံကြည်နေမယ်ဆိုရင် ကောင်းမှုလို့ သတ်မှတ်ထားမယ်ဆိုရင် ကောင်းတဲ့အပြုအမူကို လုပ်တာကို ကိုယ့်အနေနဲ့ အပြစ်တင်စရာမှ မလိုအပ်တာ။ သူတို့ တန်ဖိုးစံနှုန်းနဲ့ သူတို့ လွတ်လွတ်လပ်လပ် ပြုမူကျင့်ကြံ နိုင်ပါတယ်။
အဲ…. ဒါပေမဲ့ သူတို့က သူတို့သာ ကောင်းမွန်မြင့်မြတ်တဲ့ ကိုယ်ကျင့်တရားပိုင်ရှင်တွေဖြစ်တယ်။ သူတို့ ကိုင်စွဲထားတဲ့ ကိုယ်ကျင့်တန်ဖိုးစံနှုန်းတွေနဲ့ သွေဖည်နေတဲ့သူတွေကို ကိုယ်ကျင့်တရား ပျက်ယွင်းနေသူတွေလို့ စွပ်စွဲပြောဆိုလာမယ် ဆိုရင်တော့ ကိုယ်ဆန့်ကျင်ငြင်းဆန်ရလိမ့်မယ်” တဲ့။

“ကိုယ့်တန်ဖိုးစံနှုန်းကိုမှ အမှန်တရား၊ ကောင်းမှုလို့ စွဲလမ်းဆုပ်ကိုင်ထားပြီး ကိုယ်နဲ့မတူတဲ့ တခြားတန်ဖိုး စံနှုန်းတွေကို အမှား၊ မကောင်းမှုလို့ သတ်မှတ်ယူဆမယ်ဆိုရင်၊ ဥပမာ မိစ္ဆာဒိဌိလို့ ပြောမယ်ဆိုရင် အဲဒါ တရားမျှတမှု မရှိတဲ့ အပြုအမူ တစ်မျိုးပဲလေ” ဆိုပြီး ရေးထားပါတယ်။

အဲဒီနောက်မှာတော့ အိုရှိုးက စကားဝိုင်းထဲ ဝင်လာပြန်ရော။ ဒါပေမဲ့ ဒဿနတွေကို အတုံးလိုက် အတစ်လိုက် ချပြဖို့အတွက် အတင်းကြီး ညှပ်ထည့်ထားသလိုဖြစ်နေတယ်။ (ဇာတ်လမ်းထဲက) အိုရှိုးက ဝင်ပြောတယ်။ “ခင်ဗျားတို့ လူ့အဖွဲ့အစည်းမှာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က ပေါ်ပေါက်ခဲ့တဲ့ အစဉ်အလာ ကိုယ်ကျင့်တရား၊ လူမှုကျင့်ဝတ်၊ အတွေးအခေါ်ဟောင်းတွေရဲ့ ဆုံးမသွန်သင်မှုတွေပဲ လွှမ်းမိုးကြီးစိုး အမြစ်တွယ်နေတာ” တဲ့။  Gay Right ကို ထောက်ခံထားပြီး ပုဒ်မ-၃၇၇ ကို ဆန့်ကျင်ထားတယ်။ သိပ်အထူးအဆန်း မဟုတ်ပေမဲ့ တိုးတက်တဲ့ အမြင်လို့တော့ ပြောရမှာပေါ့။

အခန်း (၁၁) မှာတော့ ရပ်ဆဲလ် တို့ အိုရှိုးတို့ မြသန်းတင့်တို့ရဲ့ စာအုပ်တွေအပြင် ရိုမန်းဘော့ထ်စာအုပ်ကို အမှာစာ ရေးပေးထားတဲ့ မင်းခက်ရဲ တို့ မလေး တို့ရဲ့ စာအုပ်တွေထဲမှာ ဇာတ်ကောင် ရိုမန်းဘော့ထ်က စိတ်အာရုံ နှစ်မြှုပ်ထားသတဲ့။ သြော်….ရိုမန်းဘော့ထ်က အောင်ရင်ငြိမ်းရဲ့ စာအုပ် မဖတ်လို့တော်သေး။ :D

ဇာတ်လိုက်တစ်ယောက်တည်း တစ်ကိုယ်တော် ဆန္ဒပြတဲ့အခါမှာပြောတဲ့၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ခုတည်းကပဲ တရားမျှတမှုကို ထိခိုက်စေတာ မဟုတ်ဘူး၊ တခြား ဥပဒေ အဟောင်းအနွမ်းတွေကလည်း တရားမျှတမှုကို ထိခိုက်စေတယ် ဆိုတာတော့ သဘောကျတယ်။

ဇာတ်သိမ်းလေးလည်း မဆိုးပါဘူး။

ဒီစာအုပ် ဖတ်သွားပြီးတော့ erotica လို့တော့ မထင်တော့ဘူး။ ကာမရာဂ စိတ် ဆွမှ ဆွမပေးနိုင်ပဲကိုး။ ဒါပေမဲ့ ကျွန်တော် ဖတ်နေတာ ဝတ္ထုတစ်ပုဒ်လား၊ ဒါမှမဟုတ် အဆိုအမိန့်တွေ၊ အတုံးလိုက် အတစ်လိုက် စုထည့်ထားတဲ့ အဆိုအမိန့်ပေါင်းချုပ်လားလို့ သံသယ ဖြစ်သွားတယ်။  အဆိုအမိန့်တွေတင် မကဘူး၊ နိုင်ငံရေး အခြေအနေတွေလည်း အတုံးလိုက် အတစ်လိုက် ထည့်ထားတယ်။ အဆိုအမိန့်တွေနဲ့ ဝတ္ထုတစ်ပုဒ် တည်ဆောက်နိုင်တယ်လို့  လက်ခံနိုင်ပေမဲ့ ဝတ္ထုထဲမှာ စာရေးဆရာ အဆိုအမိန့်တွေကို ထည့်သုံးထားပုံက ချောချောမွေ့မွေ့ ပြေပြေပြစ်ပြစ် မရှိလှဘူးလို့ ထင်တယ်။

အတွေးအခေါ် တော်လှန်ရေးလို့ ပြောရအောင်ကျတော့လည်း ဒီဝတ္ထုထဲက အတွေးတွေဟာ တစ်ချို့တွေအတွက်တော့ ခုမှ အသစ်အဆန်း ဖြစ်နေနိုင်ပေမဲ့ တကယ်တော့ အသစ်အဆန်းမဟုတ်ပါဘူး။ အဆိုအမိန့်တွေ များလွန်းတော့ ကိုယ်ပိုင်အယူအဆ နည်းသလိုလည်း ဖြစ်နေတယ်။ ပါတဲ့ ကိုယ်ပိုင်အယူအဆတွေကလည်း အသစ်အဆန်းတော့ မဟုတ်လှပါဘူး။ ဒါပေမဲ့လည်း ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ လုပ်ပုံ၊ လူအများစုရဲ့ တွေးပုံခေါ်ပုံတွေကြောင့် ဒီလောက်လေးကပဲ တော်လှန်ရေးတစ်ရပ်လိုတောင် ဖြစ်သွားရော။

ကောင်းကင်ကို (ဇွန် ၂၇၊ ၂၀၁၄)



ဒီဝေဖန်ချက်ကို ကောင်းကင်ကိုရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာလည်း ဖတ်ရှုနိုင်ပါတယ်။ ဧရာဝတီဘလော့မှာ ပြန်လည် ဖော်ပြဖို့ သူ့ဆီက ခွင့်ပြုချက် ရယူခဲ့ပါတယ်။
တခြားသော စာရေးသူတချို့ရဲ့ ဝေဖန်ချက်တွေကိုလည်း ခွင့်ပြုချက်ရရင် အလျဉ်းသင့်သလို ဒီဘလော့မှာ ပြန်လည် ဖော်ပြဖို့ စီစဉ်ထားပါတယ်။

ဆက်စပ်

http://burma.irrawaddy.org/opinion/viewpoint/2014/06/20/60694.html
http://blog.irrawaddy.org/2014/06/blog-post_1279.html မှ ....

Reactions:

0 ကွန်မန့်ရေးရန်:

Post a Comment