Thursday, January 9, 2014

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လုံခြုံရေးတိုးမြှင့်.......................


( 7Day News Journal )


ဘင်္ဂလားဒေ့ရှ်နိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက် မောင်တောခရိုင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် လုံခြုံရေးတင်းကျပ်စွာချထားကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တော၊ ဘူးသီးတောင်မြို့ နယ်များတွင် ရဲတပ်ရင်းများ ကွပ်ကဲရေးအဖွဲ့ချုပ် (ရကဖ) ၄ ဦးစီးသော ရဲတပ်ရင်း လေးရင်း၊ တပ်မတော်မှ တပ်ရင်း ခြောက်ရင်းက နယ်စပ်လုံခြုံရေးကို တိုးမြှင့်တာဝန်ယူထားခြင်းဖြစ်သည်။
““မြို့ပေါ်မှာတော့ ပုံမှန်ပဲ။

နယ်စပ်တွေမှာတော့ လုံခြုံရေးအပြည့်ချထားပါတယ်။ တပ်မတော်စစ်ကြောင်းတွေလည်း ရှိပါတယ်”” ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

ဇန်န၀ါရီ ၅ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ ဆန္ဒမဲပေးခြင်းများ ပြုလုပ်စဉ် အတိုက်အခံပါတီ ထောက်ခံသူများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၁၈ ဦးခန့် သေဆုံးခဲ့သည်။

ဒီဇင်ဘာ ၂၈ ရက်ကလည်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မှတ်တိုင် ၄၆ အနီးတွင် လက်လုပ်ဗုံး ၃၉ လုံးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘီဂျီဘီတပ်ရင်း(၃၁)က တွေ့ရှိပြီး သိမ်းဆည်းသွားသော
ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မောင်တောခရိုင်ရဲတပ်ဖွဲ့ အရာရှိတစ်ဦးက ““တွေ့တယ်ဆိုတာလည်း နယ်စပ်စည်းရိုး ဟိုဘက်အခြမ်းမှာပါ။ ကျွန်တော်တို့ဘက်မှာမဟုတ်ဘူး။ ကျွန်တော်တို့လည်း မသိရသေးဘူး။

သူတို့ဘက်ကအပြောပဲ ရှိသေးတာပါ”” ဟု ဆိုသည်။
ယမန်နှစ်က နယ်စပ်ဒေသကွပ်ကဲမှုဌာနချုပ်(နစက)ကို ဖျက်သိမ်းခဲ့ပြီးနောက် မောင်တော ရိုင် နယ်စပ်လုံခြုံရေးကို ရဲတပ်ရင်းများက တာဝန်ယူနေခြင်းဖြစ်သည်။

0 ကွန်မန့်ရေးရန်:

Post a Comment