Monday, May 27, 2013

စစ်သားဘဝ အမှတ်တရများ (၁)

Ei Tong shared Aga Ngwesetthaung's photo.
စစ်သားဘဝ အမှတ်တရများ (၁) 
         
          ဒီပုံကတော့ 2006-April လလယ်လောက်တုန်းက ဗိုလ်ကြီးAga နှင့် အဖွဲ့ မြန်မာပြည်မြေပုံ အရှေ့အလယ်ပိုင်းနားမှာ စစ်ဆင်ရေးဝင်ရင်း  BP-9 ဆိုတဲ့ နယ်စပ်မျဉ်းအနီးမှာ ရိုက်ထားတာပါ။ Aga ရဲ့ မျက်နှာချင်းဆိုင် တောင်ကြောပေါ်မှာ ယိုးဒယားကင်းစခန်း နဲ့ ညာဖက်မျက်စောင်းထိုးတောင်ကြောမှာ ABSDF ကျောင်းသားစခန်း ရှိပါတယ်။ တကယ့်ရှေ့တန်း စတိုင်ကတော့ ဦးထုပ်မကျွတ်၊ ယူနီဖောင်းမကျေတဲ့ မြန်မာစစ်ကားတွေထဲက မင်းသားတွေနဲ့ နည်းနည်းတော့ ကွာခြားပါလိမ့်မယ်။
          
         ဆန်ပိုးထိုး၊ ပဲပိုးထိုး နဲ့ ရိက္ခာ ဆန့်စား/ကွေးစား နေရတုန်း ဆြာတွတ် နဲ့ ဗိုက်ကလေး အဖွဲ့ ကောက်ကောက်ညွန့်  (စားလို့ရမယ်ထင်သောအညွန့်) နဲ့ ဋညွန့် (ချွဲသောအရသာပဲရှိ) အမဲခူး ထွက်နေကြတဲ့ပုံပါ။ ဆေးလိပ်ပြတ်လို့ လောက်သေရွက်လည်း ရှာရင်းနဲ့ပေါ့။ ( ရှေ့တန်းမှာ ဆေးလိပ်ပြတ်ရင် အာသာပြေ လောက်သေရွက်ကို လှော်ပြီး ပွတ်ချွန်းအနေနဲ့ လိပ်သောက်ကြပါတယ်၊ မီးခိုးထွက်တော့ ခံတွင်းချဉ်ပြေသယောင်ယောင်ပေါ့ )
            
             ပိုက်ဆံလား ... ဒီအချိန် အသုံးမဝင်ပါဘူးဗျာ ။ ဗာတာဆိုတဲ့ ကုန်ပစ္စည်းချင်း တိုက်ရိုက်ဖလှယ်တဲ့ စနစ်ပဲ သုံးကြတာများတယ်၊ အသုံးအဝင်ဆုံးကတော့ နို့ဆီပေါ့။ သိပ်ရှားပါးလာပြီဆိုရင် နို့ဆီ၁ဗူးကို ဆေးပေါ့လိပ်၃လိပ်ပဲ ရတော့တယ်။ နောက်ဆုံးကျရင်တော့ ဘာနဲ့လဲလဲကို လဲစရာ ဆေးလိပ်မကျန်ရင် လှလှ နဲ့ ဒုက္ခ တွေ့ကရော။ ( မှတ်မှတ်ရရ တခါက ဆေးလိပ်သောက်ချင်လိုက်တာလို့ ညဉ်းမိလိုက်တာ တော်တော်ကြာတော့ တပည့်ကျော်တွေ ဘယ်ကဘယ်လို ကြံဖန်လာတယ် မသိ၊ ငွေတောင် ဆေးပေါ့လိပ် မှိုတက်လေး တစ်လိပ် ပါလာတယ်၊ သုံးပုံတစ်ပုံလောက် အားပါးတရ ဖွာရှိုက်ပြီး သူတို့ကို ပေးလိုက်တော့ တစ်ယောက်တလှည့် နှစ်ဖွာစီဆွဲလိုက်ကြတာ မီးနီတန်းကြီးကို ရဲလို့၊ ဖင်ပူနေတာတောင် ဖွာလိုက်ကြတာ အစီခံလောင်မှပဲ ကိစ္စပြတ်တော့တယ်။ )  သြော် ... ရဲဘော် ရဲဘက်ဆိုတာ..... ဒီလိုပါပဲ ။ 

            ရှေ့တန်းမှာ သိပ်မျက်နှာပွင့်တာကတော့ ပေးအဖွဲ့ (နောက်တန်းမှ လစာ လာပို့သောအဖွဲ့) ပဲ ခင်ဗျ။ စခန်းကုန်းတွေက မရောက်ခင်ကကို စည်စည်ကားကားနဲ့ ဆင်းကြိုလိုက်ကြတာ လူကြီးလာသလိုပါပဲ ။ သူတို့ လာပြီဆိုရင် အူလည်းစို အသည်းလည်းစို ဆိုတော့ ကြိုကြပေမပေါ့။ အဲ့ညတော့ ပြေးကြည့်စရာတောင်မလိုဘူး .. ဆိုင်ရာဆိုင်ရာ နေရာလေးတွေမှာ ဆိုင်ရာဆိုင်ရာ စာချွန်လွှာလေးတွေးနဲ့ လွမ်းနေ..တွေးနေ..ဆွေးနေ ကြမယ့် ကိုကိုစစ်တို့ရဲ့ ဖြစ်အင်ကို။

            နောက်ထပ် မှတ်မှတ်ရရ တစ်ခုက စစ်ကြောင်း/ စစ်စခန်းထဲကို ဂျီ(ချေ) ဖြတ်ရင် ကံဆိုးတယ်ဆိုတဲ့ ကိစ္စပါပဲ။ အယူမသည်းပေမယ့် ၂ကြိမ်တိတိ လက်တွေ့ကြုံလာတော့လည်း အခက်သား။ ချောင်းအကျော်လေးမှာ ညအိပ်နားဖို့ ခြေလျင်တပ်ရင်းမှူးက Aga ကို ပြောဆိုနေတုန်း ဂျီက ၅ပေလောက်အကွာလေးကကို ဖြတ်ပြေးတယ်၊ ရဲဘော်တွေ သေနတ်ဆွဲ လိုက်ပစ်ကြရောပေါ့၊ ရလာလို့ ကြည့်လိုက်တော့မှ ဂျီက မျက်စိတစ်ဖက် ပျက်နေတယ်။ ပျက်နေတဲ့ဘက်က Aga တို့ရပ်နေတဲ့ဘက်က ဖြစ်နေတယ်။ အတွေ့အကြုံရင့်ကျက်နေတဲ့ တပ်ရင်းမှူးက နိမိတ်မကောင်းကြောင်း နဲ့ အထူး သတိဝီရိယရှိဖို့ မှာကြားတယ်။ ဒါပေမယ့် အဲ့ညမှာ Aga ဆီက အားကိုးရတဲ့ Senior တပ်ကြပ်ကြီးတစ်ယောက် ငှက်ဖျား အသည်းအသန် တက်ပါလေရော။ ဆေးဗိုလ်ကြီးနဲ့ အတူ ကြည့်ရှုပြီးနောက် လူနာစောင့်ကင်း ထုတ်လိုက်တယ်။ မနက်၅နာရီတိတိမှာ အခြေအနေ မကောင်းကြောင်း လူနာစောင့်က လာပြောလို့ ဆေးဗိုလ်ကြီးကို သွားနှိုးခိုင်းပြီး ထပ်ကြည့်တော့ အခြေအနေ မကောင်းတော့ဘူး၊ ဝ, လို့ အကြောစမ်းမရတော့ ဆေးလည်းသွင်းမရ၊ ဒီအခြေအနေမှာပဲ  အပ.. မှီတယ်ဆိုတာ ကိုပါ ထပ်ဆင့် ကြုံဖူးလိုက်ရတယ် ၊ 5:35မှာ ဆရာကြီး ဆုံးပါတယ်။ အားကိုးခင်မင်ရသူမို့ နီးရာ စခန်းကို သယ်ချင်ပေမယ့် တပ်ရင်းမှူးက မသယ်ကောင်းကြောင်း ဖျောင်းဖျလို့ အဲ့နေရာမှာပဲ မြေမြုပ်သင်္ဂြိုလ်ပြီး အမိန့်စာပြန်လိုက်ရတယ်။ ဒီဓါတ်ပုံရိုက်ချိန်မှာ ဆရာကြီး ဆုံးပါးပြီးခဲ့တာ ၂လ ရှိပါပြီ။ နောက်တစ်ခါကတော့ လမ်းမှာပဲ Aga အိပ်တဲ့ ဘေးက လျှိုထဲကနေ ဂျီက နီးနီးကပ်ကပ်ထိ လာဟောက်ပါတယ်။ နောက်နေ့ နေ့လည်မှာ ဒီပုံထဲမှာပါတဲ့ Aga ရဲ့ တပည့်တစ်ဦး မိုင်းကြောင့် ဒုက္ခိတ ဖြစ်ခဲ့ရတယ်။ ဒိနောက်ပိုင်း ဂျီကို နည်းနည်း ဖြုံသွားတယ်။ ဂျီဟောက်သံ ကြားတာနဲ့ ကိုယ့်နေရာမှာလည်း သေနတ်သံပေး အသံလာရာဆီလည်း ခြောက်လှန့် ပစ်ရှင်း ရှင်းခိုင်းရတော့တယ်။

              ဒီသံလွင် အရှေ့ခြမ်းဒေသမှာ စစ်ဆင်ရေးဝင်ရင် လိုက်နာရတဲ့ ဆောင်ပုဒ်လေး တစ်ခု ရှိတယ်။ အဲ့ဒါက “ ဖွတ်၊မြွေ၊လိပ်၊ဒေါင်း မစားကောင်း ” တဲ့၊ ဒါပေမယ့် စစ်သားဆိုတာ မ, တစ်ထောင်သားတွေ ဆိုတော့ သူတို့ ပါးစပ်ထဲမှာ “ ဖြွတ်၊မြွေ၊လိပ်၊ဒေါင်း အကုန်ကောင်း ” ဖြစ်သွားပါလေရော။

              နောက်ထပ် အမှတ်တရလေးတွေကတော့ အဲ့ အချိန်က MP-3တောင် မပေါ်သေးပါဘူး၊ ကိုကိုစစ်တို့ရဲ့ main entertainment ကတော့ တရှဲရှဲမြည်နေတဲ့ ရေဒီယိုလေးတွေပါပဲ။ တခါသုံး ဓါတ်ခဲလေးတွေလည်း ကိုကိုစစ်တို့နဲ့ တွေ့မှ ဆက်သွယ်ရေးစက်က generator နဲ့ အားသွင်းပြီး recycle ဘဝ ရောက်ရရှာတယ်။

             ဒီပုံရိုက်ကူးချိန်မှာ Aga နဲ့ အဖွဲ့တွေ ခြေလက်မျက်နှာဆေးဖို့ တစ်နေ့ကို တစ်ယောက်အတွက် ရေတစ်ပုံးလောက်သာ ခွဲတမ်းရှိလို့ ရေမချိုးဖြစ်တာ သုံးလေးရက်လောက် ရှိနေပါပြီ၊ ဒီနေရာကိုရောက်ဖို့ 3222 ဆိုတဲ့ အမြင့်ပေ3222 ရှိတဲ့ တောင်ကို ကျော်ပြီးမှ ရောက်တာဆိုတော့ တောင်ထိပ်တွေမှာ ရေရှားတဲ့အပြင် နွေလည်း ဖြစ်နေတာ ပါပါတယ်။ ဒိနောက်ပိုင်း 4358 , 5416  ဆိုတဲ့ တောင်ထိပ်တွေ ရောက်ပါသေးတယ်။ ပထမတစ်ကြိမ်ပဲ အနေခက်ပြီး နောက်ပိုင်းတော့ နေရတာရော ၊ ရှူရတဲ့ ကိုယ်နံ့တွေလည်း ယဉ်သွားလို့ ကျင့်သားရသွားပါပြီ။

             ဒီ စစ်ဆင်ရေးကို Nov.5.2005 မှာ စတက်ခဲ့ပြီး စစ်ဆင်ရေး မရုတ်ခင်မှာပဲ Aga  ဗထူးမှာ သင်တန်းတက်ဖို့အတွက် အဖွဲ့တွေကို ထားပြီး ယာဉ်တန်းကြုံနဲ့ May.24.2006 မှာ ပြန်လာပါတယ်။ 7လ နီးပါး ကြာပြီဆိုတော့ ပြန်လာချိန်မှာ နောက်ကဆံပင်ဟာ ကျောကိုရောက်လို့ ပိုနီတေး စည်းလို့ ရနေပါပြီ။ ယာဉ်တန်း လွိုင်ကော် ရောက်ရောက်ချင်းပဲ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) ရှိ G1ကြီး ( စစ်ဦးမှူးပထမတန်း) ထံရောက်ကြောင်း သတင်းပို့ပါတယ်။ ငယ်ရာမှ ကြီးလာတဲ့ လူကြီးက ဘာမှမပြောသေးဘဲ ပြုံးကြည့်ပြီးနောက်မှ ထူးခြားမှု ရှိ/မရှိ မေးပြီး သင်တန်းရှိ၍ ပြန်ခေါ်တာဖြစ်ကြောင်း နှင့် အုပ်ချုပ်မှု ကိစ္စများ စီစဉ်၍ သင်တန်းအမီသွားရောက်ရန် ညွှန်ကြားပါတယ်။ နောက်နေ့မှာပဲ သင်တန်းကိစ္စ လိုအပ်တာ စီစဉ်ရင်း ဆံပင်လည်း ညှပ်လိုက်ပါတယ်။

            ဒီနေရာမှာ တွေးမိတိုင်း ပြုံးချင်တာ တစ်ခုက G1 ကြီး အား သတင်းပို့ပြီးနောက် လာကြိုတဲ့ လွိုင်ကော်နှစ်ထပ်ဈေးမီးပွိုင့်ဘက်ကို မြို့ပြအရသာခံစားရင်း ဖြေးဖြေးချင်းလျှောက်လာရာမှာ မီးပွိုင့်တာဝန်ကျ ယာဉ်ထိန်းရဲ (ရန်ကုန်/မန္တလေးက ပြောင်းလာဟန် တူပါတယ်) က “ ပိန်ညော်ညော် ညှင်းသိုးသိုး အရောင်လွင့်ပြယ်နေတဲ့ ယူနီဖောင်းနဲ့ ပစ္စတို ခါးထိုးထားတဲ့ ဆံပင်ရှည်ရှည် စစ်ဗိုလ်တစ်ယောက်ကို မမြင်ဖူးလို့ အထူးအဆန်းသဖွယ် လိုက်ပြီး ငေးကြည့်နေတဲ့ မျက်လုံးတစ်စုံ ” ကို ပါပဲ။

0 ကွန်မန့်ရေးရန်:

Post a Comment