Wednesday, June 11, 2014

လယ်ယာသုံး ကျွဲ၊ နွား ၀ယ်ယူရာတွင် ကျပ်ငါးသောင်းခန့်အထိ လာဘ်ပေးနေရ.............

မင်းမင်း
မိုးသီးနှံစိုက်ပျိုးရာသီရောက်လာပြီဖြစ်သည့် မြောင်းမြမြို့နယ်ရှိ လယ်သမားတို့မှာ ၎င်းတို့၏ လယ်မြေများ ထွန်ယက်ရန် ကျွဲ၊ နွားများဝယ်ယူရာတွင် အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်ရယူရန် ကျပ်ငွေ သုံးသောင်းမှ ငါးသောင်းထိ ပေးနေရသည်ဟု ဒေသခံတို့က မဇ္ဈိမကို ပြောသည်။

ဒေသခံများသည် ကျွဲ၊ နွားများကိုသတ်ရန်ဝယ်ယူခြင်းမဟုတ်ကြောင်း ကျေးရွာရှိအုပ်ချုပ်ရေးမှူးထံမှ ထောက်ခံချက်ရယူရရန် ယခုကဲ့သို့ ငွေပေးနေရခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။

ယခုနှစ် ဧပြီလအတွင်းက မြောင်းမြမြို့နယ်တွင် သံဃာတော်များ ဦးဆောင်သည့် ဇီဝိတဒါနအဖွဲ့က ကျွဲ၊ နွားသားသတ်လိုင်စင်ကို လေလံအောင်ပြီးနောက် ယခုကဲ့သို့ ထောက်ခံချက်ရယူနေရခြင်းဖြစ်သည်။ ထိုကဲ့ သို့ လေလံအောင်ပြီးနောက် ကျေးရွာအချို့တွင်လည်း အမဲသားတွေ့လျှင်ပင် အရေးယူမည်ဟု အုပ်ချုပ်ရေး အဖွဲ့က ဒေသန္တရအမိန့်ထုတ်ထားသည်ဟုလည်း ဒေသခံတို့က ပြောသည်။

“အရင်တုန်းက ဘာမှမရှိဘူးလေဗျာ။ အခုဟာက ထောက်ခံစာလုပ်ရမယ်ဆိုပြီး သုံးသောင်းပေးခဲ့ရတယ် လေ။ နွားသိမ်းလို့ ရတယ်ဆိုပြီးပြောနေတော့။ ခိုင်းခွင်ကလည်းရောက်နေပြီ” ဟု ကညင်ကင်းကျေးရွာ အုပ်စုမှ ဦးခင်စိုးကပြောသည်။

၎င်းကျေးရွာနှင့် တစ်မိုင်ခန့်ဝေးသည့် ရှမ်းကွင်းကျေးရွာမှ ခိုင်းနွားတစ်ရှဉ်းကို ငါးသိန်းတစ်သောင်းကျပ်ဖြင့် ၀ယ်ယူပြီးနောက် ထောက်ခံချက်ယူပြီး ငွေပေးရသည့်အတွေ့အကြုံကို ဦးခင်စိုးက ပြန်ပြောပြ ခြင်းဖြစ် သည်။

သို့ရာတွင် ထောက်ခံစာလုပ်ပေးသည့် ရှမ်းကွင်းကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးထံ မဇ္ဈိမက ဆက်သွယ်၍ မရရှိခဲ့ပေ။ ယခုနှစ်လအတွင်း အလားတူဖြစ်စဉ်မျိုး မြောင်းမြမြို့နယ် လယ်သမားအများအပြား ကြုံတွေ့နေ ရသည်ဟုလည်း မြို့နယ်တောင်သူလယ်သမားသမဂ္ဂအတွင်းရေးမှူး ဦးတင့်ဇော်ဦးက ဆိုသည်။

သားသတ်လိုင်စင်ကို သံဃာတော်များလေလံအောင်ထားသည့်အတွက် မြောင်းမြမြို့နယ်တွင် ဒေသခံများ အမဲသားမစားရသည်အထိ အခက်တွေ့နေခြင်းဖြစ်သည်။

မြောင်းမြမြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးကျော်သိန်းထွန်းက“မြို့နယ်အဆင့်ကို တော့ ဒီကိစ္စတွေမရောက်လာသေးဘူး။ တကယ်တော့ အုပ်ချုပ်ရေးမှူးတွေ တောင်းလို့မရဘူးလေ။ စုံစမ်း ကြည့်လို့သိရင်တော့ အရေးယူရမှာပဲ” ဟု ပြောသည်။

0 ကွန်မန့်ရေးရန်:

Post a Comment