Tuesday, December 24, 2013

ကေအန်ယူနှင့် ဆက်စပ်သူထံက အိုက်စ်မူးယစ်ဆေး ဖမ်းဆီးရမိ ............................


Monday, December 23, 2013

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နဲ့ ဆက်စပ်သူ ၁ ဦးအပါအ၀င် အပေါင်းပါ ၂ ဦးတို့ဆီကနေ အိုက်စ်မူးယစ်ဆေး ၂ ကီလိုဂရမ် ဖမ်းဆီးရမိတယ်လို့ ထိုင်းရတ်သတင်းစာမှာ ဖော်ပြသွားပါတယ်။

ကေအန်ယူရဲ့ ကွန်မန်ဒိုတပ်က ဗိုလ်ကြီးအဆင့် အထောက်အထားရှိသူ ဦးစိုးဇာနည် ၂၉ နှစ်၊ ဦးတိုး ၄၀ နှစ်နဲ့ ဦးထူး ၂၉ နှစ်တို့ ၃ ဦးဆီက အဲဒီမူးယစ်ဆေးဝါးတွေကို ရဲဘက်က ၀ယ်သူ အယောင်ဆောင်ပြီး ဖမ်းမိတာလို့ အမှတ် ၁ ဒေသ အထူးစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့က ရဲချုပ် နိုင်းချင်းထန် ခွတ်ခ်ျဖလိုင်းယုဒ်က ဒီဇင်ဘာ ၂၂ ရက်နေ့ ဘန်ကောက်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

ဒီမတိုင်ခင်က ဦးစိုးဇာနည်ဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ရေးမှာ ကြားပွဲစားလုပ်နေတယ် လို့ ကြိုတင်သတင်းရထားတဲ့အတွက် ကြိုးစား ဆက်သွယ်ပြီး ဘန်ကောက်ကို ဘတ် ၄ သန်း တန်ဖိုးရှိ အိုက်စ် မူးယစ်ဆေးတွေကို မှာယူခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သူတို့က လမ်းမှာ လုံခြုံရေးဂိတ်တွေ များတဲ့အတွက် မဲဆောက်မှာ လာယူဖို့ သဘောတူခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၀ ရက်နေ့ ည ၇ နာရီ ခွဲမှာ မဲဆောက်မြို့ လိုးတပ်စ်ကုန်တိုက်ရဲ့ အနောက်ဘက် ယာဉ်ရပ်နားရာမှာ အရောင်းအ၀ယ်လုပ်ဖို့ အချိန်းအချက် လုပ်ခဲ့ကြောင်း၊ မှာထားတဲ့ မူးယစ်ဆေးတွေ ကားပေါ် တင်ပြီးတာနဲ့ အရပ်ဝတ် ထိုင်းရဲဘက် တရားခံတွေကို လက်ထိတ်ခတ် ဖမ်းဆီးခဲ့တယ်လို့ ရဲချုပ်က ရှင်းပြပါတယ်။

တရားခံတွေဆီက အိုက်စ်ဆေး ၂ ကီလိုနဲ့အတူ လက်ကိုင်ဖုန်း ၃ လုံး၊ ဂြိုဟ်တု ဆက်သွယ်ရေးဖုန်း ၁ လုံးကို သိမ်းဆည်းရမိခဲ့ပြီး ဦးစိုးဇာနည်ဆီထံမှာ ကေအန်ယူတပ်ကနေ ကွန်မန်ဒို သင်တန်းဆင်း အထောက်အထားကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

သူတို့ ၃ ဦးဟာ တဘက် မြန်မာနိုင်ငံ မြ၀တီဘက်ကနေ ဘန်ကောက်နဲ့ ထိုင်းနိုင်ငံအတွင်းပိုင်းကို အခကြေးငွေနဲ့ မူးယစ်ဆေးဝါး သယ်ဆောင်ပေးကြောင်း၊ သယ်ဆောင်ခ ၁ ကြိမ်မှာ ၁ ဦးကို ဘတ် ၅ သောင်း ရတယ်လို့ ၀န်ခံခဲ့ကြောင်း ရဲချုပ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အထွေအထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက အခုလိုပြောပါတယ်။

“ကျနော်တို့ အဖွဲ့ဝင်မဟုတ်ဘူး၊ ဒါကတော့ သေချာသွားပြီ။ ကျနော်တို့အဖွဲ့ဝင်တွေထဲကလည်း ဒါတွေလုပ်ဖို့ မရှိဘူး။ အဖွဲ့ဝင်ဆိုရင် ကျနော်တို့ဆီ အစီရင်ခံစာ ရောက်မှာပဲ။ စိုးဇာနည်ဆိုတာလည်း မရှိဘူး။ ကျနော်တို့ တပ်မှူးတွေကိုလည်း စုံစမ်းခိုင်းတာ မရှိဘူး။ ညနေပိုင်းလောက်မှ ကျနော်တို့ကို ထပ်ခေါ်ပါလား။”။

By ဒီဗွီဘီ

Thit Htoo Lwin - News

0 ကွန်မန့်ရေးရန်:

Post a Comment