Friday, May 10, 2013

မြန်မာပြည်က အခြေခံလုပ်သားလူတန်းစားတွေရဲ့ ဘ၀ ဒီထက်ပိုမြင့်မားလာပါစေ.

ကျွန်တော် မိတ်ဆွေတွေနဲ့ (၈)မိုင် မရမ်းကုန်းမီးပွိုင့်အနီးက ဟိုင်နန်စားတော်ဆက်ကို ညစာစားဖို့ ရောက်ခဲ့တယ်။
ဆိုင်ထဲဝင်တဲ့ လမ်းထိပ်နားက အမှိုက်ပုံမှာ ဦးလေးကြီးအရွယ် စည်ပင်သန့်ရှင်းရေးဝန်ထမ်းတစ်ဦး အမှိုက်တွေ လာလာပုံနေပါတယ်။
သူငယ်ချင်းတွေ ရောက်မလာသေးလို့ ကျွန်တော်ကားပေါ်မှာထိုင်စောင့်နေစဉ် အဲဒီလူကြီးက အမှိုက်ပုံထဲက ရောင်းလို့ရမယ့် ဂျပ်စက္ကူတွေရွေးနေတယ်။
ရုတ်တရက်တော့ နဲနဲအမြင်ကပ်သွားမိတယ်။ လုပ်ရမယ့် အလုပ်တွေတော့ မလုပ်ပဲ ဂျပ်စက္ကူတွေ ရောင်းစားဖို့ ပဲ ရှာနေတယ်ဆိုပြီးတော့ပေါ့။
ခဏနေသူငယ်ချင်းတွေရောက်လာတော့ ကျွန်တော်တို့ ဆိုင်ထဲဝင်လိုက်ကြတယ်။
ဟင်းပွဲမှာတာများသွားလို့ စားလို့မကုန်ပဲ ကျန်နေတဲ့ဟင်းပွဲတွေ အများကြီးပဲ။ ဒီတိုင်းချန်ထားပစ်ခဲ့ကြတယ်။

ဆိုင်ကအထွက် ည(၁၀)နာရီလောက်ရှိပြီ။
ခုနက ဦးလေးကြီးကို အမှိုက်ပုံနား ပလက်ဖောင်းပေါ်မှာ အိပ်လျက်သားတွေ့လိုက်ရတယ်။
သူခုနက ရှာနေတဲ့ ဂျပ်စက္ကူလေးကို ခင်းလျက်သားနဲ့ပေါ့။
မြင်ရတော့ ရင်ထဲမှာ မကောင်းဘူးဖြစ်သွားတယ်။

တကယ်ဆို ဘယ်သူပဲဖြစ်ဖြစ်၊ ဘာကြောင့်ပဲဖြစ်ဖြစ် ဒီလို ပလက်ဖောင်းပေါ်မှာအိပ်နေရဖို့ မထိုက်တန်ပါဘူး။
သူ့မှာလည်း သား၊ သမီး၊ မိသားစုတွေရှိကြမှာပါ။ သူ့မိသားစုတွေ သူဒီလို ပလက်ဖောင်းပေါ်အိပ်နေတာ မြင်ရင် စိတ်ကောင်းကြပါ့မလား။
ကိုယ်ချင်းစာစိတ်နဲ့ တွေးကြည့်မိတယ်။

ကျွန်တော်ခုနက လမ်းဘေးမှာ သူငယ်ချင်းတွေကို စောင့်နေတုန်း ခဏလေးမှာတောင် ခြင်အရမ်းကိုက်တာ
အခု အိပ်နေရှာတဲ့ ဦးလေးကြီးကိုလည်း ခြင်ဘယ်လောက်ကိုက်ရှာမလဲ။ ပင်ပန်းမှုတွေက ခြင်ကိုက်တဲ့ဒဏ်ကို ကျော်လွန်သွားလို့ မမှုတော့ပြီလား။

အဲဒီဦးလေးကြီး ညစာရော စားပြီးရဲ့လား။ စားပြီးလည်း ဟင်းကောင်းတော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်။ တကယ်ဆို ကျွန်တော်တို့ ဆိုင်မှာ ပိုတဲ့ဟင်းတွေအများကြီးပါ။ ပါဆယ် ထုပ်ယူလာပြီး အဲဒီဦးလေးကြီးကိုပေးလိုက်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ။ စိတ်ထဲ နောင်တရနေမိတယ်။

ခုနက ဂျပ်စက္ကူတွေ ရှာနေတာကို ဆန္ဒစောစွာ အပြစ်တင်ခဲ့မိတာလည်း ခွင့်လွှတ်ပါ ဦးလေးရယ်။
ကောင်းသော အိပ်ခြင်းလေး ဖြစ်ပါစေလို့ပဲ ဆုတောင်းပေးနိုင်ခဲ့တယ်...

ကျွန်တော်တို့ မြန်မာပြည်က အခြေခံလုပ်သားလူတန်းစားတွေရဲ့ ဘ၀ ဒီထက်ပိုမြင့်မားလာပါစေ.........လို့လည်း ထပ်မံဆုတောင်းချင်ပါသေးရဲ့

0 ကွန်မန့်ရေးရန်:

Post a Comment