Monday, July 8, 2013

ဗုဒ္ဓဂါယာပေါက်ကွဲမှု အကြမ်းဖက်တိုက်ခိုက်မှုဟု ပြည်နယ် ပြည်ထဲရေးဝန်ကြီးပြော


။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အိန္ဒိယနိုင်ငံ ဘီဟားပြည်နယ်ရှိ ဗုဒ္ဓဂါယာအရပ် မဟာဗောဓိစေတီတော်၌ တနင်္ဂနွေနေ့နံနက်၌ ဗုံး ၉လုံး ဖောက်ခွဲရန် အကြမ်းဖက်သမားများက ကြံစည်ခဲ့ပြီး ဗုံး ၄လုံးမှာ စေတီတော်အတွင်း၌ ပေါက်ကွဲခဲ့သည်ဟု Times of India သတင်းစာက ဆိုသည်။

မပေါက်ကွဲသေးသော ဗုံး ၃လုံးကို ကာမပ ဘုန်းကြီးကျောင်းအတွင်း ထောင်ထားခြင်းဖြစ်ပြီး ဥာဏ်တော်အမြင့်ပေ ၈ဝရှိသော ဗုဒ္ဓရုပ်ပွားတော်မြတ်အနီး နောက်ထပ် ၂လုံးကိုမူ မပေါက်ခွဲခင် ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ ပေါက်ကွဲမှုမှာ နံနက် ၅နာရီခွဲနှင့် ၆နာရီအတွင်း ဖြစ်ပွားခဲ့ပြီး ခရီးသွားတိုးရစ် ၂ဦး၊ မြန်မာတစ်ဦးနှင့် တိဘက်တစ်ဦးတို့ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ထားရသည်ဟု ဆိုသည်။

ပြည်နယ် ပြည်ထဲရေးဝန်ကြီး အာနေးလ် ဂေါ့စ်ဝါမီက ဗုဒ္ဓဂါယာပေါက်ကွဲမှု သည် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်း အတည်ပြု ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံအတွင်း ဘာသာရေး၊ လူမျိုးရေးအပေါ် အခြေခံသည့် အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများပေါ်ပေါက်ပြီးနောက်ပိုင်း ဗုဒ္ဓဂါယာမှာ ပစ်မှတ်ထားတိုက်ခိုက်ခံရနိုင်သည်ဆိုသည့် ထောက်လှမ်းရေးသတင်းများ ရရှိခဲ့ခြင်းကြောင့် ပြည်နယ်လုံခြုံရေးများ စောင့်ကြည့်နေဆဲမှာပင် ဗုံးခွဲမှုပေါ်ပေါက်ခြင်းဖြစ်သည်ဟု ရဲချုပ်က ဆိုသည်။

ဗုံးခွဲမှုကြောင့် မဟာဗောဓိစေတီတော်လည်း ထိခိုက်မှုမရှိဘဲ ပရိဘောဂများသာ ပျက်စီးခဲ့ကြောင်းနှင့် ဗုဒ္ဓမြတ်စွာ သဗ္ဗညုတဥာဏ်တော်ရရှိခဲ့ရာ မဟာဗောဓိညောင်ပင်လည်း ထိခိုက်မှုလုံးဝမရှိခဲ့ကြောင်း ပြည်နယ်အရာရှိများကဆိုသည်။

Kamayut Media
Breaking News

ဗုဒ္ဓဂယာတွင် ယနေ့နံနက်ပိုင်း၌ ဗုံးပေါက်ကွဲ
============================

M-Media
ဇူလိုင်လ ၇ ရက်၊ ၂၀၁၃

ဗုဒ္ဓဂယာတွင် ယနေ့နံနက်တွင် ပေါက်ကွဲမှု ၉ ကြိမ် (အများဆုံး ခန့်မှန်း ချက်) ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုပေါက်ကွဲမှုများကြောင့် အနည်းဆုံး လူငါးဦး ဒဏ်ရာရရှိပြီး တစ်ဦးမှာမူ ပြင်းထန်ကြောင်း zee news သတင်း က ဖော်ပြသည်။ အစဉ်လိုက်ပေါက်ကွဲမှုများမှာ မဟာဗောဓိ ဘုရားအ၀န်း အ၀ိုင်းအတွင်း ဖြစ်ခဲ့ခြင်းဖြစ်သည်။

သတင်းအချက်အလက်များရ ဘုရားအဆောက်အဦ ပျက်ဆီးခြင်း မရှိကြောင်း၊ အရေးပေါ် စုံစမ်းရေးနှင့် ဗုံးကျွမ်းကျင် သူများပါဝင်သည့် အဖွဲ့များသည် အခင်းဖြစ်ရာသို့ အလျင်အမြန်သွားရောက် ခဲ့ကြောင်း၊ ထောက်လှမ်းရေးမှ သတင်းပေးပို့ချက်အရ ဒေသခံရဲ ၀န်ထမ်းများလည်း လုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပေါက်ကွဲမှုသုံးကြိမ်မှာ တုရဂ္ဂီဘုရားကျောင်းဝန်းအတွင်းဖြစ်ပြီး ထိုဘုရားကျောင်းမှာ မဟာယနဗုဒ္ဓဘာသာဝင်တို့အထွတ်အမြတ်ထားရာ ဘုရားကျောင်းဖြစ်သည်။ ရဲအရာရှိများ၏ပြောပြချက်အရ ထိုဘုရား ၀န်းအတွင်း မပေါက်ကွဲသေးသည့် ဗုံး ၂ လုံးတွေ့ ရှိကြောင်း၊ ပေါက်ကွဲမှုများမှာ ၂ မိနစ်ခြားတစ်ခါ ဖြစ်ခဲ့ကြောင်း၊ ပထမဆုံးပေါက်ကွဲမှုမှာ နံနက် ၅.၃၀ နာရီတွင်ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ ဘီဟားရ်ပြည်နယ်အကြီးအကဲဖြစ်သူ နိတိရှ်ကုမားရ် သွားရောက်နေပြီဖြစ်ကြောင်းလည်း သိရပြီး ထောက် လှမ်းရေး ကမူ မြန်မာပြည် ဂယက်ကြောင့် ထိုသို့ တိုက်ခိုက်ခံ ရခြင်းဖြစ်နိုင်ကြောင်း သတိပေး ပြောကြားခဲ့သည်။

Ref: zeenews

0 ကွန်မန့်ရေးရန်:

Post a Comment