Thursday, April 4, 2013

ရန်ကုန်-မန္တလေး အမြန်လမ်း အကြောင်း သိကောင်းစရာ

Sa Maung shared ဝေဟင်ချစ်သူ's photo.
ရန်ကုန်-မန္တလေး အမြန်လမ်း အကြောင်း သိကောင်းစရာ

www.waihinchitthu.com

ရန်ကုန်-မန္တလေး အမြန်လမ်း သည် မြို့တော်ဟောင်း မဟာရန်ကုန် နှင့် မန္တလေးမြို့ တို့ကို ဆက်ပေးသော ကန့်လန့်ဖြတ်လမ်းမရှိ အမြန်လမ်းမကြီး ဖြစ်သည်။ ဤအမြန်လမ်း ကို ဒီဇင်ဘာ၂၀၁၁ကုန် တွင် မဟာရန်ကုန် နှင့် မန္တလေးမြို့အကြား စတင် ဖွင့်လှစ်အသုံး ပြုသည်။ ဤအမြန်လမ်းကြောင့် ပြည်ထောင်စုလမ်းဖြင့် ၁၆နာရီ ၊ ရထားလမ်းဖြင့် ၁၃နာရီ ၊ ကြာသောခရီးသည် ၇နာရီ ဖြင့် လိုရာဤခရီးသို့ လျင်မြန်စွာ သွားလာနိုင် ပါသည်။

သမိုင်းကြောင်း

နောက်ခံသမိုင်း

၁၉၅၀ စုနှစ်များ အကုန်တွင် ရန်ကုန်မြို့နှင့်မန္တလေးမြို့ ကိုဆက်သွယ် မည့် အမြန်လမ်းမကြီးတခု ဖောက်လုပ်ရန် စီမံကိန်း လျာထား ခဲ့သည်။ ၁၉၅၄-ခုနှစ် တွင် ဂျာမန်လူမျိုး ဗြိတိန် နိုင်ငံသား ဖရီးဒရစ်-ရှုးမာခါ(Friedrich Schumacher) ရေးဆွဲခဲ့သော ပြည်တော်သာ စီမံကိန်း၏ တစိတ်တပိုင်းဟု ယူဆရမည်။ စစ်အေးတိုက်ပွဲခေတ် အတွင်းဖြစ်သည့် ထိုကာလ၌ အမေရိကန်ပြည်ထောင်စု က အမြန်လမ်းမကြီး ဖောက်လုပ်ရေးအတွက်လိုအပ်သော ဘဏ္ဍာရေး ကူညီရန် အမေရိကန်အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးစီမံမှု (American International Development)ဖြင့် ကမ်းလှမ်းအဆိုပြု ခဲ့သည်။ အမေရိကန်ပြည်ထောင်စု က အမြန်လမ်းမကြီး ကို လေယာဉ်ပြေးလမ်း အဖြစ် အင်ဒို ချိုင်းနားစစ်အတွင်းအသုံးပြုနိုင်မည်ကို စိုးရိမ်သဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံက လမ်းလယ်ကျွန်း၌ သစ်ပင်များ စိုက်ရန်ကမ်းလှမ်းခဲ့သည်။ ၁၉၆၂-ခု ပထမ တပ်မတော်အာဏာသိမ်းမှုအပြီး တော်လှန်ရေးကောင်စီ ၏ ဆိုရှယ်လစ်စီးပွားရေးစံနစ် ကျင့်သုံးခြင်းကြောင့် အမေရိကန်ပြည်ထောင်စု၏ ကမ်းလှမ်းမှု ရပ်ဆိုင်းခဲ့သည်။

ပထမ အားထုတ်မှု

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ၁၉၇၀ စုနှစ်များ အလည်တွင် အမြန်လမ်းမကြီးစီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့သည်။ လမ်းအူကြောင်းရှာရန်၊ တောရှင်းရန်၊ လမ်းခင်းကျောက်ထုပ်လုပ်ရန် အကျဉ်းသားများကို အသုံးပြု ခဲ့သည်။ ထိုအချိန်က ငှက်အော်စမ်း ရဲဘက်စခန်းမှာ နာမည်ဆိုးဖြင့် ကြော်ကြားခဲ့သည်။ လမ်းခင်းရန်လိုအပ်သော ဘိလပ်မြေ ရရှိရန် ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ကြံခင်းဘိလပ်မြေစက်ရုံကို တည်ဆောက် ခဲ့သည်။ ဆိုရှယ်လစ်စီးပွားရေးစနစ် ယိုယွင်းလာမှုကြောင့် လိုအပ်သော နိုင်ငံခြားငွေကို ဖြည့်ဆည်းရန် ထိုစက်ရုံမှထွက်သော ဘိလပ်မြေကို နိုင်ငံခြားသို့ တင်ပို့ရသဖြင့် အမြန်လမ်းမကြီး ဆောက်လုပ်ရေးလုပ်ငန်းများမှာ ရပ်ဆိုင်းခဲ့ရသည်။

လက်တွေ့ဆောင်မှု

၁၉၈၈ ခုနှစ် ဒုတိယ တပ်မတော်အာဏာသိမ်းမှုအပြီးနောက်ပိုင်း စီးပွားရေး မူဝါဒသစ်ကြောင့် မြန်မာနိုင်ငံတွင် ဘိလပ်မြေစက်ရုံသစ်များ ( ၁၄ ခု ၊ ၂၀၁၁-ခု အခြေအနေ ) တည်ရှိလာခြင်း၊ လမ်းမကြီးတလျောက်ရှိ တံတားဆောက်ရန်လိုအပ်သော သံဘောင်နှင့် ဆောက်လုပ်ရေးသုံးသံချောင်းများ ထုပ်လုပ်နိုင်သည့် သံမဏိစက်ရုံသစ်များ ( ကျောက်ဆွဲကြိုး၊ ပင်းပက်၊ မြောင်းတကာ၊ မြင်းခြံ ) ပေါ်ထွန်းလာခြင်း တို့ကြောင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရသည် အမြန်လမ်းမကြီးစီမံကိန်းကို အောက်တိုဘာ၂၀၀၅-ခုနှစ်တွင် စတင်လက်တွေ့အကောင်အထည်ဖော်ခဲ့ရာ ဒီဇင်ဘာ၂၀၁၀-ခုနှစ်တွင် ပြီးစီးအဆုံးသတ်နိုင်ခဲ့သည်။ အိမ်နီးချင်းထိုင်းနိုင်ငံသို့ သဘာဝဓါတ်ငွေ့ တင်ပို့ရောင်းချရာမှ နိုင်ငံခြားငွေ ရရှိမှုသည် စီမံကိန်းအကောင်အထည်ဖေါ်ရန် ဘဏ္ဍာရေးလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့သည် ဟုယူဆနိုင်မည်။

ဆောက်လုပ်ရေးအဆင့်

ဤလမ်း ဆောက်လုပ်ရေးလုပ်ငန်းတွင် လူ့လုပ်အား သာမက စက်ယန္တယားများပါ ထည့်သွင်း အသုံးချ ခဲ့သည်။ ဂျာမန် ပထမရုပ်မြင်သံကြားအစီအစဉ် (ARD) ၊ ကမ္ဘာ့ကြေးမှုံ ကဏ္ဍ ( Weltspiegel ) (ဇန်နဝါရီ ၂၀၁၁) အဆိုအရ အလုပ်ကြမ်းသမား ၁၅၀၀၀ ခန့် ပါဝင်ဆောင်ရွက်ကြောင်း သိရသည်။ ဤလမ်း ဆောက်လုပ်ရေးလုပ်ငန်း နေစဉ်အချိန်အတွင်း ရိုက်ယူခဲ့သော ဓါတ်ပုံများအရ လုပ်ငန်းခွင်၌ လမ်းဆောက်လုပ်ရေးအခြေခံစက်ယန္တယားများ ( မြေတူးစက်၊ မြေကော်စက်၊ မြေသယ်ယာဉ်၊ မြေမျက်နှာပြင်ညှိစက်၊ မြေဖိဒလိမ့်စက်၊ မြေဖိဘီးစုံစက် ) သာမက ကွန်ကရစ်လမ်းလွှာအတွက် ရွေ့လျှားအင်းဂတေခင်းညှိစက် များကိုပါအသုံးပြုကြောင်း တွေ့နိုင်သည်။ ရန်ကုန်-မန္တလေး အမြန်လမ်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း လမ်းတံတားအဖွဲ့ သာမက တပ်မတော် အင်ဂျင်နီယာတပ်ကပါ ပူးပေါင်း ဆောက်လုပ်ခဲ့သည်။

ရန်ကုန်-နေပြည်တော်

    ဆောက်လုပ်ချိန် - အောက်တိုဘာ၂၀၀၅ မှ မတ်(ချ) ၂၀၀၉
    တရားဝင်ဖွင့်ရက်- ၂၅၊ မတ်(ချ) ၂၀၀၉
    လမ်းအလျှား - ၃၂၃.၂ ကီလိုမီတာ ( ၂၀၂မိုင် )
    တံတား - ၄၀ စင်း ( မီတာ ၆၀ အထက် )

နေပြည်တော်-မန္တလေး

    ဆောက်လုပ်ချိန် - ၂၀၀၇ မှ ဒီဇင်ဘာ ၂၀၁၀
    တရားဝင်ဖွင့်ရက်- ၂၉၊ ဒီဇင်ဘာ ၂၀၁၀
    လမ်းအလျှား - ၂၄၀.၀ ကီလိုမီတာ ( ၁၅၀မိုင် )
    တံတား - ၃၂ စင်း ( မီတာ ၆၀ အထက် )

မန္တလေးစကားအင်း-မန္တလေးတံခွန်တိုင်

    ဆောက်လုပ်ချိန် - ၂၀၁၀ မှ ယခုအထိ
    တရားဝင်ဖွင့်ရက်- မသိရှိသေး
    လမ်းအလျှား - ၁၈.၃ ကီလိုမီတာ ( ၁၃.၅မိုင် )
    တံတား - အချက်အလက်မသိရ ( မီတာ ၆၀ အထက် )

နည်းပညာအချက်အလက်

ယခုတည်ဆောက်ပြီးစီးခဲ့သော အမြန်လမ်းမကြီးတွင် လမ်းလယ်ကျွန်းဖြင့် ခွဲခြားထားသော ယာဉ်ကြောကြီး နှစ်ကြော ရှိသည်။ ယာဉ်ကြောကြီး တစ်ကြောစီ၌ ယာဉ်မောင်းလိုင်း နှစ်လိုင်း ရှိသည်။ ယာဉ်မောင်းလိုင်း လေးလိုင်းရှိ အမြန်လမ်းမကြီးအမျိုးအစား ဖြစ်သည်။ အကျယ် ၉.၁၄မီတာ(ပေ၃၀)လမ်းလယ်ကျွန်း ဖြင့် ခွဲခြားထားသော ယာဉ်ကြောကြီး တစ်ကြောစီအကျယ်မှာ ၇.၆၂မီတာ(၂၅ပေ) ရှိရာ ယာဉ်မောင်းလိုင်း တစ်လိုင်းအကျယ်မှာ ၃.၈၁မီတာ(၁၂.၅ပေ) ဖြစ်သည်။ ဆောက်လုပ်ဆဲ မန္တလေးစကားအင်း-မန္တလေးတံခွန်တိုင် ထပ်ဆက်လမ်း တွင်မူ ယာဉ်ကြောကြီး တစ်ကြောစီ၌ ယာဉ်မောင်းလိုင်း လေးလိုင်း ရှိရာ စုစုပေါင်း ယာဉ်မောင်းလိုင်း ရှစ်လိုင်းရှိ အမြန်လမ်းမကြီးအမျိုးအစား ဖြစ်သည်။ ၂၅ပေအကျယ်ယာဉ်ကြောကြီး၏ ထု၃၀စင်တီမီတာ(၁ ပေ) ကြိုတင်အားဖြည့်ကွန်ကရစ် အပေါ်လွှာ ကို အောက်တွင် အကျယ် ၂၇ပေ ထု၁၅စင်တီမီတာ (၆ လက်မ) ထူသော အခြေခံ ကွန်ကရစ်လွှာ ပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။ အမြန်လမ်းမကြီးတလျှောက် လမ်းလယ်ကျွန်းမိုးရေစုရေထုပ်ကန် ၈၄၂ခု၊ တံတားစုစုပေါင်း ၁၃၉၆စင်း၊ အမြန်လမ်းမကြီးအောက်ဖြတ်သန်းလိုဏ်ကြောင်း ၁၁၆ခု ရှိသည်။ အမြန်လမ်းမကြီး၏ ဝန်ခံနိုင်အားမှာ တန်၈၀ ဖြစ်ပြီး၊ တစ်နာရီ ကီလိုမီတာ ၁၀၀ (မိုင် ၆၀ နှုန်း) ဖြင့်မောင်းနှင်ရန် တွက်ချက်တည်ဆောက်ထားခြင်း ဖြစ်သည်။ သို့သော် အမြန်လမ်းမကြီးတလျှောက် လက်ဝဲစွန်း လက်ယာစွန်း(လမ်းလယ်ကျွန်းဘက်မဟုတ်) အရံယာဉ်မောင်းလိုင်း တနည်းဆိုသော် အရေးပေါ်ယာဉ်ရပ်လိုင်း နှင့် ဝင်ထွက်လမ်းအနီး ယာဉ်အရှိန်လျှော့လိုင်း၊ ယာဉ်အရှိန်ယူလိုင်း များလုံးဝမတည်ဆောက်ထားပါ။

စံချိန်စံညွှန်း

ဤ အမြန်လမ်းမကြီးတလျှောက် အသုံးပြုသော ယာဉ်စဉ်းကမ်းလမ်းညွှန်သင်္ကေတနှင့်အက္ခရာများမှာ နိုင်ငံတကာစံချိန်စံညွှန်းများနှင့် မကိုက်ညီသေးပါ။ လမ်းကွေ့များရှိ ကန့်လန့်ဖြတ်အမြင် အစေါင်းဒီကရီမှာ နည်းပါးသောကြောင့် လမ်းအပြင်သို့ ချော်ထွက်နိုင်ကြောင်း ဝေဘန်မှုများ ရှိသော်လည်း သတ်မှတ်ထားသော အမြန်နှုန်း (တနာရီ ကီလိုမီတာ ၁၀၀ သို့မဟုတ် မိုင် ၆၀) ဖြင့်သာမောင်းနှင်လျှင် ဘေးအန္တရာယ်ဖြစ်ရန်မှာ အလွန်နည်းပါးသည်။ အဝင် အထွက်လမ်းများအတွက် အမြန်လမ်းမကြီးပေါ်ရှိ တတိယ ယာဉ်မောင်းလိုင်းမှာအလွန်တိုသောကြောင့် အရှိန်လျော့ အရှိန်ယူရန် မလုံလောက်ပေ။ ဆောက်လုပ်ထားသော အနားယူစခန်း၊ ရဲစခန်း၊ စက်ဆီဆိုင် တို့မှာ နည်းပါးကာ နိုင်ငံတကာအဆင့်မှီရန် လိုအပ်ပေသေးသည်။ ညပိုင်း အမှောင်တွင် မောင်းနှင်ရန် ယာဉ်မောင်းလိုင်း နှစ်လိုင်းအကြား အင်းဂတေမြုပ် အလင်းပြန်မှန်ငယ်များသည် ဦးတည်ချက်ပြအဖြစ် အမြန်လမ်းမကြီးတလျှောက် တည်ရှိသည်။ ဤ အမြန်လမ်းမကြီးတလျှောက် လမ်းလယ်ကျွန်းမဲ့ အရေးပေါ်လေယာဉ်ပြေးလမ်းအဖြစ် အသုံးပြုနိုင်မည့် လမ်းအပိုင်း မတည်ဆောက်ထားပါ။

လမ်းအသုံးပြုခ

ဤ အမြန်လမ်းမကြီးတလျှောက် လမ်းအသုံးပြုခကောက်ခံဂိတ်များ သည် ရန်ကုန်၊ ဖြူး၊ နေပြည်တော်၊ မိထ္ထီလာ နှင့် မန္တလေး တွင်တည်ရှိသည်။ လမ်းအသုံးပြုခများမှာ ရန်ကုန်မှမန္တလေး တစ်တန်အောက်ယာဉ် ကျပ်၄၅၀၀၊ ဘတ်စကားနှင့် ၁၀တန်အောက်ယာဉ် ကျပ်၂၂၅၀၀ (၂၀၁၁နှုန်းထား) ကုန်ကျသည်။ ဤ အမြန်လမ်းမကြီးကို ကုန်တင်ယာဉ်များ မောင်းနှင်ခွင့်ပိတ်ပင်ထားသည်။

ဝေဟင်ချစ်သူ
www.facebook.com/theuseofforce

0 ကွန်မန့်ရေးရန်:

Post a Comment