ABC
မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာလူဦးရေ ပြန့်ပွားမှုကို ကန့်သတ်တဲ့အနေနဲ့ ရိုဟင်ဂျာတွေရဲ့ ကလေးမွေးနှုန်းကို မြန်မာအစိုးရက ကန့်သတ်လိုက်တာကို ဒေါ်အောင်ဆန်းစုကြည်က ဝေဖန် ရှုတ်ချလိုက်ပါတယ်။
မြန်မာ အာဏာပိုင်တွေက ရိုဟင်ဂျာမိသားစု တစ်စုမှာ ကလေး ၂ ယောက်ထက် ပိုမမွေးဖို့ တားမြစ်ချက်ကို ၁၉၉၄ ခုနှစ်ကတည်းကစပြီး ပေါ်လစီချမှတ်လိုက်ပေမယ့် ထိရောက်စွာ အရေးယူမှုတွေ မလုပ်ခဲ့ပါဘူး။
ဒါပေမယ့် မကြာသေးခင်ကပဲ အဲဒီပေါ်လစီ အသက်ဝင်လာတော့မယ်လို့ ဒေသခံအာဏာပိုင်က အတည်ပြုပြောဆိုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်လိုက်တာ ဖြစ်ပါတယ်။
ဒီလို ကန့်သတ်မှုလုပ်တာဟာ ခွဲခြားဖိနှိပ်မှုဖြစ်ပြီး လူ့အခွင့်အရေးနဲ့လည်း ကိုက်ညီမှုမရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ရိုဟင်ဂျာနဲ့ ရခိုင်တွေရဲ့ ပဋိပက္ခအတွင်း ဒေါ်အောင်ဆန်းစုကြည်က နှုတ်ဆိတ်ခဲ့တဲ့အပေါ် ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခဖြစ်ပေါ်ပြီးနောက် အစိုးရက စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခဲ့ပါတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြီးခဲ့တဲ့ ဧပြီလကပဲ အစီရင်ခံစာ ထုတ်ပြန်လိုက်ပြီး အစီရင်ခံစာထဲမှာ ရခိုင်လူမျိုးတွေက ရိုဟင်ဂျာလူဦးရေ တိုးများလာတဲ့အပေါ် စိတ်မသက်မသာဖြစ်နေတဲ့အတွက် မြန်မာအစိုးရကသာ အရင်ကတည်းက ချမှတ်ခဲ့တဲ့ ကလေးမွေးနှုန်းကန့်သတ်တဲ့ ပေါ်လစီကို ကျင့်သုံးရင် အခြေအနေကောင်းလာနိုင်တယ်လို့ အကြံပြုထားပါတယ်။ ဒါပေမယ့် အဲဒီပေါ်လစီကိုလည်း အတင်းအဓမ္မ ကျင့်သုံးရင် လူ့အခွင့်အရေးချိုးဖောက်ရာ ရောက်နိုင်တယ်လို့လည်း သတိပေးထားပါတယ်။
စုံစမ်းစစ်ဆေးရေးကော်မရှင်က အဲလို အကြံပြုထားတဲ့အတွက် အဲဒီပေါ်လစီကို ပြန်လည်အသက်သွင်းမယ်လို့ ရခိုင်ဒေသခံ အာဏာပိုင်တွေက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အစိုးရက တစ်လင်တစ်မယားစနစ်ကျင့်သုံးဖို့နဲ့ မိသားစုတစ်စုမှာ ကလေး ၂ ယောက် အထိသာ မွေးကြဖို့ ပြောဆိုထားပြီး ကလေး ၂ ယောက်ထက်မက မွေးတဲ့လူကို တရားမဝင်သူအဖြစ် သတ်မှတ်မယ်လို့ သိရပါတယ်။
အန်အယ်လ်ဒီပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကတော့ မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့် ပိတ်ပင်တဲ့ ဥပဒေကို ပြင်ဆင်သင့်ပြီလို့ ရိုက်တာ သတင်းကို ပြောခဲ့ပါတယ်။
ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်ပေးရင် ပြဿနာအတော်များများ ဖြေလျော့သွားနိုင်တယ်လို့ ပြောပါတယ်။ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့်ပေးတာကို ရခိုင်လူမျိုးတွေက လက်မခံသည့်တိုင် အကောင်အထည်ဖော်သင့်တဲ့အကြောင်း ရခိုင်လူမျိုးတွေမှာလည်း သေချာရေရာတဲ့ အဖြေတွေ မရှိကြဘူးလို့ ဆိုပါတယ်။
ရခိုင်လူမျိုးတွေက ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်ကနေ လုံးဝနှင်ထုတ်ဖို့ ဆန္ဒရှိပေမယ့် ဒါဟာ မဖြစ်နိုင်တဲ့ ဖြေရှင်းချက်ဖြစ်တယ်လို့ ဦးဥာဏ်ဝင်းက ရိုက်တာသတင်းကို ပြောသွားခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ အယောက်ပေါင်း ရှစ်သိန်းလောက်ရှိမယ်လို့ ခန့်မှန်းကြပြီး ဦးဥာဏ်ဝင်းအပါအဝင် မြန်မာပြည်တွင်းမှာတော့ အများစုက ရိုဟင်ဂျာကို ဘင်ဂါလီလူမျိုးလို့ ခေါ်ဆိုကြပါတယ်။

0 ကွန်မန့်ရေးရန်:
Post a Comment