Monday, June 30, 2014

ပုခုံးလွယ်အိတ်မျိုးတွေကို ဖက်ရှင်အနေနဲ့ လွယ်လာကြ............




၁၃,၅ဝဝ

ဖက်ရှင်နဲ့ အလှအပကို ဦးစားပေးတဲ့ ဒီနေ့ခေတ်ရေစီးကြောင်းထဲမှာ လူကြီး၊ လူငယ် ကျား၊မ မရွေး ကျောင်းသားဆိုလည်း ကျောင်းသားအလျောက်၊ လုပ်ငန်းခွင်ထဲကသူတွေကလည်း လုပ်ငန်းခွင်အလျောက် သူတို့ရဲ့ နေ့စဉ်လှုပ်ရှား ဆောင်ရွက်နေကြတဲ့ လုပ်ငန်းဆောင်တာတွေမှာ အဝတ်အစားကို စမတ်ကျကျနဲ့ သပ်သပ်ရပ်ရပ်ဖြစ်အောင် ဝတ်စားဆင်ယင်လာကြတာကို တွေ့ရပါတယ်။

ဖက်ရှင်ကျအောင် ဝတ်စားဆင်ယင်တဲ့နေရာမှာ အဝတ်အစားအပြင် အဝတ်အစားနဲ့ လိုက်ဖက်မယ့် ဦးထုတ်၊ ဖိနပ်၊ Accessories အစရှိတာတွေအပြင် နေ့စဉ်လှုပ်ရှားသွားလာမှုတွေထဲမှာ မရှိမဖြစ် အသုံးအဆောင်ပစ္စည်းတခုကတော့ အိတ်ပါပဲ။

အိတ်ဆိုရင် ကျောပိုးအိတ်၊ ဘေးလွယ်အိတ်၊ လက်ကိုင်အိတ် အစရှိသဖြင့် အမျိုးမျိုးရှိပြီး အဲဒီအိတ်ထဲကိုမှ ပိုက်ဆံအိတ်၊ ဖုန်း၊ ခေါက်ထီး၊ စာရေးကိရိယာ၊ တစ်ရှူး၊ မိန်းကလေးဆိုရင်လည်း အလှပြင်ပစ္စည်း အစရှိတဲ့ ပစ္စည်းပစ္စယတွေ၊ စုံစီနဖာတွေ ထည့်သို သယ်ယူဖို့အတွက် အိတ်ကို အသုံးပြုကြပါတယ်။

အိတ်ဟာ သယ်ဆောင်စရာပစ္စည်းတွေကို ထည့်သွင်းသယ်ဆောင်စရာတခုအဖြစ် အသုံးပြုနေကြတဲ့ အသုံးဝင် ပစ္စည်းတခုဖြစ်သလို ဖက်ရှင်အတွက်လည်း တနည်းအားဖြင့် ပံ့ပိုးပေးတဲ့ အရာတခုပါပဲ။

ဒီနေ့ခေတ် ဖက်ရှင် ရေစီးကြောင်းထဲမှာဆိုရင် အမျိုးသမီးတွေသာမကဘဲ အမျိုးသားအချို့ကပါ Tote လို့ခေါ်တဲ့ ပုခုံးလွယ်အိတ်မျိုးတွေကို ဖက်ရှင်အနေနဲ့ လွယ်လာကြတာကို တွေ့ရပါတယ်။

ရုံးတက်အလုပ်လုပ်ကြတဲ့ အမျိုးသားတွေ၊ အသက် ၂၀ကျော် လူငယ်အမျိုးသားတွေနဲ့ မော်ဒယ်၊ Dancer စတဲ့ အနုပညာနဲ့ ဆက်နွယ်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အမျိုးသားတွေက စမတ်ကျတဲ့ဝတ်စားဆင်ယင်မှုပုံစံ၊ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး Free Style ဒါမှမဟုတ် ကိုးရီးယားဆန်တဲ့ K-pop style ဖက်ရှင်တွေနဲ့ လိုက်ဖက်အောင် ပုံစံအမျိုးမျိုးနဲ့ ကိုယ့်အထာနဲ့ကိုယ် ဆလင်းဘတ်လို လက်ကိုင်အိတ်တွေကို ဖက်ရှင်တခုအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြု ကိုင်တွယ်လာကြတာကို တွေ့ရပါတယ်။

ဒီလိုမျိုး ပုခုံးလွယ်အိတ်တွေကို ဆိုင်တချို့မှာ မြန်မာပြည်ရဲ့ မြန်မာကိုးရီးယားမင်းသားလို့ တင်စားထားတဲ့ “မင်းသားအောင်ရဲလင်း ကိုင်တဲ့အိတ်” လို့ လည်း သုံးစွဲခေါ်ဝေါ် ရောင်းချကြပါသေးတယ်။

လက်ကိုင်အိတ်တွေရဲ့ ဈေးနှုန်းတွေကတော့ နာမည်ရှိပြီးသား branded လက်ကိုင်အိတ်တွေဆိုရင် မိကျောင်းသားရေ၊ မြွေသားရေ အစရှိတဲ့ လယ်သာအသားတွေနဲ့ ချုပ်လုပ်ထုတ်လုပ်ထားတာကြောင့် ဈေးနှုန်းငါးသောင်းအထက်ကနေ  သိန်းဂဏန်းကျော်တဲ့အထိ အစားစားရှိပါတယ်။ နာမည်ကြီး အိတ် Brand အချို့ကတော့ Gucci, LV, Coach, Charles & Keith အစရှိတဲ့ brand တွေပါ။

ဈေးနှုန်းချိုသာပြီး ဒီဇိုင်းလှတဲ့ ပုခုံးလွယ်အိတ်နဲ့ လက်ကိုင်အိတ်တွေလည်း ရှိပါတယ်။ ဒီအိတ်တွေကတော့ branded အိတ် တွေလောက် အရည်အသွေးမမြင့်မားပေမယ့် ဈေးနှုန်းက ထောင်ဂဏန်း၊ သောင်းဂဏန်းဝန်းကျင်မို့ ကိုယ်တတ်နိုင်တဲ့ ငွေပမာဏပေါ်မူတည်ပြီး ကြိုက်နှစ်သက်ရာ အိတ်ဒီဇိုင်းကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

ဒီအိတ်တွေ အများစုကတော့ ထိုင်ဝမ်၊ တရုတ်၊ ဟောင်ကောင် အစရှိတဲ့နိုင်ငံတွေကနေ တင်သွင်းတဲ့ အိတ်တွေလို့ သိရပါတယ်။

ဒီတော့ ကိုယ့်ရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုတွေထဲမှာ ကျောပိုးအိတ်၊ ပုခုံးလွယ်အိတ်တွေကို အသုံးပြုရတာကို ရိုးအီလာပြီဆိုရင် ဖက်ရှင်လည်းကျ စတိုင်လည်းမိုက်မယ့် Tote ပုခုံးလွယ်အိတ်မျိုးတွေကို ပြောင်းသုံးဖို့ အကြံပြုချင်ပါတယ်။ ဒီတပတ်မှာတော့ ဈေးနှုန်းသင့်တင့်တဲ့ အမျိုးသားကိုင် အိတ်အချို့နဲ့ အမျိုးသမီးကိုင် အိတ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ပုံမှာပြထားတဲ့ အမျိုးသား၊ အမျိုးသမီးကိုင် အိတ်တွေကို အနော်ရထာလမ်းနဲ့ ရွှေဘုံသာလမ်းထောင့်၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့မှာရှိတဲ့ 119 Fashion Complex မှာ သွားရောက် ရိုက်ယူထားတာပဲ ဖြစ်ပါတယ်။

 

၁၇,၅ဝဝ
၂၄,ဝဝဝ
၁၇,၅ဝဝ
၁ဝ,၅ဝဝ
၂၄,၅ဝဝ
၁၂,၅ဝဝ
၉,၅ဝဝ


0 ကွန်မန့်ရေးရန်:

Post a Comment